လူတိုင်းရဲ့ရင်ထဲ တစ်နေရာမှာ ရှိနေမယ့် သူ... 'မင်းလူ'

လူတိုင်းရဲ့ရင်ထဲ တစ်နေရာမှာ ရှိနေမယ့် သူ... 'မင်းလူ'

ဩဂုတ်လရဲ့ ရက်စက်မှုနောက်တစ်ခု.. ဆရာမင်းလူ ပါသွားပြန်ပြီ။ အယူသီးတာ မဟုတ်ပေမယ့် ဒီလကို ကြောက်လာမိတယ်။ မြန်မြန်ကုန်ပါတော့ ဩဂုတ်ရယ်။ နောက်ထပ်လည်း ဘယ်သူကိုမှ မခေါ်ပါနဲ့တော့ ..ချမ်းသာပေးပါတော့။

ဩဂုတ်လရဲ့ ရက်စက်မှုနောက်တစ်ခု.. ဆရာမင်းလူ ပါသွားပြန်ပြီ။ အယူသီးတာ မဟုတ်ပေမယ့်
ဒီလကို ကြောက်လာမိတယ်။ မြန်မြန်ကုန်ပါတော့ ဩဂုတ်ရယ်။ နောက်ထပ်လည်း ဘယ်သူကိုမှ
မခေါ်ပါနဲ့တော့ ..ချမ်းသာပေးပါတော့။

စာပေအသိုင်းအဝိုင်းထဲက ရင်းနှီးသူတွေက 'ကိုဉာဏ်'လို့ ချစ်စနိုး ခေါ်လေ့ရှိတဲ့ အချစ်၊ ဟာသ
စာရေးဆရာ၊ ကဗျာဆရာ မင်းလူဟာ ဩဂုတ်လ ၁၄ ရက်နေ့၊ ည ၁၁ နာရီ ၁၅ မိနစ် မှာ ကွယ်လွန်
သွားခဲ့ပါပြီ။

ကင်ဆာ ရောဂါကို ကာလရှည်ကြာ ခံစားနေရပြီး ၀ိတိုရိယဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ်မှာပဲ
ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၀ သာ ရှိသေးတာပါ။ သဘာဝတရားပေမယ့် အသွားစောတာမို့ သူ့ကို
ချစ် ခင်သူတွေမှာ ဖြေမဆည်နိုင်အောင် ခံစားကျန်ခဲ့ရတာပါ။

"သူ့အကြောင်း ပြောရရင်တော့ အမှတ်တရတွေ အများကြီးပါပဲ။ ကိုဉာဏ် ကြာကြာမနေရဘူး
ဆိုတာ အစောကြီးကတည်းက သိနေပေမယ့် ဆုံးသွားပြီလို့ ကြားလိုက်ရတဲ့အချိန်မှာတော့
စိတ်ထဲမှာ အံ့ဩတုန်လှုပ်မိတယ်။ ၀မ်းလည်းနည်းမိတယ်။

ခွတီးခွကျနေတတ် ပြောတတ်တဲ့ သူ့ကျမှကြံကြံဖန်ဖန် ဒီရောဂါမျိုး ခံစားရပါလားဆိုပြီး
စိတ်မကောင်းဖြစ်မိတယ်"လို့ ဆရာမင်းလူရဲ့ ကလောင်ဖက်တစ်ဦးဖြစ်တဲ့ စာရေးဆရာ မသီတာ
(စမ်းချောင်း)က သူမရဲ့ဝမ်းနည်းမှုကို ဝေမျှပြောပြပါတယ်။

အတည်ပေါက်နဲ့ ဟာသလုပ်တတ်ပြီး လွယ်အိတ်ဟောင်းလေး တစ်လုံး လွယ်လို့ အမြဲတွေ့ရ
တတ်တဲ့ ရိုးရိုးကုပ်ကုပ် ဆရာမင်းလူဟာ အင်တာဗျုးတွေနဲ့ သတင်းစာရှင်းလင်းပွဲတွေကို ရှောင်လေ့
ရှိပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ၀ိဇ္ဇာဘွဲ့(ဒဿနိကဗေဒ)ဘာသာရပ်ကို သင်ကြားနေစဉ်မှာဘဲ တက္ကသိုလ်
နံရံ ကပ်စာစောင်တွေနဲ့ နှစ်ပတ်လည်မဂ္ဂဇင်းတွေမှာ တောကျောင်းဘုန်းကြီးအမည်နဲ့ ကဗျာတွေ
ရေးပြီး ကလောင်စသွေးခဲ့သူလည်း ဖြစ်ပါတယ်။

အမည်ရင်းက မောင်ဉာဏ်ပေါ် ဖြစ်ပြီး ဖခင် ရုပ်ရှင်ဒါရိုက်တာ ဦးသာဓု နဲ့ မိခင်ကျောင်းအုပ်
ဆရာမကြီး ဒေါ်ခင်ညိုတို့ရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။ အစ်ကိုသုံးယောက်ထဲက မောင်ဝဏ္ဏနဲ့
သုမောင်ကတော့ သူ့ အရင်သွားနှင့်ကြပြီဖြစ်ပါတယ်။

"သူဟာ သာမန်အချစ်နဲ့ ဟာသပဲ ရေးတတ်တဲ့ စာရေးဆရာတစ်ယောက် မဟုတ်ပါဘူး။
ခေတ်အလိုက် သမိုင်းက တောင်းဆိုလာရင် ရေးသင့်ရေးထိုက်လို့ ရေးဖို့ လက်မနှေးတာကို သူရဲ့
သရော်ကဗျာ 'ဘာတွေဖြစ်ကုန်ကြပြီလဲ'မှာ ထင်ဟပ်ပြနေပါတယ်"လို့ ဆရာမ မသီတာ
(စမ်းချောင်း)က ပြောပါတယ်။

ဆရာမင်းလူဟာ ထိုခေတ်အခြေအနေကို ထင်ဟပ်ပြတဲ့ 'ဘာတွေဖြစ်ကုန်ကြပြီလဲ' ကဗျာကို
၁၉၈၉ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။ ဆင်ဆာမလွတ်ဘဲ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ တရားဝင်
ဖော်ပြခွင့်မရတာကြောင့် လူအများကြားထဲ လက်ကမ်းဖြန့်ဝေရင်း အရမ်း အောင်မြင်ခဲ့တယ်
လို့လည်း ဆိုပါတယ်။

ထိုကဗျာကြောင့်ပဲ ရေးသားသူ ဆရာမင်းလူ၊ စာရေးဆရာ မျိုးမြင့်ညိမ်းနဲ့ ပုံနှိပ်ဖြန့်ဝေသူတို့ အဖမ်းခံ
ခဲ့ရတယ်လို့ ဆရာမက ဆက်ပြောပြပါတယ်။

"အချစ်ဟာသရေးတဲ့ စာရေးဆရာတွေ အများကြီးရှိပေမယ့် ဆရာဟာ နောက်ထပ်ထွက်ပေါ်လာဖို့
မျှော်လင့်လို့ မရနိုင်တော့တဲ့ စာရေးဆရာတစ်ယောက်ဖြစ်တာကို သူ့ရဲ့ရေးဟန်နဲ့ အားထုတ်မှုမှာ
တွေ့နိုင်ပါတယ်။ သူ့ရဲ့အရေးအသားတွေဟာ တခြားသာမန်အချစ်နဲ့ ဟာသစာရေးဆရာတွေနဲ့ လုံးဝ
မတူပါဘူး။ ဆရာဟာ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းသွားခဲ့သလို သူ ပေးဆပ်သလောက် ရင်းစားပြန်
မလိုချင်တဲ့ သူတစ်ယောက်ပါ" လို့လည်း ဆိုပါတယ်။

မင်းလူကလောင်နဲ့ လုံးချင်းဝတ္ထု 'ပန်းကျောင်း'ကို ၁၉၇၇ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပြီး ၂၀၀၁
ခုနှစ်ထိ လုံးချင်း ၄၀ ကျော် ထွက်ရှိခဲ့ပါတယ်။

သူ့ရဲ့ ၀တ္ထုတော်တော်များများကို ရုပ်ရှင်အဖြစ် ဖန်တီးကာ အောင်မြင်ခဲ့ပါတယ်။

ဆရာမင်းလူဟာ ကဗျာဆရာဘဝကို ပိုလို့နှစ်သက်သူဖြစ်ပြီး သူရေးခဲ့ဖူးသမျှ ကဗျာတွေထဲမှာ
'ဗိုလ်ချုပ်ဈေး ငွေစာရင်းရှင်းတမ်း' နဲ့ 'တာဝန်မှ ရပ်စဲခြင်းခံရသော နှလုံးသား'တို့ဟာ ဆရာ့ရဲ့ ကဗျာ
ပါရမီရင့်ကျက်မှုကို ထင်ဟပ်ပြနေတဲ့ လက်ရာကောင်းတွေပဲ ဖြစ်ပါတယ်။

ဆရာ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်တဲ့နေ့မှာ ဆရာမ သန်းမြင့်အောင်က သူတို့ရင်ထဲမှာ
ဆရာမင်းလူဟာ ဘယ်တော့မှ မသေပါဘူးလို့ ဆိုခဲ့သလိုပဲ လူတိုင်းဟာ သူ့အကြောင်းကို အမြဲ
ပြောဖြစ်နေမှာ မသေချာပေမယ့် ရင်ထဲမှာတော့ 'မင်းလူ'ဆိုတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ
ပျောက်ကွယ်သွားနိုင်မှာ မဟုတ်တာကတော့ တကယ့်ကို သေချာပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး