မြို့လယ်ကောင် ပန်းဆိုးတန်းလမ်းမကြီးဟာ ရန်ကုန်မြို့ရဲ့ အစည်ကားဆုံး လမ်းတွေထဲက တစ်ခု ဖြစ်သလို ကိုလိုနီခေတ် လက်ကျန်အဆောက်အအုံတွေလည်း တော်တော်များများ တွေ့နိုင်သေးတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
မြို့လယ်ကောင် ပန်းဆိုးတန်းလမ်းမကြီးဟာ ရန်ကုန်မြို့ရဲ့ အစည်ကားဆုံး လမ်းတွေထဲက တစ်ခု
ဖြစ်သလို ကိုလိုနီခေတ် လက်ကျန်အဆောက်အအုံတွေလည်း တော်တော်များများ တွေ့နိုင်သေးတဲ့
နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဒီလမ်းမကြီးပေါ်မှာ အစိုးရရုံးတွေ တည်ရှိသလို၊ ဆိုင်ခန်းကြီး၊ ငယ်တွေ၊ စားသောက်ဆိုင်တွေ
ဆိုတာလည်း အမျိုးစုံပါပဲ။
ဒါတွေတင်မကဘဲ ဒီလမ်းမကြီးရဲ့ ထူးခြားမှုက စာအုပ်ဆိုင်တွေနဲ့ ပန်းချီပြခန်းတွေ တည်ရှိတာပဲ
ဖြစ်ပါတယ်။
လောကနတ်နဲ့ ပန်းဆိုးတန်းပန်းချီ ပြခန်းတွေက ဒီလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ အထင်ကရ ပြခန်း
တွေဖြစ်သလို အင်းဝ စာအုပ်တိုက်၊ စာပေလောက စာအုပ်ဆိုင်တွေကလည်း သက်တမ်းရင့်
စာအုပ်ဆိုင်တွေ ဖြစ်ကြပါတယ်။
ခုတော့ ဒီလမ်းမပေါ်မှာ နောက်ထပ်ပြခန်းတစ်ခု ထပ်တိုးလာပါပြီ။
သူ့အမည်ကို "The Last Leaf" လို့ပေးထားပါတယ်။
တိုက်အမှတ် ၂၆၈၊ အပေါ်ဘလောက် မှာတည်ရှိတဲ့ စစ်ပြီးခေတ် အဆောက်အအုံကြီးတစ်လုံးရဲ့
ဒုတိယထပ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး မြေညီထပ်နဲ့ အပေါ်ထပ်တွေကို ဆက်သွယ်ထားတဲ့
သစ်သားလှေကားက လူတစ်ယောက် စာအတွက်ပဲ နေရာကျယ်ပါတယ်။
ဒုတိယထပ် ရောက်ပြီဆိုရင်တော့ ညာဘက်အခြမ်းကို ကြည့်လိုက်ရင် "Greenthumb
Knowledge Center" ဆိုတဲ့ ဆိုင်းဘုတ်တစ်ခုကို တွေ့ရပါလိမ့်မယ်။
သူ့အနောက်က အခန်းက ပြခန်းတည်ရှိရာနေရာပဲ ဖြစ်ပါတယ်။
ပြခန်းအမည် ဆိုင်းဘုတ်ကိုတော့ အဆောက်အအုံအပြင် မျက်နှာစာမှာသာ ချိတ်ဆွဲထားပါတယ်။
အဲဒီအခန်းထဲကို စာရေးသူ ရောက်သွားချိန်မှာတော့ ၀င်ပေါက်ဝနားက ကုလားထိုင်တစ်လုံးမှာ
ကျောင်းသား၊ ကျောင်းသူတွေကို ပျော်ပျော်ပါးပါး စာသင်ပေးနေတဲ့ အသားဖြူဖြူနဲ့ လူလတ်ပိုင်း
အရွယ်အမျိုးသားတစ်ဦးကို တွေ့လိုက်ရပါတယ်။
သူကတော့ ပြခန်းတည်ထောင်သူ ကိုမျိုးမင်းထွန်း ပဲ ဖြစ်ပါတယ်။
အခန်းရဲ့ပတ်ပတ်လည်မှာတော့ ပန်းချီကားတချို့ ချိတ်ဆွဲထားပါတယ်။
ဒီအခန်းလေးထဲမှာ ကိုမျိုးမင်းထွန်း က ၀င်ငွေနိမ့်ပါးတဲ့ မိသားစုအတွက် ပညာရေးကို အာရုံမထား
နိုင်ဘဲ ရုန်းကန်အလုပ်လုပ်နေရတဲ့ လူငယ်တွေကို ၂၀၁၂ ခုနှစ်ကတည်းက စကာ အခမဲ့အင်္ဂလိပ်စာ
သင်ကြားပေးနေခဲ့တာဖြစ်ပြီး ပြခန်းကိုတော့ ဒီနှစ် ဇူလိုင်လထဲကျမှ တိုးချဲ့ဖွင့်လှစ်လိုက်တာ
