ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရာမှာ အမြဲတမ်း တပ်ဦးတပ်ဖျားကနေ တိုက်ပွဲဝင်ခဲ့တဲ့ အသက် ၈၄ နှစ်အရွယ် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ ပုံတူပန်းပုရုပ်နဲ့ ပန်းချီကားတို့ကို ကျော်ကျော်မင်း(ပန်းပု)နဲ့အတူ ပန်းချီ ရွှေမြင့်၊ ဇော်ဝင်း(သထုံ)နဲ့ စိုးပိုင် တို့က ဆရာကြီးရဲ့ နေအိမ်မှာ ဩဂုတ် ၂၇ ရက်က ...
ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရာမှာ အမြဲတမ်း တပ်ဦးတပ်ဖျားကနေ တိုက်ပွဲဝင်ခဲ့တဲ့
အသက် ၈၄ နှစ်အရွယ် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ ပုံတူ
ပန်းပုရုပ်နဲ့ ပန်းချီကားတို့ကို ကျော်ကျော်မင်း(ပန်းပု)နဲ့အတူ ပန်းချီ ရွှေမြင့်၊ ဇော်ဝင်း(သထုံ)နဲ့ စိုးပိုင်
တို့က ဆရာကြီးရဲ့ နေအိမ်မှာ ဩဂုတ် ၂၇ ရက်က နေ့ချင်းပြီး ရေးဆွဲ ထုလုပ်ခဲ့ကြပါတယ်။
"ဆရာကြီး ဟံသာဝတီဦးဝင်းတင် က ခေတ်အဆက်ဆက်အာဏာရှင်တွေကို တော်လှန်ခဲ့ပြီး
ခေတ်အဆက်ဆက်မှာလည်း နိုင်ငံရေးအကျဉ်းသား အဖြစ် ထောင်အကြိမ်ကြိမ် ကျခဲ့ပါတယ်။
ဘဝတစ်လျှောက်လုံးမှာ အာဏာရှင်ကို တော်လှန်ခဲ့လို့ အပြင်မှာနေရတဲ့ နှစ်ကာလထက်
ထောင်ထဲမှာ နေရတဲ့ထောက်သက်က ပိုများပါတယ်။ အဘဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုး အတွက်
အဖေ့ဆီက ရခဲ့တဲ့ ပန်းပုပညာနဲ့ ထုလုပ်ခွင့်ရတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်"လို့
ကိုကျော်ကျော်မင်း (ပန်းပု)က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ပန်းပု ထုလုပ်ဖို့အတွက် ဟံသာဝတီ ဦးဝင်းတင်ကို ခွင့်တောင်းခဲ့ရာမှာ ပြံုးပြံုးပျော်ပျော်နဲ့ လက်ခံ
ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
"ဆရာကြီးကို စိတ်ဓာတ်ရေးရာအရ အပြည့်အဝ ထောက်ခံ အားပေးချင်တာလည်း ပါတယ်"
လို့လည်း သူ့ရည်ရွယ်ချက်ကို ပြောပါတယ်။
အသက် ၈၄ နှစ်ရှိပြီဖြစ်ပြီး အိပ်ရာပေါ်မှာသာ အနေများတော့တဲ့ ကာတွန်းဆရာကြီး ဦးအောင်ရှိန်ရဲ့
ပုံတူပန်းပုကိုလည်း သူ့ခုတင်ဘေးမှာပဲ ထုပေးခဲ့ပြီး ဆရာကြီးက သူ့ပုံတူပန်းပုကြီးကို ကြည့်ပြီး
အရမ်း ရွှင်လန်းတက်ကြွလာတာကို တွေ့ရတယ်လို့လည်း ကိုကျော်ကျော်မင်းက ပြောပြပါတယ်။
ဟံသာဝတီ ဦးဝင်းတင် အပါအဝင် အသက်အကြီးဆုံး ပန်းချီဆရာကြီး ဦးစန်းလှိုင်နဲ့ ပန်းချီလောကမှ
သက်ရှိထင်ရှားဆရာကြီး ၁၆ ဦးရဲ့ ပုံတူ၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ အဆိုတော်
မာမာအေး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်နဲ့ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်
ဆရာတော်ကြီး ဦးဥတ္တမတို့ရဲ့ ပုံတူတွေကိုလည်း အခကြေးငွေနဲ့ မဟုတ်ဘဲ မေတ္တာနဲ့ ထုလုပ်ပေး
ခဲ့တယ်လို့လည်း ဆိုပါတယ်။
"ကိုယ်လေးစားအားကျတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပန်းပုကို ထုလုပ်ဂုဏ်ပြုတဲ့ အလေ့အထဟာ ပန်းပုလောက
မှာ တော်တော် အားနည်းပါတယ်။ အများအားဖြင့် စီးပွားဖြစ် ထုလုပ်ကြတာ များတယ်။ အနုပညာ
လောက၊ စာပေလောကနဲ့ တခြားနယ်ပယ်က ထင်ရှားတဲ့သူတွေ ကွယ်လွန်သွားတာတောင်
သူတို့ရဲ့ ပုံတူပန်းချီနဲ့ ပန်းပု မကျန်ခဲ့ပါဘူး။ ဥပမာ - ဆရာမောင်ဝံသ၊ ဆရာကြီး ဒဂုန်တာရာတို့
ပန်းပုတွေ ရှိခဲ့သင့်တယ်" လို့ ကိုကျော်ကျော်မင်းက ပြောပါတယ်။
"ကွယ်လွန်ပြီးမှ ပန်းပုထုတာထက် သက်ရှိထင်ရှားရှိစဉ် ပုံတူထုလုပ်တာဟာ သူ့အတွက်
စိတ်ဓာတ်ခွန်အား ပေးရာရောက်သလို ဂုဏ်ပြုရာလည်း ရောက်ပါတယ်။ နောက်ပြီး ပန်းပုပညာကို
အများက စိတ်ဝင်စားလာမှာဖြစ်ပြီး ပန်းပုလောက တိုးတက်ဖို့လည်း အလားအလာ ရှိလာတာပေါ့"
လို့လည်း ပြောပါတယ်။
















