ပြည်လမ်း၊ ပဲခူးကလပ်နားမှာ တည်ရှိတဲ့ အမျိုးသားပြတိုက်ထဲက မီးရောင် ခပ်မှိန်မှိန်ထွန်းထားတဲ့ အခန်းတွေကြားထဲကမှ တတိယထပ်မှာ တည်ရှိတဲ့ ပန်းချီပြခန်းထဲမှာတော့ ပြည်တွင်းက ပန်းချီ အနုပညာရှင်တွေရဲ့ လက်ရာပန်းချီကားများကို ပြသထားပါတယ်။
ပြည်လမ်း၊ ပဲခူးကလပ်နားမှာ တည်ရှိတဲ့ အမျိုးသားပြတိုက်ထဲက မီးရောင် ခပ်မှိန်မှိန်ထွန်းထားတဲ့
အခန်းတွေကြားထဲကမှ တတိယထပ်မှာ တည်ရှိတဲ့ ပန်းချီပြခန်းထဲမှာတော့ ပြည်တွင်းက ပန်းချီ
အနုပညာရှင်တွေရဲ့ လက်ရာပန်းချီကားများကို ပြသထားပါတယ်။
၁၉ ရာစုလက်ရာတွေကစလို့ မျက်မှောက်ခေတ် လက်ရာတွေလည်းပါ၀င်သလို ပုဂံ၊ ပင်းယ၊ အင်းဝ
နဲ့ ညောင်းရမ်းခေတ်လက်ရာ နံရံဆေးရေးပန်းချီများနဲ့ ကင်းဗတ်စပေါ်မှာ ရေးဆွဲထားတဲ့ ဆရာခြံုရဲ့
ကုန်းဘောင်ခေတ် လက်ရာတွေကိုလည်း ပြသထားပါတယ်။
ပြခန်းထဲက ပန်းချီကားတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ လောက် ကတည်းက စတင် စုဆောင်းလာခဲ့
တာဖြစ်ပြီး မူလအစီအစဉ်ကတော့ အမျိုးသားပန်းချီပြတိုက်ကြီးတစ်ခု တည်ဆောက်ပြီး သီးသန့်
ထားရှိသွားဖို့ ဖြစ်ပေမယ့် ဒီကနေ့အထိတော့ အကောင်အထည်ပေါ်မလာနိုင်သေးပါဘူး။
ယဉ်ကျေးမှုဝန်ကြီးဌာနကို ၁၉၅၂ ခုနှစ်မှာ စတင်ဖွဲ့စည်းဖြစ်ခါ အတိုင်ပင်ခံ ဒေါက်တာ
နီဟာရန်ရေးလ်က အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသား ဇာတ်ရုံနဲ့ အမျိုးသား
ပန်းချီပြတိုက်ကို သီးသန့်လေးခုခွဲပြီး ဖွဲ့စည်းဖို့ အကြံပြုခဲ့ပါတယ်။
ဒေါက်တာရေးလ်ရဲ့ အကြံပေးချက်အတိုင်း ၀န်ကြီးဌာနစတင်ဖွဲ့စည်းတဲ့ ၁၉၅၂ ခုနှစ်မှာပဲ အမျိုးသား
ပြတိုက်နဲ့ အမျိုးသားစာကြည့်တိုက်ကို အရင်ဆုံး ဖွဲ့စည်းခဲ့ပြီး ကိုယ်ပိုင်အဆောက်အအုံမရှိသေးတဲ့
ပြတိုက်နှစ်ခုကို ယဉ်ကျေးမှုဝန်ကြီးဌာနရုံးစိုက်ရာ ရွှေတိဂုံဘုရားလမ်းပေါ်မှာတည်ရှိတဲ့ ဂျုဗလီဟော
(ယခု စစ်သမိုင်းပြတိုက် တည်ရှိရာနေရာ) အဆောက်အအုံထဲမှာပဲ ဖွင့်လှစ်ခဲ့ပါတယ်။
ပန်တျာကျောင်း၊ ပန်းချီ၊ ပန်းပုကျောင်းတွေဟာလည်း အဲဒီအချိန်တုန်းက အဲဒီအဆောက်အအုံထဲ
မှာပဲ ပူးတွဲပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အမျိုးသား ပန်းချီပြတိုက်ကို တည်ထောင်မယ်လို့ ရည်ရွယ်ချက်ကြီးကြီးမားမား
