Miss Universe 2013 ကို သွားရောက်ယှဉ်ပြိုင်မယ့် Miss Universe Myanmar 2013 ဆန်ခါတင်ပြိုင်ပွဲဝင် အယောက်၂၀ ဟာ စက်တင်ဘာ လ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆိပ္ဖူးတောင် မိဘမဲ့ကလေးနဲ့ တိုင်းရင်းသား ကလေးငယ်များကျောင်းမှ ကလေးငယ်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
Miss Universe 2013 ကို သွားရောက်ယှဉ်ပြိုင်မယ့် Miss Universe Myanmar 2013
ဆန်ခါတင်ပြိုင်ပွဲဝင် အယောက်၂၀ ဟာ စက်တင်ဘာ လ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆိပ္ဖူးတောင် မိဘမဲ့ကလေးနဲ့ တိုင်းရင်းသား ကလေးငယ်များကျောင်း
မှ ကလေးငယ်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
ခရီးစဉ်ကို Hello Madam နဲ့ ထူးဖောင်ဒေးရှင်းတို့က စီစဉ်ပါတယ်။ "ဒီခရီးစဉ်ကို အစ်မတို့က
ထူးဖောင်ဒေးရှင်းနဲ့အတူ စဉ်းစားပြီးတော့မှ ဆိပ္ဖူးတောင်ကျောင်းကို ရွေးချယ်လိုက်တာပါ။
အစ်မတို့ စုံစမ်းကြည့်တဲ့အခါ အဲဒီကျောင်းက ကလေးတွေက ရန်ကုန်ကို မရောက်ဖူးကြဘူး
ဆိုတော့ အစ်မတို့ကလည်း သွားတွေ့မယ်။ ပြီးရင် သူတို့ကို ရန်ကုန်ကို ပြန်ခေါ်လာပြီး
ရွှေတိဂုံဘုရားနဲ့ တိရစ္ဆာန်ဥယျာဉ်ကို လိုက်ပို့ပေးဖို့ စီစဉ်ခဲ့တာပါ" လို့ Hello Madam မှ
အထွေထွေမန်နေဂျာဖြစ်သူ မသိန်းယုဝေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ဆိပ္ဖူးတောင်ကျောင်းကို ရောက်ရှိသောအခါ ကလေးငယ်အယောက် ၃၀ ခန့်က ကရင်ဒုံးယိမ်း
အကနဲ့ ကြိုဆို ဖျော်ဖြေခဲ့ကြပြီး မယ်မြန်မာများမှလည်း ကလေးငယ်များနဲ့ အတူပါ၀င် ကခုန်ခဲ့ကြ
တာမို့ ကလေးငယ်များရဲ့ ပျော်ရွှင်မှုအပြံုးတွေကတော့ ကျေနပ်စရာပါပဲ။
"အရင်တုန်းက ဒီလိုမျိုးတစ်ခါမှ မရှိခဲ့ပါဘူး။ အခုကြိုဆိုတဲ့ အကကိုတော့ အရင်ကတည်းက
ကျောင်းက သင်ပေးထားတာပါ။ အခုလို မမတွေ လာမယ်ဆိုတာကိုသိတော့ အကုန်လုံး
ပြန်လေ့ကျင့်ကြတာ။ သမီးတို့နဲ့အတူ ကခုန်ပေးလို့ ပျော်ပါတယ်။ မမတွေက ခင်ဖို့လည်း
ကောင်းပြီး လှတယ်။ နောက်လာဦးမယ်ဆိုရင်လည်း ဖျော်ဖြေပေးဦးမယ်" လို့ ကရင်ဒုံးယိမ်းအက
မှာ ပါ၀င်တဲ့ ဆိပ္ဖူးတောင်ကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်တဲ့ မခင်ဝိုင်းက မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။
ကလေးငယ်တွေနဲ့ တွေ့ဆုံပြီးနောက်မှာ ကလေးငယ်စုစုပေါင်း အယောက် ၄၀ ခန့်နဲ့အတူ
ကျိုက်ထီးရိုးဘုရားသို့ ခရီးဆန့်ခဲ့ပြီး ကလေးငယ်များကို မယ်မြန်မာများက ဂရုတစိုက်ခေါ်ဆောင်
သွားကာ ဘုရားသမိုင်းကြောင်း တွေကိုလည်း ရှင်းပြခဲ့ပါတယ်။
"ညီမက နဂိုကတည်းက ကလေး အရမ်းချစ်တဲ့အထဲမှာ ပါတယ်ပေါ့။ အဲလိုမျိုးဆိုတော့ ဒီကလေး
တွေကို ကြည့်ရတာလည်း စိတ်ထဲတော့ မကောင်းဘူးပေါ့။ သူတို့က ကပြပြီး ကြိုဆိုနေတယ်
ဆိုပေမယ့်လည်း နေပူထဲမှာ ကလေးတွေ ကိုယ့်ကို ကပြနေတယ်ဆိုတော့ ၀မ်းသာပေမယ့်
စိတ်မကောင်းတဲ့ စိတ်က ပိုများတယ်။ ပြီးတော့ သူတို့ရဲ့အကြည့်တွေ၊ မျက်လုံးလေးတွေမှာ
အားငယ်တာလေးတွေ တွေ့ရတော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ ကိုယ့်တတ်နိုင်တဲ့ဘက်က
အခုလိုမျိုး ကလေးတွေနဲ့ သွားလာရတယ်ဆိုတော့ ပျော်ပါတယ်" လို့ ဆန်ခါတင်ပြိုင်ပွဲဝင်တစ်ဦး
ဖြစ်တဲ့ အမ်မရယ်ငြိမ်းက မြန်မာတိုင်း(မ်)ကိုပြောပါတယ်။
ယင်းခရီးစဉ်က နေ့ချင်းပြန် ခရီးစဉ်ဖြစ်ပြီး ၂၄ ရက်နေ့မှာတော့ ကလေးငယ် အယောက် ၄၀ ခန့်
ရန်ကုန်သို့ လာရောက်ကာ မယ်မြန်မာများနဲ့အတူ ရွှေတိဂုံဘုရား၊ တိရစ္ဆာန်ဥယျာဉ်ကိုလည်း
လည်ပတ်ခဲ့ကြပါတယ်။
၂၅ ရက်နေ့မှာတော့ ကင်ဆာဖောင်ဒေးရှင်းတို့ကို သွားရောက်ပြီး ပရဟိတလုပ်ငန်းများကို
လုပ်ဆောင်ဖို့ သွားရောက်ခဲ့ပါတယ်။
"အခုလိုမျိုး ပရဟိတ ခရီးစဉ်တစ်လျှောက်လုံးမှာ မယ်မြန်မာတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်
ရေးအဖွဲ့က တာဝန်ရှိသူများက စောင့်ကြည့်အမှတ်ပေးသွားမှာ ဖြစ်ပါတယ်" လို့လည်း
မသိန်းယုဝေ က ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့မှာ ရွေးချယ်ခဲ့တဲ့ ဆန်ခါတင် အယောက် ၂၀ မှ ခါးနံပါတ် ၃၊ ရ နဲ့ ၁၂
တို့က သူ့ရဲ့ သဘောဆန္ဒနဲ့အတူ ပြိုင်ပွဲမှနုတ်ထွက်ဖို့ တောင်းဆိုခဲ့ပြီး လူတွေ့စစ်ဆေးချိန်မှာ
အကြောင်းအမျိုးမျိုးကြောင့် ရောက်မလာတဲ့ ပြိုင်ပွဲဝင်တွေကြောင့် စက်တင်ဘာ ၂၂ ရက်မှာ
လျှောက်လွှာအသစ်ထဲက ပြိုင်ပွဲဝင်သစ်တွေကို ထပ်မံ ရွေးချယ်ခဲ့ကြပါတယ်။
"ပြိုင်ပွဲဝင်ဖောင်အားလုံး ၄၀ ထဲက မှ အယောက်၂၀ ကို ရွေးထားတာပေါ့။ ဒါပေမဲ့ တစ်ယောက်က
နုတ်ထွက်သွားတယ်ဆိုတော့ အစ်မတို့ ပြုတ်သွားတဲ့ ၂၀ ထဲကတော့ ပြန်မရွေးတော့ဘဲ လာမပြိုင်
လိုက်နိုင်တဲ့ လျှောက်လွှာတွေနဲ့ အသစ်ထပ်ခေါ်ထားတဲ့ လျှောက်လွှာထဲက လစ်လပ်သွားတဲ့
ခါးနံပါတ်နေရာတွေကို ပြန်ဖြည့်ဖို့ ပြန်ရွေးတာဖြစ်ပါတယ်" လို့ မသိန်းယုဝေက လူပြန်ရွေးရတာနဲ့
ပတ်သက်ပြီးတော့ ရှင်းပြခဲ့ပါတယ်။
Miss Universe Myanmar 2013 နောက်ဆုံးအဆင့်ပြိုင်ပွဲကို လာမယ့် အောက်တိုဘာ ၃ ရက်နေ့
မှာ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ါ
