ဖြစ်ပါတယ်။
ဒီတော့ ဒီအခန်းလေးကို စာသင်ခန်းတစ်ဖြစ်လဲ ပန်းချီ ပြခန်းလေးအဖြစ် သမုတ်ရမှာ ဖြစ်ပါတယ်။
"ကျွန်တော့ သူငယ်ချင်းက ပုဇွန်တောင်မြို့နယ်မှာ "Culture Bridge" ပန်းချီပြခန်း တစ်ခုကို
နှစ်နှစ်ကျော်ကြာ ဖွင့်ခဲ့ပါတယ်။ အဲဒီနေရာက ချောင်ကျတော့ ပန်းချီကားတွေ မရောင်းရဘူး။
ဒါကြောင့် ကျွန်တော်က ကူညီတဲ့အနေနဲ့ ကျွန်တော့ စာသင်ခန်းနံရံမှာ သူ့ပန်းချီကားတွေ
ချိတ်ပေးပြီး ပြခန်းအဖြစ် ဖွင့်လှစ်လိုက်တာပါ" လို့ ကိုမျိုးမင်းထွန်းက ပြောပါတယ်။
"The Last Leaf" လို့ ပြခန်းအမည်ကို ရွေးချယ်ဖြစ်တာကတော့ သူ အထက်တန်းကျောင်းသား
ဘဝက သင်ခဲ့ရတဲ့ စာရေးဆရာ အိုဟန်နရီရဲ့ "The Last Leaf" ၀တ္ထုတိုကို စွဲလမ်းပြီး အရင်ပြခန်း
အမည်ဖြစ်တဲ့ "Culture Bridge" ကို မပေးဖြစ်ဘဲ ၀တ္ထုခေါင်းစဉ်ကို ယူပေးဖြစ်တာလို့ဆိုပါတယ်။
ပြခန်းမှာ သူစုဆောင်းထားတဲ့ ပန်းချီကားတွေနဲ့ "Culture Bridge" ပြခန်းက ပန်းချီကားတွေကို
စုပေါင်း ချိတ်ဆွဲထားပြီး သူကိုယ်ပိုင် စုဆောင်းထားတဲ့ ပန်းချီကားတွေကိုတော့ ပြသဖို့အတွက်သာ
ချိတ်ဆွဲထားတာဖြစ်ပြီး ရောင်းချဖို့ မရည်ရွယ်ဘူးလို့ ဆိုပါတယ်။
ပန်းဆိုးတန်း ပန်းချီပြခန်း တည်ထောင်သူ ပန်းချီ ဦးအောင်စိုးမင်းရဲ့ ညီဖြစ်တဲ့ ကိုမျိုးမင်းထွန်းက
ပန်းဆိုးတန်းလမ်းမကြီးကို စာပေ၊ အနုပညာရှင်တွေ ကျက်စားရာနေရာအဖြစ် အနုပညာလမ်း
ကလေးတစ်လမ်း ဖြစ်စေချင်တယ်လို့လည်း ဆိုပါတယ်။
"ညဘက် အကင်စားချင်ရင် တရုတ်တန်းကို သွားရသလို ပန်းချီနဲ့ပတ်သက်ပြီး လေ့လာချင်ရင်
ပန်းဆိုးတန်းကို လာရသလိုမျိုး ဖြစ်စေချင်တယ်။ ပန်းဆိုးတန်းလမ်းကို ပန်းချီလမ်းလေးလို့ တွင်စေ
ချင်တယ်။ ပန်းဆိုးတန်း အောက်လမ်းမှာရှိတဲ့ လောကနတ် ပန်းချီပြခန်းက အစပြုလို့ ကျွန်တော့်
အစ်ကိုက ဒုတိယမြောက်ပန်းဆိုးတန်း ပန်းချီပြခန်းကို ဖွင့်တယ်။ ကျွန်တော် ကလည်း အခု
နောက်ထပ် "The Last Leaf" ကို တတိယမြောက် ဖွင့်ခဲ့တယ်"လို့ ကိုမျိုးမင်းထွန်းက
ပြောပါတယ်။
"ကျွန်တော်က ကျောင်းဆရာ သက်သက်ဖြစ်ပြီး ပန်းချီနဲ့ ပတ်သက်လို့ ခံစားတတ်ရုံကလွဲရင်
ပန်းချီအကြောင်း ဘာမှမသိပါဘူး။ ပန်းဆိုးတန်းလမ်းဟာ ရန်ကုန်မြို့ပေါ်က အနုပညာလမ်းလေး
တစ်ခု ဖြစ်စေချင်တဲ့ဆန္ဒရယ်၊ ကျွန်တော့်ကျောင်းကလည်း ပန်းဆိုးတန်းလမ်းမှာ ရှိတာရယ်ကြောင့်
သူငယ်ချင်းကို ပန်းချီခန်းအဖြစ်သုံးဖို့ အခန်းမျှပေးခဲ့တာပါ။ ပန်းဆိုးတန်းလမ်းပေါ်မှာ ပန်းချီပြခန်း
တွေ တိုးလာစေချင်တဲ့ ဆန္ဒလည်း ပါပါတယ်"လို့လည်း ပြောပါတယ်။
















