ပြည်သူတွေ စုပေါင်း လှူဒါန်းကြတဲ့ ၀မ်းမိုးအစီအစဉ် နှစ်နှစ်ပြည့်ပြီ

ပြည်သူတွေ စုပေါင်း လှူဒါန်းကြတဲ့ ၀မ်းမိုးအစီအစဉ် နှစ်နှစ်ပြည့်ပြီ

လူတစ်ယောက် တစ်လကို ငွေကျပ် ၁,၀၀၀ စုကြပြီး ကရုဏာ မေတ္တာ ငံ့လင့်နေရှာတဲ့သူတွေကို အကူအညီပေးတဲ့ အစီအစဉ် One More (၀မ်းမိုး)ကို စတင်ခဲ့တာ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ မှာ နှစ်နှစ်ပြည့်ခဲ့ပါပြီ။

လူတစ်ယောက် တစ်လကို ငွေကျပ် ၁,၀၀၀ စုကြပြီး ကရုဏာ မေတ္တာ ငံ့လင့်နေရှာတဲ့သူတွေကို
အကူအညီပေးတဲ့ အစီအစဉ် One More (၀မ်းမိုး)ကို စတင်ခဲ့တာ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ မှာ
နှစ်နှစ်ပြည့်ခဲ့ပါပြီ။

နှစ်နှစ်ပြည့် အခမ်းအနားကို ဩဂုတ်လ ၃၁ ရက်နေ့က မြို့တော်ခန်းမအနီးက Orchid ဟိုတယ်မှာ
ကျင်းပခဲ့ပါတယ်။

၀မ်းမိုးအစီအစဉ်ကို စာရေးဆရာ မောင်သာချို၊ ကာတွန်းဆရာ အော်ပီကျယ်နဲ့ ရနံ့သစ်မဂ္ဂဇင်း
တာဝန်ခံ အယ်ဒီတာ ပြည်သွေးနိုင်တို့က စတင်ခဲ့ကြတာပါ။

မြန်မာပြည်အနှံ့က သတ်မှတ်ထားတဲ့ ဆိုင်တွေနဲ့ AGD ဘဏ်တွေမှာ လူတစ်ဦး ကျပ် ၁,၀၀၀
သွားရောက် လှူဒါန်းနိုင်တဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။

"လူတစ်ဦး တစ်လကျပ် ၁,၀၀၀ စုမိရင် ထမင်းတစ်လုပ်အတွက် ရုန်းကန်နေကြရတဲ့ ပြည်သူ
တချို့ကို အကူအညီပေးနိုင်မှာပဲဆိုတဲ့ စိတ်ကူးလေးနဲ့ ၀မ်းမိုးအစီအစဉ်ကို စိတ်ကူးရခဲ့တယ်" လို့
စာရေးဆရာ မောင်သာချို က နှစ်နှစ်ပြည့်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

"လူတော်တော်များများဟာ ဘီယာဆိုင်မှာသာ ဘီယာနဲ့ ၀က်နံရိုးကင် စားချင်စားနေမယ်။
ကလေးတွေအတွက် ပိုက်ဆံ ၅၀၀ လောက် ထည့်ပါ ဆိုတဲ့အခါမျိုးမှာ နောက်တွန့်သွားကြတာကို
တွေ့ရတယ်။ မြန်မာပြည်ရှိလူ သန်း ၆၀ မှာ စားနိုင်သောက်နိုင်တဲ့သူတွေ တစ်သန်းလောက်ရှိမှာပဲ။
ကျွန်တော်တို့ တစ်လ ၅၀၀၊ ၁,၀၀၀ ကောက်ပြီး လှူမယ်ဆို ထမင်းတစ်နပ်အတွက် အခက်ကြံုနေ
ရတဲ့ ပြည်သူတွေကို ကူညီနိုင်မယ်လို့ စိတ်ကူးကလေး ပေါက်လာတယ်"လို့လည်း ဆရာက
ဆိုပါတယ်။

သူ့စိတ်ကူးကို အကောင်အထည်ပေါ်လာဖို့ တွန်းအားပေးတဲ့အရာကတော့ Digist မဂ္ဂဇင်းထဲမှာ
ပါလာတဲ့ ဂျက်လီရဲ့ သတင်းတစ်ပုဒ်လို့ ဆိုပါတယ်။

ဂျက်လီရဲ့ လူတစ်ဦး တစ်ယွမ်စီ စုပြီး တရုတ်ပြည်က ဒုက္ခသည်တွေကို ကယ်တင်နေတဲ့ သတင်း
တစ်ပုဒ်က ဆရာမောင်သာချိုကို ၀မ်းမိုးအစီအစဉ်ဖြစ်မြောက်လာဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။

"အဲဒီသတင်းထဲမှာ ဂျက်လီက တစ်ယွမ်စီစုပြီး တရုတ်ပြည်က ဒုက္ခသည်တွေကို ကယ်တင်နေ
တယ်ဆိုတာ ကြားတော့ စိတ်ကူးက ပိုအသက်ဝင်လာပြီး တစ်လ ၁,၀၀၀ စုတဲ့ အစီအစဉ်ကို
စခဲ့တာပါ။ လူတစ်ဦးတစ်လ ၁,၀၀၀ စုတဲ့ အစီအစဉ်ကို စတဲ့လမှာပဲ ၀မ်းမိုးလို့ အမည်ပေးဖြစ်တယ်။
ကြက်သားဟင်းတစ်နပ် စားရတဲ့ ကလေးက နောက်ထပ်တစ်နပ် တိုးစားရရင် ကောင်းမှာပဲ၊
ငါးတန်းလောက်ပဲ နေရတဲ့ကလေးက နောက်ထပ် တစ်တန်းထပ်နေရရင် ပိုကောင်းမှာပဲဆိုတဲ့
စိတ်ကူးနဲ့ ၀မ်းမိုးလို့ပေးဖြစ်ခဲ့တာပါပဲ"လို့ ဆရာမောင်သာချိုက ပြောပြပါတယ်။

လူတစ်ဦး တစ်လကို ကျပ် ၁,၀၀၀ စုတဲ့ ၀မ်းမိုးအစီအစဉ်ကို ၂၀၁၁ ခုနှစ်၊ ဩဂုတ်လမှာ စတင်ခဲ့ပြီး
အဲဒီလမှာပဲ လူ ၉၀၅ ဦးက အလှူငွေထည့်ဝင်ခဲ့ကာ ကျပ် ၉၀၅,၀၀၀ ရခဲ့ပါတယ်။

ပထမဆုံးရတဲ့ အလှူငွေတွေကို အရှေ့ ဒဂုံမြို့နယ်မှာရှိတဲ့ နွမ်းပါးတဲ့ ချမ်းသာအောင်သီလရှင်ကျောင်း
လေးကို လှူဒါန်းခဲ့ပါတယ်။

"နောက်လတွေမှာတော့ လန့်စရာကောင်းလောက်အောင် သိန်း ၄၀ က နေ သိန်း ၈၀ ထိရတဲ့လ
ရှိတယ်။ အခု ဆိုရင် သိန်း ၁၀၀ အောက်ကို မကျဘဲနဲ့ သိန်း ၁၂၀၊ သိန်း ၁၃၀၊ သိန်း ၁၅၀ ထိရတဲ့
လတွေ ရှိတယ်။ လှူဒါန်းတဲ့အခါ တွေမှာလည်း တစ်နေရာကို ၂၅ သိန်းစီ လှူဒါန်းတဲ့အခါ ဒုက္ခသည်
စခန်းတစ်ခုချင်းစီဆို တစ်နှစ်လောက် အသက်ရှူ ချောင်သွားတယ်။ စာသင်ကျောင်းဆိုလည်း
တစ်နှစ်လောက် ရပ်တည်လို့ရသွားတယ်။ တအားကြီးပြောင်းလဲမသွားသည့်တိုင် ထိုက်တန်
သလောက် အသက်ဆက်ရှင်နေတဲ့အတွက် ကျွန်တော်တို့ ၀မ်းသာပါတယ်"လို့ ဆရာမောင်သာချို
က ပြောပါတယ်။

၀မ်းမိုးအစီအစဉ် စတင်တဲ့လကနေ ယခုလအထိ အလှူငွေစုစုပေါင်း ကျပ် သိန်း ၃,၀၀၀ ခန့်ရရှိခဲ့ပြီး
စာသင်ကျောင်း၊ သီလရှင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ရေဘေး၊ မီးဘေးသင့်ဒေသ၊ ရခိုင်ရှိ
လူမှုရေးပဋိပက္ခဖြစ်ပွားရာနေရာများမှ ဒေသခံများနဲ့ ကချင်စစ်ဘေးသင့် ဒေသခံတွေအတွက်
ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကာတွန်းအော်ပီကျယ်ကလည်း ၀မ်းမိုးအစီအစဉ်မှာ လှူတဲ့ငွေအားလုံးကို လှူဒါန်းတဲ့ လက်ကနေ
စားမယ့် ပါးစပ်ထဲကို တိုက်ရိုက်ရောက်သွားအောင် အဓိက ကြိုးစားပြီးလုပ်ပါတယ်လို့ ဆိုပါတယ်။

"တစ်ဦး ကျပ် ၁,၀၀၀ ဆိုတော့ ပင်စင်စားလည်း ထည့်နိုင်တယ်။ လူတစ်ဦး ၁,၀၀၀ ထည့်လိုက်ရုံနဲ့
တဖြည်းဖြည်းများလာလိုက်တာ တချို့လတွေမှာဆို အလှူငွေသိန်း ၁၈၀ ထိရခဲ့ပါတယ်။
လူတော်တော်များများက ဘီယာ သောက်တယ်၊ လဖက်ရည်သောက်ကြတယ်။ ၅၀၀၊ ၁,၀၀၀
မလှူချင်ကြဘူးဆိုတာက မြန်မာပြည်မှာ အလှူခံတွေ၊ အလှူခံပုံးတွေ တအားပေါတယ်။ ဒါပေမဲ့
ထည့်လိုက်ရင် အဲဒီပိုက်ဆံ ဘယ်ရောက်မှန်းမသိပါဘူး။ ဒါကြောင့် လှူဖို့ လက်တွန့်ကြတာပါ"လို့
ပြောပါတယ်။

၀မ်းမိုးအစီအစဉ်မှာ ပါ၀င်လှူဒါန်းချင်တယ်ဆိုရင် ကျပ် ၁,၀၀၀ ကို သတ်မှတ်ထားတဲ့ဆိုင်တွေနဲ့
AGD ဘဏ်တွေမှာ မှတ်ပုံတင်မလို၊ ငွေလွှဲခ ပေးစရာမလိုဘဲ ပေးသွင်းပြီး အခက်အခဲရှိနေသူတွေ
ကို အကူအညီပေး နိုင်ကြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး