ပန်းချီချစ်သူများအတွက် ဥရောပပန်းချီ အနုပညာမူရင်း စာအုပ်များ လောကအမွန် စာကြည်တိုက်မှာ ပြသနေ

ပန်းချီချစ်သူများအတွက် ဥရောပပန်းချီ အနုပညာမူရင်း စာအုပ်များ လောကအမွန် စာကြည်တိုက်မှာ ပြသနေ

လောကအမွန် စာကြည့်တိုက်လေးထဲမှာ ပုံမှန်အားဖြင့် စာဖတ်၀ါသနာပါသူတွေသာ ရှိနေတတ်ပေမယ့် ဒီရက်တွေထဲမှာတော့ ပန်းချီဝါသနာရှင်တွေနဲ့ တိုးလို့စည်ကားနေပါတယ်။

လောကအမွန် စာကြည့်တိုက်လေးထဲမှာ ပုံမှန်အားဖြင့် စာဖတ်ဝါသနာပါသူတွေသာ ရှိနေတတ်
ပေမယ့် ဒီရက်တွေထဲမှာတော့ ပန်းချီဝါသနာရှင်တွေနဲ့ တိုးလို့စည်ကားနေပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေထားတဲ့ ဥရောပပန်းချီအနုပညာစာအုပ်တွေကို စာကြည့်တိုက်ထဲမှာ
စက်တင်ဘာလ ၁၇ ရက်နေ့က စတင်ပြီး ပြသနေတာကြောင့် ပန်းချီကိုစိတ်ဝင်စားသူတွေ
လာရောက် ကြည့်ရှုလေ့လာနေကြတာကြောင့်ပဲ ဖြစ်ပါတယ်။

ပြပွဲမှာ 1000 masterpieces of European Painting ၊ Van Gogh စတဲ့ ဥရောပပန်းချီ
အနုပညာမူရင်းစာအုပ်များစွာကို ပြသထားပြီး တစ်လကြာအောင် ခင်းကျင်းပြသသွားမှာ
ဖြစ်ပါတယ်။

"ကျွန်တော်က ပန်းချီမဆွဲတတ်ပေမယ့် ပန်းချီကိုဝါသနာပါတော့ မြန်မာ ပန်းချီလောကက စာအုပ်
တွေရော နိုင်ငံတကာက စာအုပ်တွေရော လက်လှမ်းမီသမျှ ရှာဖွေစုဆောင်းထားတာ တော်တော်
များလာပါတယ်။ ကျွန်တော့်စာကြည့်တိုက်ကို ၀င်ထွက်နေတဲ့သူတွေထဲမှာ ပန်းချီစိတ်ဝင်စားတဲ့
သူတွေ ပါပါတယ်။ သူတို့တစ်တွေ လေ့လာနိုင်အောင် အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့
ဥရောပ ပန်းချီစာအုပ်တွေချည်း သက်သက်ပြသဖို့ စိတ်ကူးလိုက်တာပါ"လို့ လောကအမွန်
ရည်ညွှန်း စာကြည့်တိုက်တည်ထောင်သူ ဖြစ်တဲ့ ဦးကြည်ဝင်းက ပြပွဲလေး ကျင်းပဖြစ်ပုံကို
ပြောပြပါတယ်။

လောကအမွန်စာကြည့်တိုက်ကို ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အများပြည်သူကို
စာအုပ်ငှားရမ်းခွင့်ကတ်နဲ့ ဘာသာရပ်ပေါင်းစုံစာအုပ်များကို လေ့လာငှားရမ်းဖတ်ရှုခွင့်ပြုခဲ့ပါတယ်။

စာကြည့်တိုက်မှာတော့ ဥရောပ ပန်းချီစာအုပ်တွေကို မထားဘဲ ပြပွဲကာလအတွင်းသာ ပြသ
ထားတာ ဖြစ်ပါတယ်။

"ပန်းချီစာအုပ်တွေက အရမ်းဈေးကြီးတော့ အိမ်မှာပဲ ထားပါတယ်။ အခုတော့ စာကြည့်တိုက်ကို
၀င်ထွက်နေတဲ့ ပန်းချီဝါသနာရှင်တွေ ကြည့်လို့ရအောင်နဲ့ ဖတ်လို့ရအောင် တစ်လ ပြသမှာပါ"လို့
သူက ပြောပါတယ်။

ပန်းချီစာအုပ်တွေချည်း ပြသပြီးတဲ့အခါ နောက်လတွေမှာ နိုင်ငံတကာမှာ ထုတ်ဝေထားတဲ့ ဓာတ်ပုံ
စာအုပ်တွေကို ပြသမယ့်ပွဲနဲ့ ကာတွန်းဆရာ ရွှေတလေးကစလို့ ယနေ့ခေတ်ကာတွန်း ဆရာတွေ
အထိ ရေးဆွဲခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးရုပ်ပြောင် ကာတွန်းစာအုပ်တွေကိုလည်း
လအလိုက် အထူးပြသသွားမယ်လို့လည်း ဆိုပါတယ်။

"ကျွန်တော်က ဘဝပေးအခြေအနေအရ တစ်ဦးတည်းသောသားဖြစ်တော့ အပြင်ထွက်ဆော့မှာ
စိုးလို့ မိဘတွေက စာအုပ်နဲ့ ဖိတယ်။ ကလေးဘဝထဲက မိဘတွေက ကလေးဂျာနယ်၊ ကလေး
စာအုပ်တွေကို အကန့်အသက်မရှိ ၀ယ်ပေးတယ်။ ကိုယ်တိုင်လည်း ပညာတတ်တဲ့အရွယ်
ကတည်းက စာအုပ်စုဆောင်းမိလာတော့ အသက် ၆၀ ၀န်းကျင်ရောက်လာတဲ့အခါ အိမ်မှာ
စာအုပ်ပေါင်း သောင်းချီ ရှိလာတယ်။ စာအုပ်တွေကို အိမ်မှာထားရင် အင်မ တန်ကျဉ်းတဲ့
ကိုယ့်အသိုင်းအဝိုင်းလေး လောက်ပဲ ဖတ်ရှုလေ့လာခွင့်ရမှာပါ။ ဒါကြောင့် ရည်ညွှန်းစာကြည့်တိုက်
တစ်ခု ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်"လို့ ဘယ်သူမဆို စာအုပ်စာပေတွေ လာရောက်လေ့လာလို့ ရနိုင်တဲ့ လောကအမွန်ရည်ညွှန်းစာကြည့်တိုက်လေး ဖြစ်လာတဲ့အကြောင်းကို ရှင်းပြပါတယ်။

စာကြည့်တိုက်တည်ရှိရာ လိပ်စာကတော့ အမှတ် ၃၀/၃၄၊ ပထမထပ်၊ ၃၉ လမ်း၊ အောက်လမ်း၊
ကျောက်တံတားမြို့နယ် ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး