ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် ကားရိုက်ပိတ်ခံရတဲ့ကိစ္စ အကြောင်းရင်းမှန်က ဘာလဲ

ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် ကားရိုက်ပိတ်ခံရတဲ့ကိစ္စ အကြောင်းရင်းမှန်က ဘာလဲ

မင်းကိုနိုင်ရဲ့ ဇာတ်လမ်း 'မမပြံုး ပြံုးစမ်းပါ' ကို ဒါရိုက်တာကြည်ဖြူသျှင်နဲ့အပြိုင် ဗီဒီယိုကားရိုက်ကူးမိရာမှ ကြိုတင်ခွင့်မတောင်းသူ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဇာတ်ကား ရိုက်ကူးခွင့် သုံးလပိတ်လိုက်တဲ့စာကို ထုတ်ပြန်ခဲ့ပါတယ်။

မင်းကိုနိုင်ရဲ့ ဇာတ်လမ်း 'မမပြံုး ပြံုးစမ်းပါ' ကို ဒါရိုက်တာကြည်ဖြူသျှင်နဲ့အပြိုင် ဗီဒီယိုကားရိုက်ကူး
မိရာမှ ကြိုတင်ခွင့်မတောင်းသူ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကို မြန်မာနိုင်ငံရုပ်ရှင်
အစည်းအရုံးမှ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဇာတ်ကား ရိုက်ကူးခွင့် သုံးလပိတ်လိုက်တဲ့စာကို
ထုတ်ပြန်ခဲ့ပါတယ်။

အဖြစ်အပျက်ကတော့ တစ်ချိန်တုန်းက ယင်းဝတ္ထုကို ညွှန့်မြန်မာညီညီအောင်ကပဲ နှစ်ကြိမ်ရိုက်ကူး
ခဲ့ဖူးပြီး ပထမတစ်ကြိမ်မှာ ဒွေးနဲ့ ထွန်းအိန္ဒြာဗို၊ ဒုတိယအကြိမ်မှာ ထွန်းထွန်း၊ နန္ဒာလှိုင် တို့နဲ့
ရိုက်ကူးခဲ့ပြီး ယခုအကြိမ်မှာတော့ မာန်ထက်ချီ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ 'နှလုံးသားပေါ်ကြွေတဲ့ကြယ်'
(ယာယီ ဇာတ်ကားနာမည်) နာမည်ပေးကာ ဟိန်းဝေယံ၊ သက်မွန်မြင့်တို့နဲ့ ရိုက်ကူးခဲ့တာဖြစ်ပါ
တယ်။

တစ်ဖက်မှာလည်း မင်းကိုနိုင်ရဲ့ ဇာတ်လမ်းကိုပဲ ဇာဂနာက ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ
ကြည်ဖြူသျှင်က 'မမပြံုး ပြံုးစမ်းပါ'ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းဖန်တီးနေခဲ့တာ ဖြစ်ပါတယ်။

မာန်ထက်ချီ ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင်ဖြစ်သူ ဦးဝင်းကိုက ညွန့်မြန်မာ ညီညီအောင်အနေနဲ့
ရိုက်ကူးဖူးသား ဇာတ်လမ်းဖြစ်တာကြောင့် နောက်မှပဲ ခွင့်တောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ဇာတ်ကားကို အရင်ရိုက်ကူးခဲ့ရာက ခုလိုမျိုးဖြစ်သွားရတာပါလို့ ဆိုပါတယ်။

"ညွန့်မြန်မာ ညီညီအောင်ဆိုတာက အနုပညာလောကမှာ ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့
အလုပ်လုပ်နေတဲ့ ၀ါရင့်ဒါရိုက်တာ တစ်ယောက်ပါ။ အဲတော့ သူ့ကို ယုံကြည်ပြီး ဇာတ်လမ်း၊
ဇာတ်ညွှန်းနဲ့ ဒါရိုက်တာလုပ်ပိုင်ခွင့်တွေကို အပ်လိုက်တာပေါ့။ အဲဒီတော့ ထုတ်လုပ်ရေးအပိုင်း
ကတော့ ပြီးသွားပြီ။ ဇာတ်လမ်းအပိုင်းကတော့ သူ့ အပိုင်းပေါ့။ အခုဖြစ်တဲ့ကိစ္စကိုလည်း သူက
ပွင့်ပွင့်လင်းလင်း အကုန်ပြောပါတယ်"လို့ ပြောပါတယ်။

"ဇာတ်ကားရိုက်ကူးပြီး နောက်ပိုင်းမှ ကိုဇာဂနာနဲ့ တွေ့လို့ ခွင့်တောင်းတော့မှ ကြည်ဖြူသျှင်က
ဒီဝတ္ထုကိုဝယ်ပြီး ရိုက်ကူးနေမှန်း သိတာပေါ့။ အဲတော့ ထုတ်လုပ်ရေးပိုင်းအနေနဲ့ အဲဒါတွေမသိဘူး။
ကားပြီးသွားတဲ့အချိန်မှာ ကားဆက်တယ်။ အဲဒီ နောက်မှာတော့ ဆင်ဆာ၊ ကြည့်ရှု၊ ထောက်ခံ
ဆိုပြီးတော့မှ ရုပ်ရှင်အစည်းအရုံးမှာ ဆင်ဆာတင်ဖို့အတွက် ဦးတို့ ထောက်ခံချက်ယူရတယ်။
သူတို့ဆီက ထောက်ခံချက်ပါမှ မြန်မာ့ရုပ်ရှင် လုပ်ငန်းက ဆင်ဆာကြည့်ပေးတာလေ။ ပုံမှန်
တစ်ပတ်လောက်ပဲကြာတဲ့ ထောက်ခံချက်ယူတာက ပြီးခဲ့တဲ့ ဇွန်လကတည်းက ခုဆို နှစ်လကျော်
သွားပြီး ဒီလိုမျိုးတွေလည်း ဖြစ်လာတယ်"လို့ ဦးဝင်းကိုက ပြောပါတယ်။

အစပိုင်းမှာ ဇာဂနာက တိုင်ကြားခဲ့တာကြောင့် အပိတ်ခံရတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်
ဧရာဝတီမီဒီယာရဲ့သတင်းမှာ ဇာဂနာက "ကြံကြီးစည်ရာဗျာ။ ကျွန်တော် ဘယ်သူ့ကိုမှ ဘာကိစ္စနဲ့မှ
မတိုင်တတ်ပါဘူး။ တိုင်လည်း မတိုင်ဖူးပါဘူး"လို့ ပြောကြားထားသလို "ကျွန်တော့်ဆီကို မနေ့က
စာတစ်စောင် ရောက်လာတယ်။ ကိုညီညီအောင် အပိတ်ခံရတဲ့စာ။ ကျွန်တော် တော်တော် အံ့အား
သင့်တယ်။ ကျွန်တော်က နဝတ လက်ထက်မှာ သုံးနှစ်တစ်ခါ၊ ငါးနှစ်တစ်ခါ၊ ရာသက်ပန်တစ်ခါ
အနုပညာလုပ်ပိုင်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ကောင်ပါ။ ကျွန်တော့်လိုမျိုး ဘယ်သူမှအဖြစ်မခံစေချင်ပါဘူး"
လို့လည်း ပြောကြားထားပါတယ်။

လွန်ခဲ့တဲ့လေးလက သူနဲ့ မင်းကိုနိုင် မန္တလေးရောက်နေစဉ်မှာ ညွန့်မြန်မာ ညီညီအောင်က
ဇာတ်ကားနဲ့ ပတ်သက်ပြီး ဖုန်းဆက်တောင်းပန်တာကြောင့် သူကလည်း ဇာတ်လမ်းပိုင်ရှင်ဖြစ်တဲ့
မင်းကိုနိုင်ကို ပြောပေးမယ့်အကြောင်းနဲ့ ကြည်ဖြူသျှင်ကားထွက်ပြီးတော့မှ ဆက်လုပ်ဖို့ အကြောင်း
ကိုလည်း ပြောခဲ့တယ်လို့ ပြောကြားထားပါတယ်။

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ (ဦး)လူမင်းက ညွန့်မြန်မာညီညီအောင်ကို အနုပညာလုပ်ဆောင်ခွင့်
ပိတ်လိုက်ခြင်းမှာ ဦးစီးအမှုဆောင်အဖွဲ့တွေအနေနဲ့ အချက်များစွာပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချ
ခဲ့ကြတာပါလို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"တချို့ဂျာနယ်တွေမှာ သတင်းတွေထုတ်ပြန်တဲ့အခါ ဒီလို ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ပြန်လိုက်တဲ့
အခါ လက်လွတ်စပယ်ဖြစ်တယ်လို့ အဓိပ္ပာယ်သက်ရောက်ပြီး ဖော်ပြကြတယ်။ အမှန်တော့
အဲဒီလိုမဟုတ်ပါဘူး။ ထုတ်လုပ်ရေးဘက်ကလည်း သူတို့မှာ တာဝန်မရှိပါဘူး။ ဒါရိုက်တာကို ၀တ္ထု၊
ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းအကုန်လုံးကို အနုပညာကြေးအပြည့်အဝ ပေးချေပြီးဖြစ်တယ်လို့ပြောပါ
တယ်။ ဆင်ဆာကြည့်ရှု ခွင့်ထောက်ခံချက်အတွက် အစည်းအရုံးက ကြန့်ကြာရခြင်းအကြောင်း
ကိုလည်း သူတို့ဘက်က စာနဲ့တင်ပြီး မေးလာပါတယ်။

"ဒီလိုပဲ တစ်ဖက်က ဇာတ်လမ်းက တာဝန်ယူထားရတဲ့ ကိုဇာဂနာ ကလည်း ဒါရိုက်တာ
ကြည်ဖြူသျှင်နဲ့ ဒီဇာတ်လမ်းကို ရောင်းချပြီးဖြစ်တဲ့အတွက် တစ်ဖက်က ရုပ်ရှင်ကို ဆင်ဆာ
ကြည့်ရှုခွင့်မပေးဖို့ ကန့်ကွက်စာ တင်ထားပါတယ်။ မဟာထွန်း ထုတ်လုပ်ရေးကလည်း သူတို့
ဘက်က တရားဝင် ၀ယ်ပြီး ရိုက်ကူးတာဖြစ်တဲ့အတွက် သူတို့ကားနဲ့ ဇာတ်လမ်း တစ်ပုံစံတည်း
ရိုက်ကူးထားတဲ့ ဇာတ်ကားကို ဆင်ဆာကြည့်ရှုခွင့် ဆိုင်းငံ့ထားဖို့ တောင်းဆိုထားတာတွေရှိပါ
တယ်။ အဲလိုတောင်းဆိုမှုတွေ အားလုံးအရ ရုပ်ရှင်အစည်းအရုံးမှာ ဖြေရှင်းပေးရမယ့် တာဝန်တွေ
ရှိတယ်။ အဲဒီအချိန်မှာ ကာယကံရှင် ဒါရိုက်တာကလည်း သူ့ရဲ့ အပြစ်တစ်ခုသာဖြစ်တယ်၊ အပြစ်
ပေးမယ်ဆိုလည်း သူ့ကိုသာပေးပါလို့ ၀န်ခံတင်ပြစာပေးတယ်။ အဲဒီအချက်တွေပေါ် မူတည်ပြီး
ဒီဆုံးဖြတ်ချက်ကို ချလိုက်တာပါ"လို့ (ဦး)လူမင်းက ပြောပါတယ်။

ဒါရိုက်တာညွန့်မြန်မာ ညီညီအောင် အနေနဲ့ ရုပ်ရှင်အစည်းအရုံးမှာ လာရောက်ညှိနှိုင်းပြီဆိုတာနဲ့
ထုတ်ပြန်ချက်ကို ချက်ချင်းဖြေလျှော့ပေးသွားဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါသေးတယ်။

"ဒီလိုမျိုးဆုံးဖြတ်ချက်ကို ချခဲ့တယ် ဆိုတာကလည်း ဇာတ်လမ်းကို တာဝန်ယူထားတဲ့ ကိုဇာဂနာ၊
ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်နဲ့ ဥက္ကဋ္ဌဖြစ်တဲ့ကိုယ်နဲ့ တွေ့ဆုံညှိနှိုင်းပြီးတာနဲ့ ချက်ချင်း
ထုတ်ပြန်ချက်ကို ဖြေလျှော့ပေးဖို့ အဆင့်သင့်စောင့်နေတာ။ ကိုဇာဂနာ က ရုပ်ရှင်အစည်းအရုံးကို
စာတင်ထားပါတယ်။ ဒီနေ့၊ ဒီအချိန်ထိ သူ့ဇာတ်လမ်းကို တရားဝင် လာရောက်ခွင့်တောင်းခြင်း၊
၀ယ်ယူခြင်း လုံးဝမရှိသေးပါဘူးတဲ့။ သူ့အနေနဲ့ တရားဝင် ကိုညီညီအောင်က လာရောက်တွေ့ဆုံ
တာနဲ့ 'ကန့်ကွက်ရန် မရှိဘူးဆိုတဲ့'စာကို ချက်ချင်းရေးပေးပါမယ်။ ဒါပေမဲ့ ကာယကံရှင်က
အခုချိန်ထိ အဲသလိုလုပ်ရပ်မျိုး လုပ်ဆောင်ခြင်း ဒီနေ့အထိ မရှိသေးပါဘူး"လို့ ပြောပါတယ်။

မာန်ထက်ချီမှ ဦးဝင်းကိုက ညွန့်မြန်မာ ညီညီအောင်အနေနဲ့ အစည်းအရုံးထံ စာတင်လိုက်ခြင်းဟာ
ကြန့်ကြာနေတဲ့ ဆင်ဆာခွင့်ပြုချက်ရရှိဖို့အတွက် ထောက်ခံချက်ရရှိအောင် ခွင့်ပြုဖို့ တောင်းခံတာ
ဖြစ်တယ်လို့ ဆိုပါတယ်။

"ကိုညီညီအောင်က တခြားလူဆိုရင်တော့ ကြိုတင်ခွင့်တောင်းပြီး ရိုက်ကောင်းရိုက်နိုင်မှာပေါ့လေ။
အခုက လူအရင်းကြီး ဖြစ်နေတာကြောင့် ဒီလူနဲ့ ဒီလူနောက်မှ ပြောလိုက်မယ်ဆိုပြီးထားလိုက်
တာပေါ့။ အဲတော့ သူက သူ့ရဲ့ ပေါ့လျော့မှုကြောင့်သာဖြစ်တယ်၊ အခုကိစ္စက မာန်ထက်ချီနဲ့ မဆိုင်
ပါဘူး။ ဆင်ဆာကြည့်ရှုတဲ့ ထောက်ခံချက်ရအောင် ခွင့်ပြုပေးဖို့ ဆိုပြီး ရုပ်ရှင်အစည်းအရုံးကို
စာတင်လိုက်တာပေါ့။ ဦးတို့ကိုလည်း အဲဒီစာကို ကော်ပီကူးပြီး ပေးထားတယ်" လို့ ပြောပါတယ်။

တမင်သက်သက် မသမာတဲ့အနေနဲ့ ပြုလုပ်လိုက်တာ မဟုတ်တာကြောင့် ခုလိုမျိုး သုံးလပိတ်ခံ
ရတယ်ဆိုတဲ့သတင်းကြီး ထွက်လာတာကြောင့်လည်း ဒါရိုက်တာ ညီညီအောင်အနေနဲ့ သိက္ခာကျ
ရပါတယ်လို့လည်း ဦးဝင်းကို ကဆိုပါတယ်။

"ဒီလိုမျိုးကိစ္စမျိုးဆိုတာ သူ့ပေါ့ လျော့မှုလေး တစ်ခုကြောင့်ပါ။ အခုဆို တိုင်တဲ့လူလည်း မရှိဘဲနဲ့
ဆိုတဲ့ ပုံစံမျိုး ဖြစ်လာတာပေါ့။ ဟိုဘက်အခြမ်းက လူတွေကလည်း အကုန်လုံးအဆင်ပြေတယ်။
ဦးတို့ဘက်ကလည်း ကြည်ဖြူသျှင်ကားထွက်ပြီးမှ ဆိုရင်တော့ ထုတ်လုပ်ရေးတစ်ခုအနေနဲ့၊
ဇာတ်တစ်ခုအနေနဲ့ မကောင်းဘူးပေါ့နော်။ ဒါပေမဲ့လည်း သူတို့ထက် အရင်ထွက်ချင်တယ်လို့
မပြောမိဘူး။ ဒါပေမဲ့ ဧရာဝတီ မီဒီယာမှာ ရုပ်ရှင်အစည်းအရုံးရဲ့ အဖြေစကားထဲမှာ ဖြေထားတယ်။
သူ့ ကားအရင်ထွက်လည်း ဦးတို့ဘက်က အချိန်ကိုကြည့်ပြီး သူနဲ့ ခပ်ခွာခွာလေး ထုတ်မှာပေါ့နော်။
အဲသလိုမျိုးပြဿနာက အဆင်ပြေနေပြီးသားအချိန်မှာ သူ့ကို ပိတ်လိုက်ပြီဆိုတဲ့စာ ထွက်လာ
တာပဲ"လို့ပြောပါတယ်။

"တကယ်တမ်းဆိုရင် ဒီလိုကိစ္စမျိုးဆိုတာ သုံးပွင့်ဆိုင် ဖြေရှင်းလိုက်ရင်ကောင်းတာပေါ့။ အဲဒါဆို
အကုန်လုံး ညှိညှိနှိုင်းနှိုင်းနဲ့ ပြဿနာကိုဖြေရှင်းပြီး နောက်ဆုံး ကိုညီညီအောင်ကို ခံဝန်ထိုးဆိုလည်း
ထိုးခိုင်းလိုက်ပေါ့။ ဒီလို ပြဿနာသေးသေးလေးကို အပြင်လောက မသိအောင် ဖြေရှင်းလိုက်ဖို့
ကောင်းပေမယ့် အခုတော့ ကိုညီညီအောင်ရဲ့ နှစ်ပေါင်းများစွာ ဂုဏ်သိက္ခာ ကျသွားတာပေါ့"
လို့လည်း ဦးဝင်းကို က ပြောပါတယ်။

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ ရုပ်ရှင်အစည်းအရုံးကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီးတဲ့နောက်
ယခုကဲ့သို့ အဖြစ်အပျက်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက်မှာတော့
အနုပညာရှင်တချို့ကို အနုပညာ အလုပ်တွေလုပ်ဆောင်ခွင့် ပိတ်ပင်ခဲ့ဖူးပါတယ်။ အနုပညာအလုပ်
ပိတ်ပင်ခံရတဲ့ အဖြစ်နဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ဒါရိုက်တာညွန့်မြန်မာ ညီညီအောင် ကို
ဆက်သွယ်ခဲ့ပေမယ့် နောက်ဆုံးအချိန်အထိ အဆက်အသွယ် မရခဲ့ပါ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး