နေဒဏ်ခံ ပန်းတို့ရဲ့ ရင်ဖွင့်စကားသံ

နေဒဏ်ခံ ပန်းတို့ရဲ့ ရင်ဖွင့်စကားသံ

ကိုယ်တွေ့ကြံုခဲ့ရတဲ့ ထောင်တွင်းအတွေ့အကြံုတွေကို မမေ့နိုင်ဘဲ စကားလုံးများနဲ့ ပြန်လည် မှတ်တမ်းတင်ထားတာတွေကို စုစည်းပြီးထုတ် ဝေလိုက်တဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း ၁၀ ဦးရဲ့  စာအုပ်တစ်အုပ်ကို စာဖတ်ပရိသတ်တွေ ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

ကိုယ်တွေ့ကြံုခဲ့ရတဲ့ ထောင်တွင်းအတွေ့အကြံုတွေကို မမေ့နိုင်ဘဲ စကားလုံးများနဲ့ ပြန်လည်
မှတ်တမ်းတင်ထားတာတွေကို စုစည်းပြီးထုတ် ဝေလိုက်တဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း ၁၀ ဦးရဲ့
စာအုပ်တစ်အုပ်ကို စာဖတ်ပရိသတ်တွေ ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

'နေဒဏ်ခံပန်းသတင်း' လို့အမည်ပေးထားတဲ့စာအုပ်ကို ဒီမိုကရေစီ လှုပ်ရှားမှု လမ်းကြောင်းကြီး
တစ်ခုလုံးမှာ ပါ၀င်ပတ်သက်ခဲ့တာကြောင့် အကျဉ်းကျခဲ့ရတဲ့ စာရေးဆရာမ စမ်းစမ်းနွဲ့
(သာယာဝတီ) နဲ့အတူ ငယ်မမသန်း၊ ချိုနွယ်ဦး၊ ခင်မကြီး၊ မိုမိုအေး(M.S.C)၊ ပြံုးပြံုးအေး၊ မသီတာ
(၉၆)၊ ခင်ငြိမ်းသစ်၊ မာမာဦး နဲ့ မေအိခင်(လယ်ဝေး)တို့ရဲ့ အကျဉ်းကျစဉ်မှာ ဖြစ်တည်ကြီးထွားလာ
ခဲ့တဲ့ ရင်ထဲကဆူးလေးတွေကို စာသားများအဖြစ် ရင်ဖွင့်ဖြေလျှော့ထားတာတွေ ကို ဖတ်ရှုကြရမှာ
ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ရေးသားထုတ်ဝေကြတဲ့ စာအုပ်တွေများစွာထဲကမှ အမျိုးသမီး
တွေချည်း ပါ၀င်ရေးသားထားတဲ့ စာအုပ်ဖြစ်နေတာက ထူးခြားမှုတစ်ခုပဲ ဖြစ်ပါတယ်။

သာယာဝတီ စမ်းစမ်းနွဲ့ဟာ 'တစ်ကောင်တည်းပေမယ့် ခြင်္သေ့'၊ 'မဟူရာအကျဉ်းထောင်' စတဲ့
စာအုပ်တွေနဲ့ လူသိများခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုကြောင့် ၁၉၈၉ ကနေ ၁၉၉၀ ပြည့်နှစ် အထိ
တစ်ကြိမ်၊ ၁၉၉၄ ကနေ ၂၀၀၁ ခုနှစ်တစ်ကြိမ် စုစုပေါင်းထောင် နှစ်ကြိမ် ချခံခဲ့ရသူဖြစ်ပါတယ်။

"နိုင်ငံရေးအကျဉ်းသား တော်တော်များများက ကိုယ်ပိုင်အတွေ့အကြံုတွေကို စာအုပ်တွေထုတ်ကြ
တယ်။ နာမည်ကြီးတဲ့သူတွေနဲ့ ပရိသတ်အများသိတဲ့ သူတွေလောက်ပဲ ထုတ်နိုင်ကြပါတယ်။
အန်တီရဲ့ ဖြတ်သန်းမှုလေးအကြောင်းကို ရေးသားပေးဖို့ ထုတ်ဝေသူတွေက ပြောကြတယ်။ ဒါပေမဲ့
အန်တီက မရေးလိုသေးဘူး။ လူမသိ သူမသိ (သို့မဟုတ်) လူနည်းနည်းပါးပါး သိတဲ့ အကျဉ်းသူ
အကျဉ်းသားတွေ အများကြီးရှိပြီး သူတို့ရဲ့ ဖြတ်သန်းမှုတွေက အင်မတန် ခါးသီးပါတယ်။ သူတို့
အကြောင်းလေးတွေကို တတ်နိုင်သမျှ မှတ်တမ်းတင်ချင်သေးတယ်" လို့ စာရေးဆရာမ စမ်းစမ်းနွဲ့
(သာယာဝတီ)က မြန်မာတိုင်း(မ်)ကို ပြောပြပါတယ်။

ဒါကြောင့် သူနဲ့အတူ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အင်းစိန်အကျဉ်းထောင်ရဲ့ တိုက်ထဲမှာ အတူတူ
နေခဲ့တဲ့ အကျဉ်းသူလေးတွေထဲက စာရေးသားချင်တဲ့သူတချို့ရဲ့ ခံစားချက်လက်ရာတွေကို
ရွေးထုတ်စုစည်းပြီး 'နေဒဏ်ခံ ပန်းသတင်း'ကို ထုတ်ဝေခဲ့တာလို့လည်း ဆိုပါတယ်။

ကျန်ကိုးဦးမှာ စာရေးဆရာစစ်စစ်ကြီးတွေ မဟုတ်ကြတာကြောင့် သူတို့ရေးထားတာတွေကို
ပြန်လည်တည်းဖြတ်တာမျိုး ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

"ထောင်ထဲမှာကြံုခဲ့ရတဲ့ ခါးသီးမှုတွေကို ပြောပြချင်နေတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။
ဒါပေမဲ့ သူတို့မှာ ပြောပြဖို့ အခွင့်အရေး မရဘူး ဖြစ်နေကြတယ်"လို့လည်း ပြောပါ တယ်။

"နိုင်ငံရေး အကျဉ်းသူပဲဖြစ်ဖြစ် အကျဉ်းသားပဲဖြစ်ဖြစ် ထောင်ထဲမှာ ဒုက္ခခံရတာချင်းတော့ တူပါ
တယ်။ ဒါပေမဲ့ အကျဉ်းသူဟာ မိခင်တစ်ယောက်ဖြစ်မယ်ဆို သူထောင်ထဲရောက်လာတဲ့အခါ
နောက်ပိုင်းမှာ ကျန်ခဲ့တဲ့မိသားစုက ဖရိုဖရဲဖြစ်တာများပါတယ်။ အန်တီ့ကိုယ်တွေ့ ပြောရမယ်ဆိုရင်
သားသမီးတွေက သူတို့ဟာ သူတို့ ထိန်းကျောင်းနိုင်တဲ့အရွယ်ဆိုတော့ သိပ်ပြီး ကစဉ့်ကလျား
မဖြစ်ခဲ့ပါဘူး။ တချို့မိသားတွေက ဒါမျိုးတွေ ဖြစ်တာကို တွေ့ရပါတယ်" လို့လည်း ပြောပြပါတယ်။

အကျဉ်းထောင်ထဲရောက်ရင် အမျိုးသားရော၊ အမျိုးသမီးပါ ဒုက္ခခံရတာတွေတူပေမယ့် ယောကျ်ား
တစ်ယောက်ထောင်ထဲရောက်ရင် သူ့အမျိုးသမီးက ထောင်ထဲက ယောကျ်ားကိုလည်း ကူညီနိုင်တဲ့
အပြင် အိမ်မှာကျန်ခဲ့တဲ့ သား သမီးတွေကိုလည်း ထိန်းသိမ်းနိုင်တယ်လို့ ဆိုပါတယ်။

"အမျိုးသမီး တစ်ယောက် အကျဉ်းကျရင် ပိုလာတာက အမျိုးသမီးတွေမှာ အာဝေနိက ဒုက္ခဆိုတာ
ရှိတယ်။ ဖမ်းသွားရင် အများအားဖြင့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပါသွားတယ်။ ဟိုမှာလဲစရာ၊
ဖယ်စရာမရှိဘူး။ မိန်းကလေးကိစ္စတွေ ဖြစ်လာတဲ့အခါမှာ ဒုက္ခအကြီးအကျယ် ဖြစ်တယ်။ ရုံးထုတ်
တရားရင်ဆိုင်ရတဲ့အခါ တော်တော်ကိုလူ့ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းအောင် ဖန်တီးထားတဲ့
စနစ်ကြီးကို အန်တီအခုထိ နာကြည်းနေတုန်းပဲ" လို့လည်း ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)က
ပြောပါတယ်။

'နေလောင်ခံ ပန်းသတင်း' စာအုပ်မှာ ပါ၀င်ရေးသားခဲ့တဲ့ မချိုနွယ်ဦး ကလည်း သူမရဲ့ အကျဉ်းသူ
ဘဝဖြတ်သန်းမှုကို အခုလိုပြောပြပါတယ်။

"ပထမ ရက် ၅၀ ချုပ်ထားတဲ့ အချိန်မှာ တော်တော်ဒုက္ခခံရပါတယ်။ ထောင်ကပေးတဲ့ဝတ်စုံနဲ့
ကျွန်မကိုယ်လုံးနဲ့က လုံးဝမတော်တော့ အမျိုးသမီးကိစ္စဖြစ်တဲ့အခါ ငါးရက်လုံးလုံး နံနံစော်စော်နဲ့
အဲဒီထမိန်ကိုပဲ လှည့်ဝတ်ရတယ်" လို့ ပြောပြပါတယ်။

အကျဉ်းကျနေတဲ့သူ တစ်ယောက်တည်းသာ ဒုက္ခရောက်ရတာမဟုတ်ဘဲ အိမ်မှာကျန်ခဲ့တဲ့ မိဘ
တွေဟာလည်း ဘယ်သွားသွား အနောက်ကနေ အလိုက်ခံနေရတာကြောင့် မလုံခြံုမှုကို ခံစားခဲ့ရ
တယ်လို့ ဆိုပါတယ်။

"အဖေနဲ့ အမေ ထောင်ဝင်စာလာတွေ့ရင်လည်း သူတို့ကို လူကြီးသူမ ဆိုပြီး ရိုရိုသေသေ မဆက်
ဆံဘူး။ မြေကြီးမှာ ထိုင်စောင့်ခိုင်းထားတယ်။ ကျွန်မက ဒါကိုမြင်ပြီး အရမ်း စိတ်ဆင်းရဲ ရပါတယ်။
တစ်ခါတစ်ရံမှာ ကျွန်မကြိုက်တဲ့ အစားအစာလေး ယူလာရင်လည်း အဝကနေ သိမ်းလိုက်တော့
သူတို့ကျွေးချင်တာလေး ကျွန်မ မစားလိုက်ရတာကိုမြင်ရင် အမေနဲ့ အဖေ ခမျာ တော်တော်
စိတ်ဒုက္ခ ရောက်ရရှာပါတယ်"လို့ မချိုနွယ်ဦးက ပြောပြပါတယ်။

နောက်ထပ် စာရေးသူတစ်ဦးဖြစ်တဲ့ မပြံုးပြံုးအေးကတော့ သူ့ခင်ပွန်းနဲ့ သူမတို့နှစ်ဦးစလုံး
အကျဉ်းကျနေစဉ် ကျန်ခဲ့တဲ့ သမီးလေး သုံးယောက်ကို စောင့်ရှောက်ပေးတဲ့ မိခင်ကြီး ရုတ်တရက်
ကွယ်လွန်သွားခဲ့တဲ့ အဖြစ်ဆိုးမျိုး ကြံုတွေ့ခဲ့ရသူ ဖြစ်ပါတယ်။ ထောင်ကျ တိုက်ပိတ် နိုင်ငံရေး
အကျဉ်းသားတော်တော်များများဟာ အကျဉ်းထောင်ထဲမှာ စာပေငတ်မွတ်တဲ့ အချိန်တွေကို
ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်လို့ ဒေါ်စမ်းစမ်းနွဲ့က ပြောပြပါတယ်။

"စာဖတ်ချင်တဲ့အခါ ဆေးပေါ့လိပ်တွေ မှာရတယ်။ သတင်းစာစက္ကူနဲ့ လိပ်ထားတဲ့ ဆေးပေါ့လိပ်တို
အစီခံကို ဖြန့်ပြီး စာတိုပေစလေး တစ်လုံးရရ၊ နှစ်လုံးရရ ဖတ်ရပါတယ်။ ကံဆိုးချင်ရင်တော့
ဟိုဆေးလိပ် အစီခံမှာလည်း ဒီစာသား၊ ဒီဆေးလိပ်အစီခံမှာလည်း ဒီစာသားပဲ။ ကံကောင်းချင်ရင်
တော့ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး အပြင်မှာဖြစ်နေတာလေးတွေကို အရိပ်အမြွက်လောက်တော့
သိရတယ်" လို့ ပြောပြပါတယ်။

'နေဒဏ်ခံ ပန်းသတင်း' စာအုပ်ကို လင်းလွန်းခင် စာပေတိုက်မှ ထုတ်ဝေပြီး တစ်အုပ်ကို
ကျပ်၂,၅၀၀ နဲ့ ၀ယ်ယူအားပေးနိုင်ပါတယ်။

ကျန်ရှိနေသေးတဲ့ အမေ့ခံ အကျဉ်းသူ၊ အကျဉ်းသားတွေရဲ့ ထောင်တွင်း ဖြတ်သန်းမှုတွေကိုလည်း
'နေဒဏ်ခံ ပန်းသတင်း ၂' အဖြစ် ဆက်လက် ထုတ်ဝေသွားမယ်လို့ သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး