ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ရာကနေ လေးကြိမ်မြောက်အထိ မြန်မာနိုင်ငံဟာ Miss Supranational ပြိုင်ပွဲကြီးနဲ့ အဝေးဆုံးမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ရာကနေ လေးကြိမ်မြောက်အထိ မြန်မာနိုင်ငံဟာ
Miss Supranational ပြိုင်ပွဲကြီးနဲ့ အဝေးဆုံးမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ငါးကြိမ်မြောက်ပွဲကြီးမှာတော့ မြန်မာအလှမယ်ဟာ နိုင်ငံတကာမယ်များနဲ့အတူ ကိုယ်ရေး
ကိုယ်သွေးတွေကို ထုတ်ဖော်ပြသလို့ ပြိုင်ပွဲဝင်နေပါပြီ။
ကမ္ဘာ့နိုင်ငံပေါင်း ၉၈ နိုင်ငံကို ကိုယ်စားပြုပြီး အလှမယ်ပေါင်း ၉၈ ဦး ပါ၀င်ယှဉ်ပြိုင်တဲ့ Miss Supra-
national 2013 ပြိုင်ပွဲကြီးကို ဩဂုတ်လ ၁၇ ရက်နေ့ကစတင်ကာ စက်တင်ဘာ ၈ ရက်နေ့အထိ
ဘီလာရုစ်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုမယ်အဖြစ် ခင်ဝင့်ဝါက ပါ၀င်
ယှဉ်ပြိုင်နေပြီဖြစ်ပါတယ်။
ခုလိုမျိုး ပါ၀င်ပြိုင်ပွဲဝင်နိုင်ဖို့အတွက် ပြည်တွင်းက ပြိုင်ပွဲဝင်ပေါင်း ၁၀၀ ကျော်ထဲကမှ အဆင့်ဆင့်
ယှဉ်ပြိုင်ခဲ့ပြီး အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ပြီးတော့မှ ရွေးချယ်ခံရတာပါလို့ ပြိုင်ပွဲအတွက်
မြန်မာနိုင်ငံကနေ မထွက်ခွာခင်မှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ခင်ဝင့်ဝါက ပြောကြား
ခဲ့ပါတယ်။
"ဉာဏ်စမ်း မေးခွန်းတွေ၊ အလှမယ်နဲ့ အလှမယ်ပြိုင်ပွဲ တွေအကြောင်းတွေ၊ နောက် နိုင်ငံတကာ
ဗဟုသုတတွေအကြောင်း ဖြေဆိုယှဉ်ပြိုင်ခဲ့ရတာပါ" လို့ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ တတိယနှစ်
(ရုက္ခဗေဒ)ကျောင်းသူ ခင်ဝင့်ဝါက ပြောပါတယ်။
ယှဉ်ပြိုင်စဉ်မှာ အခက်အခဲတွေ ကြံုခဲ့ရပေမယ့် တခြား ပြိုင်ပွဲတွေလို ပွဲအကြီးအနေနဲ့ မလုပ်ဖြစ်တာ
ကြောင့် လက်ရှိမှာ သူ့အနေနဲ့ စိုးရိမ်နေတာကတော့ သူ့ကို လူတွေ မသိကြမှာကိုပဲလို့လည်း
ဆိုပါတယ်။
"တချို့ကလည်း ဒီယှဉ်ပြိုင်မှုတွေကို မသိဘဲ တခြားပြိုင်ပွဲတွေလို ပရိသတ်ရှေ့ရှိုးပွဲအကြီးကြီး
မလုပ်ခဲ့တော့ ရွေးချယ်ရာမှာ တရားမျှတမှု မရှိဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့လည်း
ဘာမေးခွန်းတွေ၊ ဘယ်လို ဗဟုသုတွေဖြေခဲ့တယ်ဆိုတာ ၀က်ဘ်ဆိုက်ကနေတစ်ဆင့် ကြည့်နိုင်
ပါတယ်"လို့ ခင်ဝင့်ဝါက ပြောပါတယ်။
နိုင်ငံတကာပွဲမှာ မြန်မာပါ၀င်နိုင်ရေးနဲ့ မြန်မာအလှမယ်ရွေးချယ်ပွဲကို စီစဉ်ဆောင်ရွက်ခဲ့တဲ့ Miss
Supranational Myanmar Organization မှ နေရှင်နယ်ဒါရိုက်တာ ကိုဟန်ဇော်လတ်က ပြိုင်ပွဲမှာ
မြန်မာနိုင်ငံက ပါ၀င်ခွင့်ကို ၂၀၁၃ ခုနှစ်၊ မေလထဲမှာ စတင်လှုပ်ရှားခဲ့ပြီး Miss Supranational
ပြိုင်ပွဲအဖွဲ့အစည်းကနေ ဇူလိုင်လအတွင်းမှာ ကိုယ်စားပြုမယ်ကို အပြီးသတ်ရွေးချယ်ဖို့ သတ်မှတ်
ခဲ့တဲ့အတွက် သူတို့ အတွက် လုံလောက်တဲ့အချိန် မရရှိခဲ့ဘူးလို့ ပြောပြပါတယ်။
ပြိုင်ပွဲအတွက် လျှောက်လွှာရှင်ပေါင်း ၁၀၀ ကျော်ထဲက အယောက် ၂၀ ကို စတင်ရွေးချယ်ခဲ့ပြီး
ဇူလိုင်လ ၁၀ ရက်နေ့ က စတင်ကာ အဆင့်ဆင့်ရွေးချယ်ခဲ့ပြီး နောက်ဆုံးရွေးချယ်မှုကို ဇူလိုင်လ
၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
"အဲဒီအဖွဲ့အစည်းကို မြန်မာနိုင်ငံအနေနဲ့ ပါ၀င်ယှဉ် ပြိုင်ချင်တဲ့အတွက် အရင်ဆက်သွယ်တယ်။
ဟိုကနေ မေလ ဒုတိယပတ်မှာ ခွင့်ပြုချက်ရတယ်။ ခွင့်ပြုတယ်ဆိုတာက ဒီဘက်ကနေ အလှမယ်
ကို ရွေးပို့နိုင်တယ်။ ပို့တာကို သူတို့စည်းကမ်းချက်နဲ့အညီ ပြန်ရွေးမယ်ပေါ့။ ဟိုကနေ မေးခွန်း
တွေလည်း ပို့ပေးတယ်။ ဒီကနေ နောက်ဆုံးရွေးလိုက်တဲ့ တစ်ယောက်ကို ၁၈ ရက်နေ့မှာ ပို့ပေး
လိုက်တယ်။ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံကို လက်ခံလိုက်ပြီဆိုတာ တရားဝင် စာပြန်ရတယ်။
၀က်ဘ်ဆိုက်မှာလည်း ထည့်သွင်းကြေညာထားတယ်"လို့ ပြိုင်ပွဲဝင်ဖို့အတွက် လုပ်ဆောင်ခဲ့ပုံကို
ပြောပြပါတယ်။
ပြိုင်ပွဲအတွက် လက်ခံကြောင်း ပြန်စာရရှိပြီး နောက်တစ်နေ့မှာပဲ ခင်ဝင့်ဝါအတွက် စခန်းသွင်း
လေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
သူတို့ရဲ့ ကြိုးစားမှု ရလဒ်အဖြစ် နိုင်ငံတကာက မယ်ပြိုင်ပွဲစီစဉ် သူတွေရဲ့ နွေးထွေးတဲ့ လက်ခံ
ကြိုဆိုမှုတွေနဲ့ အားပေးမှု၊ အကူအညီတွေရခဲ့သလို ပြည်တွင်းကလူတချို့ရဲ့ အထင်လွဲမှုတွေနဲ့
ကောလာဟလတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
"တချို့ကလည်း ပရိသတ်တွေ အများကြီးနဲ့ နောက်ဆုံး အဆင့်ကိုတောင် မယ်ရွေးပွဲ မလုပ်ပြနိုင်
ခဲ့တဲ့အတွက် ကျွန်တော်တို့ကို မယုံကြည်ကြဘူး။ ကျွန်တော်တို့လည်း နောက်ဆုံးအဆင့်
မယ်ရွေးပွဲကြီးကို မလုပ်ချင်ဘဲ ဘယ်နေပါ့မလဲ။ ဒါပေမဲ့ နောက်ကွယ်မှာ အခက်အခဲတွေအများကြီး
ရှိပါတယ်။ ပိုက်ဆံရှိရုံနဲ့လည်း ပွဲထလုပ်လို့ မရပါဘူး။ ကျွန်တော်တို့ ကြိုးစားခဲ့တဲ့အတွက် Miss
Supranational 2013 ပြိုင်ပွဲကလည်း သတ်မှတ်ထားတဲ့ ပြိုင်ပွဲဝင်အဖြစ် လက်ခံခဲ့ပါပြီ။ ဒါပေမဲ့
ကျွန်တော်တို့နိုင်ငံကို ကိုယ်စားပြုပေးမယ့် မယ်တစ်ယောက်အတွက် ပရိသတ်ရဲ့အားက အရမ်း
အရေးကြီးတဲ့အတွက် သူ့ကို အားပေးစေချင်ပါတယ်" လို့ ကိုဟန်ဇော်လတ်က ပြောပါတယ်။
သူက မြန်မာနိုင်ငံမှာ မယ်နဲ့မော်ဒယ်ရဲ့ ကွဲပြားခြားနားမှုကို သေသေချာချာမသိကြသေးဘူး
လို့လည်း ဆိုလိုက်ပါတယ်။
"မယ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်စားပြုသူ၊ အဲဒီ နိုင်ငံမှာ ရှိတဲ့သူတွေရဲ့ လူထုပုံရိပ်နဲ့ သူ့နိုင်ငံက
အမျိုးသမီးတွေအားလုံးရဲ့ အသိတရား၊ အလှအပထင်ဟပ်နေသူ တစ်ယောက် ဖြစ်ပါတယ်။
နိုင်ငံတကာမယ်ပြိုင်ပွဲတွေကို စိတ်ဝင်စားခဲ့တဲ့ ကျွန်တော်တို့က မြန်မာနိုင်ငံသူတွေရဲ့ အလှအပနဲ့
ဗဟုသုတပြည့်စုံမှုတို့ကို နိုင်ငံတကာကို ပြသချင်တာကြောင့် ဒီပွဲကို စီစဉ်ဖြစ်ခဲ့တာပါ"လို့လည်း
သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ်။
ခင်ဝင့်ဝါကတော့ နိုင်ငံတကာပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့တဲ့
နန်းခင်ဇေယျာကို အားကျမိတာကြောင့် ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တာပါလို့ ဆိုပါတယ်။
"မနန်းခင်ဇေယျာကို အရမ်းအားကျပါတယ်။ သူ့ကို မြန်မာပရိသတ်တွေ အရမ်းအားပေးခဲ့သလို
ခင်ဝင့်ဝါကိုလည်း အားပေးစေချင်ပါတယ်။ ဒါပေမဲ့ ခင်ဝင့်ဝါ ရခဲ့တဲ့ ပြိုင်ပွဲအတွက်အထောက်အပံ့
တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် သူက အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ခဲ့ရတာပါ"လို့
ပြောပါတယ်။
Miss Supranational အလှမယ်ပြိုင်ပွဲကို World Beauty Association ရဲ့ အသိအမှတ်ပြုမှုနဲ့
၂၀၀၉ ခုနှစ်က ပိုလန်နိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာ ပေးအပ်မယ့်ဆုတွေကတော့ မယ်ဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆုတွေအပြင်
အထူးဆု၊ ရိုးရာဝတ်စုံဆု၊ ညနေခင်း ပွဲတက်ဝတ်စုံဆုနဲ့ ပရိသတ် အားအပေးဆုံးဆု တွေပဲ
ဖြစ်ပါတယ်။
ပြိုင်ပွဲအတွက် ရွေးချယ်ရာမှာ တစ်နိုင်ငံ တစ်ယောက်သာ ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရမှာဖြစ်တဲ့
အတွက် ဒုတိယနေရာက ရှိနေခဲ့တဲ့ ထားထက်ထက်ကိုတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ
နို၀င်ဘာလ ၃ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပမယ့် Miss Grand International 2013
ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်စေမယ်လို့ ကိုဟန်ဇော်လတ်က ပြောပါတယ်။
