ရှိခဲ့တဲ့အတွက် ပြတိုက်အတွက် ပန်းချီကား စုဆောင်းမှုတွေကို စလုပ်ခဲ့တာကြောင့် အဲဒီအချိန်
ကတည်းက အမျိုးသားပန်း ချီပြတိုက်ဟာ စတင်သန္ဓေတည်ခဲ့တာ ဖြစ်တယ်လို့ အငြိမ်းစားပြတိုက်
ပညာရှင်ကြီးတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
"ဂျုဗလီဟောမှာ တစ်တွဲတည်းတည်ရှိနေတဲ့ ပန်တျာကျောင်းက တီးမှုတ်သံ၊ ဆိုသံ၊ ကခုန်တာ
တွေနဲ့ ဆူညံလို့ အမျိုးသားစာကြည့်တိုက်က နောက်ပိုင်းမှာ ခွဲထွက်ပြီး ပြောင်းသွားတယ်"လို့
သူက ဆိုပါတယ်။
အမျိုးသားစာကြည့်တိုက်ဟာ ၁၉၆၂ ခုနှစ်မှာ ပန်းဆိုးတန်းလမ်းမပေါ်က အမှတ် ၁၆၆
အဆောက်အအုံမှာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း အမျိုးသားပြတိုက်မှာ
စုဆောင်းထားတဲ့ပစ္စည်းတွေဟာ တဖြည်းဖြည်းနဲ့ များပြားလာသလို ပန်းချီပြတိုက်ကိုလည်း
ခွဲထုတ်ပြီး မဖွင့်နိုင်သေးတဲ့ အခြေအနေမှာ ပြတိုက်ကို ပန်းဆိုးတန်းလမ်းမပေါ်က အမှတ် ၂၄/၂၆
ဘဏ်အဆောက်အအုံဆီကို ၁၉၇၀ ပြည့်နှစ်မှာ ပြောင်းရွှေ့ခဲ့ပါတယ်။
"ပြောင်းရွှေ့ခဲ့တဲ့ ပန်းဆိုးတန်းလမ်းက အဆောက်အအုံရဲ့ အပေါ်ထပ် တစ်ထပ်လုံးကို ပန်းချီခန်း
အနေနဲ့ နေရာပေးထားခဲ့ပြီး အခန်းကိုလည်း ပန်းချီပြခန်းလို့ပဲ သီးသန့်အမည်ပေးထားခဲ့တယ်"လို့
၂၀၁၁ ခုနှစ်မှာ ယဉ်ကျေးမှုဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ်ကနေ အငြိမ်းစားယူခဲ့တဲ့
ပြတိုက်ပညာရှင်ကြီးက ပြောပြပါတယ်။
ပြတိုက်အတွက် ရည်ရွယ်ချက် မြင့်မြင့်မားမားချမှတ်ထားတာကြောင့် ဦးဘဉာဏ်၊ ဦးငွေကိုင်၊
ဦးစံဝင်း စတဲ့ ပန်းချီပြခန်းတွေဆိုပြီး ပန်းချီပညာရှင် အလိုက် သီးသန့်ပန်းချီခန်းတွေကိုလည်း
ပန်းဆိုးတန်း ပန်းချီပြခန်းမှာ ပြုလုပ်ခဲ့တယ်လို့လည်း သူမက ပြောပြပါတယ်။
"အဲဒီအချိန်မှာ ပန်းချီပြတိုက် အတွက် စုဆောင်းထားတဲ့ပန်းချီကား တွေကလည်း တော်တော်များ
နေပြီ။ ဒါပေမဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ အမျိုးသားပြတိုက်အတွက် နေရာရှာဖို့တောင် ခက်ခဲ
နေတဲ့အချိန်မှာ အမျိုးသားပန်းချီပြတိုက်ကို သီးသန့်ခွဲထွက်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး"လို့ ဆိုပါတယ်။
ပန်းဆိုးတန်းလမ်းက အမျိုးသားပြတိုက် အဆောက်အအုံမှာ အပေါ်ဆုံး ထပ်တစ်ထပ်လုံးဟာ
ပန်းချီကားတွေနဲ့ ပြည့်နေခဲ့တာဖြစ်ပါတယ်။
တစ်ဖက်ကလည်း အမျိုးသားပြတိုက်ဟာ ၁၉၉၀ ပြည့်နှစ်အထိတိုင်အောင်ကို သင့်တော်
ကောင်းမွန်တဲ့ အဆောက်အအုံ မရရှိခဲ့တာကြောင့် တစ်နေရာကနေ တစ်နေရာ ပြောင်းရွှေ့ရတဲ့
ဒုက္ခကို ကြံုတွေ့ခဲ့ရပါတယ်။
ပြတိုက်တွေ ဖွင့်လှစ်လာနိုင်တဲ့အထိ သိသာ ထင်ရှားတဲ့အပြောင်းအလဲမျိုး ရှိခဲ့ပေမယ့်လည်း
အမျိုးသားပန်းချီပြတိုက်ကို သီးခြား ဖွင့်လှစ်နိုင်တဲ့အထိတော့ အခြေအနေက အခွင့်မသာခဲ့ပါဘူး။
ပြတိုက်တွေကို ၀င်းခြံမရှိဘဲ အဆောက်အအုံ ငှားရမ်းပြီး ဖွင့်လှစ်ခဲ့ရာက စနစ်တကျဖြစ်လာအောင်
၁၉၉၆ ခုနှစ်မှာ ကိုယ်ပိုင်မြေနေရာနဲ့ ကိုယ်ပိုင်အဆောက်အအုံတွေ တည်ဆောက်ခွင့် ရရှိခဲ့ပါတယ်။
အမျိုးသားပြတိုက်အတွက် သီးသန့်အဆောက်အအုံကို ပြည်လမ်းပေါ်မှာ ဆောက်လုပ်ခဲ့ပေမယ့်
ပန်းချီပြတိုက်အတွက် ကိုတော့ အမျိုးသားပြတိုက်ထဲမှာ အထပ်တစ်ထပ်အနေနဲ့ပဲ နေရာရခဲ့ပြီး
ပြတိုက်အဆင့်အဖြစ် သီးသန့် အဆောက်အအုံနဲ့ ဖြစ်မလာခဲ့ဘူးလို့ ပြတိုက်ပညာရှင်ကြီးက
ပြောပါတယ်။

နေရာသစ်ကို ထပ်မံပြောင်းလာတဲ့ နောက်ပိုင်းမှာ အမျိုးသားပြတိုက် အနေနဲ့ ပန်းချီခန်းအတွက်
အထပ်တစ်ထပ်အပြင် ထပ်မံတိုးချဲ့ဖို့ နေရာ မပေးနိုင်တော့တာကြောင့် ပန်းချီကားစုဆောင်းမှုဟာ
နှေးကွေးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
"ပြတိုက် တစ်တိုက်စာ ရည်မှန်းပြီး စုဆောင်းလာခဲ့တဲ့ ပန်းချီကားတချို့ ကိုလည်း ပြသမှုနေရာ
အခက်အခဲကြောင့် စတိုခန်းထဲမှာပဲ သိမ်းဆည်းထားရတယ်"လို့လည်း ဆိုပါတယ်။
ဒါကြောင့် ၁၉၉၆ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်ကြားကာလတွေမှာ တစ်နှစ်ကို ပန်းချီကား နှစ်ကား၊
သုံးကားလောက် သာဝယ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီ ကာလနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး အမျိုးသားပြတိုက်အတွက် 'အထွတ်အထိပ်' နှစ်ကာလတွေ
လို့ဆိုရမယ့် ၁၉၇၀ ကနေ ၁၉၉၆ ခုနှစ်တွင်းမှာတော့ တစ်နိုင်ငံလုံးက ပန်းချီပညာရှင်တွေ ပါ၀င်ပြသ
ကြတဲ့ နှစ်စဉ် သင်းလုံးကျွတ်ပန်းချီ၊ ပန်းပုပွဲကနေ ပန်းချီကားတွေများစွာ ၀ယ်ယူစုဆောင်းခဲ့ကြ
တယ်လို့ ဆိုပါတယ်။
"အမျိုးသားပန်းချီပြတိုက် တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့အတွက် အဲဒီတုန်းက ပြတိုက်မှူးတွေ
ဖြစ်တဲ့ ဆရာမကြီးဒေါ်ညွန့်ဟန်နဲ့ ဆရာဦးမင်းနိုင်တို့ လက်ထက်မှာ နိုင်ငံတော်က နှစ်စဉ်ကျင်းပတဲ့
သင်းလုံးကျွတ်ပန်းချီ ပန်းပု(ဗဟို)ပွဲကြီးက အမျိုးသားပြတိုက်အတွက် ဦးစားပေးပြီး ပန်းချီကားတွေ
ရောင်းပေးပါတယ်။ အပြင်က သူဌေးကြီး ဘယ်လောက်ချမ်းသာပစေ။ အမျိုးသားပြတိုက်က
မရွေးမချင်း ရောင်းခွင့် မရှိပါဘူး။ အမျိုးသားပြတိုက်က တကယ့်အကောင်းဆုံးဆိုတဲ့ပန်းချီကားတွေ
၀ယ်ပြီးခါမှ ကျန်တဲ့လူက ၀ယ်ခွင့်ရပါတယ်။ အမျိုးသားပြတိုက်က ပန်းချီကားစုဆောင်းရာမှာ
ပထမဦးစားပေးပါ"လို့ ပြတိုက်ပညာရှင် ဆရာမကြီးက ပြောပြပါတယ်။
ဒီဘက်ခေတ်ရောက်လာတဲ့အခါမှာတော့ ငွေကြေးကန့်သတ်မှုတွေကြံုလာရတဲ့အပြင် ထားသိုဖို့
နေရာအခက်အခဲရှိလာတာကြောင့် ပန်းချီကားတွေ ထပ်မစုနိုင်တော့ဘဲ လာ ရောက်လှူဒါန်းတဲ့
ပန်းချီကားတွေကိုပဲ လက်ခံနိုင်တော့တယ်လို့ ဆိုပါတယ်။
အမျိုးသားပြတိုက်ရဲ့ ပန်းချီကားစုဆောင်းမှုမှာ ဒီဘက်ခေတ်လက်ရာ ခေတ်ပြိုင်ကားတွေ ထပ်ပေါင်း
ထည့်နိုင်ဖို့ အခွင့်အရေးကို ဆုံးရှုံးနေရတယ်လို့ မြန်မာနိုင်ငံ ပန်းပညာရှင်များ အစည်းအရုံး ဒုတိယ
ဥက္ကဋ္ဌ (အငြိမ်းစား)ဖြစ်တဲ့ ပန်းချီဆရာကြီး ဦးလှတင်ထွန်းက ပြောပါတယ်။
"ဒီဘက်ခေတ်မှာက ပန်းချီပွဲတွေ မကြာခဏ ကျင်းပလာကြတယ်။ ဒါပေမဲ့ ငွေကြေးအကန့်အသတ်
ရှိတာကြောင့် အမျိုးသားပြတိုက်ဟာ ပွဲတွေ ဆီသွားပြီး ပန်းချီကား သွားရွေးတာမျိုးတောင်
သိပ်မလုပ်ကြတော့ဘူး"လို့ ဆိုပါတယ်။
"ပြတိုက်အနေနဲ့ ပန်းချီကားတွေ စုဆောင်းဖို့အတွက် ဘတ်ဂျက်ရသင့်တာပေါ့။ ပြီးခဲ့တဲ့ ဇွန်လက
ပန်းချီဆရာ ဦးဝင်းဖေရဲ့ ပွဲပြသွားခဲ့ပါတယ်။ ပန်းချီကားတွေ အရမ်းကောင်းပေမယ့် ပြတိုက်က
မဝယ်နိုင်တော့ မရလိုက်ဘူး။ ပြတိုက်ကလည်း ဒါမျိုး ပန်းချီပွဲတွေ ဦးအောင်သွားပြီး လက်ရာ
ကောင်းတွေကို သူများမဝယ်ခင် ၀ယ်ယူစုဆောင်းသင့်တယ်"လို့ ဦးလှတင်ထွန်း က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာတော့ ပြတိုက်ဟာ မြန်မာ့မီးရထား၊ မြန်မာ့ ကြယ်ငါးပွင့်လုပ်ငန်းနဲ့
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တို့မှာ ချိတ်ဆွဲထားတဲ့ နာမည်ကျော် ပန်းချီဆရာတွေရဲ့
အကောင်းဆုံးလက်ရာတွေကို ရရှိခဲ့ပြီး ပြတိုက်နံရံမှာ ချိတ်ဆွဲပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပန်းချီပညာရှင်တစ်ဦးဖြစ်တဲ့ (ဦး) ၀င်းဖေမြင့်က ဘယ်နိုင်ငံမှာမဆို အမျိုးသားအဆင့် ပန်းချီပြတိုက်
က ရှိကိုရှိသင့်တာပါလို့ ဆိုပါတယ်။
"ဖြစ်ပေါ် မလာသေးတာတော့ ကျွန်တော်တို့ရဲ့ အားနည်းချက်ပါ။ အမှန်က အားလုံး ၀ိုင်းလုပ်မှ
ဖြစ်မယ့်ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘတ်ဂျက်က ဘယ်လောက်ချပေးပေး
လုံလောက်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာအဆင့်မီတဲ့ အဆောက်အအုံတွေ ဆောက်ရမယ်။
မြေနေရာလိုတယ်။ အနုပညာပစ္စည်းတွေ ၀ယ်ဖို့လိုတယ်။ အနုပညာ ပစ္စည်းဆိုတာကလည်း
ကုဋေနဲ့ ချီဝယ်ရမယ့်ကိစ္စဆိုတော့ အစိုးရအဖွဲ့ အစည်းတစ်ခုတည်းနဲ့ မရပါဘူး"လို့ ဆိုပါတယ်။
"ပန်းချီကို ၀ါသနာပါတဲ့ သူတွေ ၀ိုင်းပြီးလုပ်ကိုင်မှ ဖြစ်ပေါ်လာမယ့်ကိစ္စလို့ ကျွန်တော် မြင်ပါတယ်။
အနုပညာရှင်တွေပါရမယ်၊ ပိုက်ဆံရှိတဲ့ သူတွေပါရမယ်၊ အစိုးရအဖွဲ့အစည်း တွေလည်း ပါ၀င်ရမှာ
ဖြစ်ပါတယ်။ ကျွန်တော့်ဘက်ကလည်း တတ်နိုင်သလောက် ပန်းချီကားတွေ စုဆောင်းပေးတဲ့
တာဝန်ကိုယူမယ်" လို့လည်း (ဦး)၀င်းဖေမြင့်က ပြောပါတယ်။
ပြတိုက်ပညာရှင် ဆရာမကြီးကလည်း အမျိုးသားပန်းချီပြတိုက် ပေါ်ပေါက်လာခဲ့လာပြီး ဘတ်ဂျက်
လည်းရမယ်ဆိုရင် ပန်းချီပြတိုက်အတွက် ပန်းချီကားကောင်းတွေ ဆက်ပြီးစုဆောင်း ဖြစ်ပါလိမ့်မယ်
လို့ ဆိုပါတယ်။
"အဲဒီအခါမှာ တိုင်းပြည်တွင်းက ပန်းချီလက်ရာကောင်းတွေ ပြင်ပထွက်မသွားဖို့ တားဆီးနိုင်မှာ
ဖြစ်ပါတယ်။ တချို့ပန်းချီဆရာတွေက စားဝတ်နေရေးကြောင့် ကိုယ့်ရဲ့ပန်းချီလက်ရာကောင်းတွေကို
နိုင်ငံခြားသားတွေကို ရောင်းကြရပါတယ်။ အဲဒီအခါမှာ ပြတိုက်က ဘတ်ဂျက်လည်း ရှိမယ်ဆိုရင်
သူတို့ရဲ့ ပန်းချီကားတွေကို ပြင်ပမထွက်ခွာသွားဖို့ တားဆီးနိုင်လိမ့်မယ်လို့ ထင်ပါတယ်"လို့လည်း
သူမက ပြောပါတယ်။
"ဘယ်ပန်းချီဆရာမဆို ကိုယ့်ပန်းချီကားကို ကိုယ့်နိုင်ငံက နိုင်ငံတော်အဆင့် အမျိုးသားပြတိုက်
တစ်ခုမှာ ထည်ထည်ဝါ၀ါ ချိတ်ဆွဲထားတာကို ဂုဏ်ယူချင်ကြမှာပဲ။ ပန်းချီဆရာ အနေနဲ့လည်း
ဈေးချင်းတူရင် နိုင်ငံခြားကို မရောင်းတော့ဘဲ အမျိုးသားအဆင့် ပြတိုက်ကိုပဲ ရောင်းတော့မှာပေါ့"
လို့လည်း ဆရာမကြီးက ပြောပါတယ်။
















