ဗီဒီယို ထုတ်လုပ်၊ ဖြန့်ချိရေးလုပ်ငန်းရှင်များ၊ စက်အဖွဲ့သားများနဲ့ အခြေခံ သရုပ်ဆောင်များ အယောက် ၄၀ ကျော် စုပေါင်းပြီး ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်မှာ မနက် ၁၁ နာရီက စတင်ပြီး ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီးရှိ ဧမာနွေလ ဘုရားကျောင်းရှေ့မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌဖြစ်တဲ့ ဦးလူမင်းနဲ့ အမှုဆောင်အဖွဲ့ကို ရာထူးမှ ...
ဗီဒီယို ထုတ်လုပ်၊ ဖြန့်ချိရေးလုပ်ငန်းရှင်များ၊ စက်အဖွဲ့သားများနဲ့ အခြေခံ သရုပ်ဆောင်များ
အယောက် ၄၀ ကျော် စုပေါင်းပြီး ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်မှာ မနက် ၁၁ နာရီက စတင်ပြီး
ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီးရှိ ဧမာနွေလ ဘုရားကျောင်းရှေ့မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး
(ဗဟို) ဥက္ကဋ္ဌဖြစ်တဲ့ ဦးလူမင်းနဲ့ အမှုဆောင်အဖွဲ့ကို ရာထူးမှနုတ်ထွက်ပေးဖို့အတွက် ဆန္ဒထုတ်ဖော်
ခဲ့ကြပါတယ်။
ဆန္ဒပြရခြင်း အကြောင်းရင်းမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ အာဏာရှင်ဆန်စွာ အုပ်ချုပ်ပုံ
နည်းလမ်းများကို မကျေနပ်တာကြောင့်ဖြစ်ပြီး ကျောက်တံတားမြို့နယ်ရဲစခန်းနဲ့ ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့ရဲ့ တရားဝင်ခွင့်ပြုချက်ရယူပြီးမှ ယခုလိုမျိုးဆန္ဒပြပွဲကို ပြုလုပ်ခြင်းဖြစ်တယ်လို့
ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဆုဗွီဒီယိုထုတ်လုပ်ရေးမှ ဒေါ်စန်းစန်းမော်က ပြောပါတယ်။
သူက အရင်က ရန်ကုန်တိုင်းဗီဒီယို အခြခံအဖွဲ့ ဥက္ကဋ္ဌဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့မှာ
တာဝန်ကရပ်စဲ ခံခဲ့ရတာဖြစ်ပါတယ်။
အကြောင်းရင်းကတော့ ရန်ကုန်တိုင်း ဗီဒီယိုအခြေခံ အဖွဲ့အောက်မှာရှိတဲ့ မြောက်ဥက္ကလာပ ဗီဒီယို
အခြေခံအဖွဲ့ဥက္ကဋ္ဌကို အဖွဲ့အစည်းဆုံးဖြတ်ချက်နဲ့ ထုတ်ပယ်ခဲ့ပြီး နောက်နေ့မှာပဲ အလုပ်ပြန်ခန့်ဖို့
အမိန့်ကျလာရာ ပြန်မခန့်ဖြစ်တဲ့အတွက် နောက်တစ်နေ့မှာ အစည်းအရုံး ဥက္ကဋ္ဌက သူ့ကို ရာထူးက
ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ ဒေါ်စန်းစန်းမော်က ဆိုပါတယ်။
"ကျွန်မ တစ်ယောက်တည်းရဲ့ သဘောနဲ့ ထုတ်ပယ်ခဲ့တာ မဟုတ်ပါဘူး။ အဖွဲ့အစည်းရဲ့
ဆုံးဖြတ်ချက်နဲ့ပါ။ သူ့ရဲ့လုပ်ဆောင်ချက် မှားယွင်းနေတာ တွေကိုလည်း ကျွန်မမှာ သက်သေတွေ
ရှိပါတယ်။ သူ့ကို ထုတ်ပယ်စာ ဩဂုတ် ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်။ ရ ရက်နေ့မှာ
မြောက်ဥက္ကလာပ ဗီဒီယိုအခြေခံ အဖွဲ့ဥက္ကဋ္ဌနဲ့ တခြားလူ ၂၀ လောက် အစည်းအရုံးကို
လာတိုင်တယ်။ ကျွန်မ က ဖြေရှင်းဖို့ စောင့်နေပေမယ့် ကျွန်မကို လာမခေါ်ပါဘူး။ ၈ ရက်နေ့မှာ
မြောက်ဥက္ကလာပ ဥက္ကဋ္ဌကို ပြန်ခန့်ဖို့ အတွင်းရေးမှူးက စာထုတ်ခဲ့ပါတယ်။ နောက်ပြီး ကျွန်မကို
ဘာမှမေးမြန်းခြင်း မရှိဘဲ ဦးလူမင်းက ကျွန်မကို ရာထူးက ရပ်ဆိုင်းလိုက်ကြောင်း စာထုတ်ပြန်
လိုက်ပါတယ်။ ဘယ်လောက် အာဏာရှင်ဆန်တဲ့ လုပ်ရပ်ပါလဲ" လို့ ဒေါ်စန်းစန်းမော်က
ပြောပါတယ်။
"အခုလက်ရှိ ရုပ်ရှင်အစည်းအရုံးရဲ့ လုပ်ရပ်တွေဟာ ပွင့်လင်းမှန်ကန်မှု မရှိဘဲ ကိုယ့်လူကိုယ်
ဦးစားပေးတဲ့ ဖြစ်ရပ်တွေလည်း ရှိနေပါတယ်။ ကျွန်မက ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့
ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတုန်း မဟုတ်မမှန်တာ လုပ်ထားလို့ မသင်္ကာရင် သက်ဆိုင်ရာ
နဲ့ စစ်ဆေး နိုင်ပါတယ်။ အခုလက်ရှိ ရုပ်ရှင်အစည်း အရုံးရဲ့စနစ်ဟာ အရမ်းကိုအာဏာဆန်ပါတယ်။
အဲဒါကြောင့် နုတ်ထွက်ပေးဖို့ တောင်းဆိုတာပါ"လို့လည်း ဆက်ပြောခဲ့ပါတယ်။
"ကျွန်မ ၁၂ ရက်နေ့ညမှာ ဗဟန်းမြို့ နယ်ရဲစခန်းကိုသွားပြီး ရုပ်ရှင်အစည်း အရုံးကို ပုဒ်မ ၈/၂၀၂ နဲ့
အမှုဖွင့်ထားပါတယ်"လို့လည်း ဒေါ်စန်းစန်းမော်က ဆိုပါတယ်။
ဆန္ဒပြပွဲမှာ ပါ၀င်ခဲ့တဲ့ မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ဦးဝင်းကို ကလည်း မြန်မာနိုင်ငံရုပ်ရှင်
အစည်းအရုံးရဲ့ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုကို ရုပ်ရှင်လောကသားတွေ လက်မခံနိုင်ဘူး
ဆိုတဲ့အကြောင်းကို နိုင်ငံတော်အကြီးအကဲတွေနဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းတွေ သိစေချင်တာ
ကြောင့် ဒီဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
"လိုချင်တာကတော့ အခုလက်ရှိ ရှိနေတဲ့အဖွဲ့အစည်းတွေ ဆင်းပေးဖို့ပါပဲ"လို့ သူက ဆိုပါတယ်။
"လက်ရှိရုပ်ရှင်အစည်းအရုံးရဲ့ အမှုဆောင်သစ် လက်ထက်မှာ ကျွန်တော်တို့ လုပ်ငန်းတွေ ကျဆင်း
သွားခဲ့ရတာကြောင့် အစည်းအရုံးရဲ့ လုပ်ရပ်ဟာ မအောင်မြင်ခဲ့ဘဲ ပြန်လည်ရွေးချယ်ပြီး ဖွဲ့စည်းပုံကို
ပြန်လည်ပြင်ဆင်သွားဖို့ လိုအပ်တယ်"လို့လည်း သူက ထပ်လောင်း ပြောကြားလိုက်ပါတယ်။
မဟော်ဂနီ ဗီဒီယိုထုတ်လုပ်ရေးမှ ကိုဂျမန်းကလည်း NGO အဖွဲ့အစည်းတစ်ခုရဲ့ ဥက္ကဋ္ဌတစ်ယောက်
ဟာ အသက် ၅၀ မပြည့်ဘဲ လုပ်ခွင့်မရှိဘူးဆိုတာ လွှတ်တော်မှာ သတ်မှတ်ထားသလို သူတို့
အနေနဲ့လည်း ဥက္ကဋ္ဌနေရာမှာ ရင့်ကျက်ပြည့်ဝပြီး အတွေ့အကြံုရှိသူမျိုးကိုပဲ လိုအပ်တယ်လို့
ဆိုပါတယ်။
"ကိုလူမင်းက သရုပ်ဆောင် တစ်ယောက်ဖြစ်လို့ အတ္တရှိနိုင်တယ်။ ကျွန်တော်တို့က ရန်သူတွေ
လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ထုတ်လုပ်သူတွေ အဆင်ပြေဖို့ ကိုလူမင်း ဆင်းပေးပါ"လို့ ပြောပါ
တယ်။
ဦးဝင်းကိုက သူတို့အနေနဲ့ (ဦး)လူမင်းနေရာမှာ ပရဟိတလုပ်ငန်းကို အားကြိုးမာန်တက်နဲ့
လုပ်ကိုင်နိုင်တဲ့ သူ၊ အမှန်တရားကို ဆုံးဖြတ်နိုင်တဲ့သူ၊ နောက် ရုပ်ရှင်သမိုင်းကြောင်းကို အစအဆုံး
သိနားလည်တဲ့သူမျိုးကို အလိုရှိတယ်လို့ ဆိုပါတယ်။
"သူကတော့ ကိုကျော်သူပဲ" လို့ ဦးဝင်းကိုက ပြောပါတယ်။
ဆန္ဒပြသူတွေထဲမှာ ဇာတ်ပို့ သရုပ်ဆောင်တွေလည်း ပါ၀င်ပြီး သူတို့ကတော့ ဆင်ဆာခွင့်ပြုချက်နဲ့
ပတ်သက်ပြီး တရားမျှတမှု မရှိတဲ့အပေါ် ထုတ်ဖော်ပြောဆိုကြပါတယ်။
"ကျွန်တော်တို့ဆို ရုပ်ရှင်တစ်ကားမှာ ဖြတ်လျှောက်နဲ့ တခြားဇာတ်ပို့ခန်းတွေလောက်ပဲ ပါတာပါ။
အဲလိုမျိုး လူတွေကို ဆံပင်ဟိုအရောင် မဆိုးရဘူး၊ အတိုအပြတ်တွေ မဝတ်ရဘူးနဲ့ အမျိုးမျိုး
ဆင်ဆာအကြောင်းတွေ လာလာပြောပါတယ်။ ဒါပေမဲ့ အခုလက်ရှိ ထွက်နေတဲ့ ဗီဒီယိုကားတွေဆို
မင်းသား၊ မင်းသမီးတွေ အဖော်အချွတ်တွေ ပါတယ်။ နမ်းရှုပ်နေတဲ့ အခန်းတွေတောင် ခွင့်ပြု
ပေးထားပါတယ်။ ဘာလို့ အဲလိုမျိုး ခွဲခြားတာလဲ။ အဲဒါတွေကို အဓိကမကျေနပ်လို့ အခုလိုဆန္ဒပြ
ရခြင်းဖြစ်ပါတယ်"လို့ ဇာတ်ပို့ သရုပ်ဆောင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်မှ မဟုတ်ဘဲ ပါ၀င်ဆန္ဒပြသူတစ်ဦးကတော့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဗီဒီယို
အခြေခံအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးဇော်ဝင်း ဖြစ်ပါတယ်။
"မွန်ပြည်နယ်မှာ လာရောက်ပြုလုပ်သွားတဲ့ ဗီဒီယိုအခြေခံအဖွဲ့ ပြန်လည် ဖွဲ့စည်းတာကလည်း
လုံးဝတရားမျှတမှု မရှိပါဘူး။ ကျွန်တော်တို့က မဲပေးခွင့်ရှိလို့ ပေးချင်ပါတယ်လို့ တောင်းဆိုတာ
တောင် ပေးခွင့်မရှိခဲ့ပါဘူး။ အဲသလိုပဲ မဲပေးခွင့်မရခဲ့တဲ့ မြို့နယ်တွေလည်း အများကြီးပါ။ သူတို့
နည်းလမ်း မမှန်လို့ ကျွန်တော်တို့က ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်"လို့ ပြောပါတယ်။
ဆန္ဒထုတ်ဖော်ပွဲကို ပါ၀င်ထောက်ခံသူတွေ ရှိသလို ရှုတ်ချသူတွေလည်း ရှိပါတယ်။ ဒါရိုက်တာဝိုင်း
ကတော့ "လုံးဝကို ရှုတ်ချတယ်"လို့ သူ့ရဲ့ဖေ့စ် ဘွတ်ခ်စာမျက်နှာမှာ ရေးတင်ထားပါတယ်။
"အခု ဆန့်ကျင်ဆန္ဒပြခြင်းဟာ အာဏာရရန်အတွက် ကြိုးပမ်းနေသော လူတစ်စု၏ လုပ်ရပ်တစ်ခု
သာဖြစ်တာကြောင့် မိမိအပါအဝင် အနုပညာကို ချစ်မြတ်နိုးသူ လူအများစုမှ လုံးဝရှုတ်ချတယ်"လို့
ဒါရိုက်တာဝိုင်း က ရေးသားထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ ဦးလူမင်းကတော့ ဆန္ဒထုတ်ဖော်မှုဟာ ဒီမိုကရေစီကို
သွားတဲ့ခေတ်မှာ နိုင်ငံသားတွေရဲ့ လုပ်ပိုင်ခွင့်ဖြစ်တာကြောင့် အဲဒီအပေါ် ကန့်ကွက်စရာ၊ သဘော
မတူစရာ မရှိပါဘူးလို့ ဩဂုတ်လ ၂၆ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
"ဆန္ဒပြတဲ့ဖြစ်စဉ်အတွက် အသေးစိတ် လေ့လာ သုံးသပ်ပြီးပါပြီ။ ဒါပေမဲ့ အဲဒီဆန္ဒထုတ်ဖော်မှုကို
လေ့လာကြည့်လိုက်တော့ ဆယ်လွှာသော ရုပ်ရှင်လောကသားတွေကို ကိုယ်စားပြုတာ မတွေ့ရ
ဘူး။ ရုပ်ရှင်လောကသား မဟုတ်တဲ့ လူတွေကိုလည်း တွေ့ရတယ်။ အဲတော့ ရုပ်ရှင်အစည်းအရုံး
သဘောထားကတော့ အားလုံးကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်ဘူး။ ဒါပေမဲ့ အဲဒီလူနည်းစုရဲ့
ဆန္ဒဆိုတာကိုလည်း အစ်ကိုတို့အနေနဲ့ ပစ်ပယ်ထားမှာ မဟုတ်ပါဘူး။ အခုလောလောဆယ်တော့
အဲဒီပေါ်မှာ အစ်ကိုတို့ သဘောထားကိုပဲ ပြောနိုင်ပါသေးတယ်။ နောက်ဆက်လက်လုပ်ဆောင်မယ့်
ကိစ္စတွေကိုတော့ မထုတ်ပြန်နိုင်သေးပါဘူး"လို့ ပြောပါတယ်။
ဆန္ဒထုတ်ဖော်ခဲ့သူတွေဟာ 'မြန်မာ့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အလိုမရှိ'၊ 'ကိုယ့်အခွေကိုယ်ရောင်း
လာဘ်စားတဲ့ ဗီဒီယို(ဗဟို) အလိုမရှိ'နဲ့ 'တရားမဲ့ အုပ်ချုပ်တဲ့ ဗီဒီယို(ဗဟို) အလိုမရှိ' စတဲ့
စာတန်းပါ တီရှပ်များ ၀တ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့သစ်ကို ၂၀၁၂ ခုနှစ်၊ မတ်လမှာ ရွေးကောက်ဖွဲ့စည်းခဲ့ပြီး ဧပြီလ
အတွင်းမှာ တာဝန်များကို စတင် လက်ခံ ခဲ့တာဖြစ်ပါတယ်။
ယင်းအချိန်မှာ ဥက္ကဋ္ဌအဖြစ် ဦးဇင်ဝိုင်းက တာဝန်ယူခဲ့သော်လည်း ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ
ကျန်းမာရေး အခြေအနေကြောင့် ရာထူးက အနားယူခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဖြစ်တဲ့ ဦးလူမင်းက
တာဝန်လွှဲပြောင်း ရယူခဲ့တာဖြစ်ပါတယ်။
ခုလိုမျိုး မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးကို ရုပ်ရှင်လောကသားတွေက တရားဝင် ဆန္ဒထုတ်ဖော်ပြီး
ဆန့်ကျင်တာဟာ မြန်မာ့ရုပ်ရှင် သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။
















