လက်တင်အမေရိကန် အရသာကို မြန်မာနိုင်ငံသားတွေအတွက် ဖန်တီးပေးဖို့ ရောက်လာတဲ့ မက္ကဆီကန် စားဖိုမှူး

လက်တင်အမေရိကန် အရသာကို မြန်မာနိုင်ငံသားတွေအတွက် ဖန်တီးပေးဖို့ ရောက်လာတဲ့ မက္ကဆီကန် စားဖိုမှူး

ရန်ကုန်မှာ အရည်အသွေးမြင့် ပြင်သစ် အစားအစာတွေနဲ့ အီတလီအစားအစာတွေကို အလွယ်တကူ ရနိုင်ပေမယ့် အာရှစတိုင်မဟုတ်တဲ့ တခြား အစားအသောက်တွေကို သိပ်မတွေ့ ရပါဘူး။

ရန်ကုန်မှာ အရည်အသွေးမြင့် ပြင်သစ် အစားအစာတွေနဲ့ အီတလီအစားအစာတွေကို
အလွယ်တကူ ရနိုင်ပေမယ့် အာရှစတိုင်မဟုတ်တဲ့ တခြား အစားအသောက်တွေကို သိပ်မတွေ့
ရပါဘူး။

ဒါကြောင့် မြန်မာနိုင်ငံကို မကြာသေးခင်ကမှ ရောက်လာတဲ့ အသက် ၃၄ နှစ်အရွယ် မက္ကဆီကန်
စားဖိုမှူး ရီကာဒိုလူဟန်ကတော့ မြန်မာနိုင်ငံ က အစားမက်သူတွေအတွက် သတင်းကောင်းဖြစ်ပြီး
မြန်မာနိုင်ငံရဲ့ အချက်အပြုတ်ဆိုင်ရာနယ်ပယ်မှာ လိုအပ်နေတဲ့ နေရာကိုလည်း ၀င်ရောက်
ဖြည့်ဆည်းပေးတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်က Governor's Residence မှာ စားဖိုမှူးချုပ်တာဝန်ကို ထမ်းဆောင်ဖို့အတွက်
'မက္ကဆီကန် အစားအစာတွေရဲ့ မူလဘူတမြေ'လို့ လူဟန်က ညွှန်းဆိုထားတဲ့ သူရဲ့ဇာတိ
ဂွာဒါလာဟာရာ(Guadalajara)ကနေ ရန်ကုန်ကို ဩဂုတ်လအလယ်ပိုင်းလောက်မှာ ရောက်လာ
ခဲ့ပါတယ်။

မက္ကဆီကန်ရိုးရာ ဟင်းချက်နည်းတွေကို အခြေခံကစပြီး ခိုင်ခိုင်မာမာ ပိုင်နိုင်စေခဲ့တဲ့ သူ့ဇာတိမြို့က
ပီကာဆိုကဖေးမှာ အလုပ်ဝင်လုပ်ခဲ့ချိန် သူ့အသက် ၁၇ နှစ်ကစပြီး အချက်အပြုတ်လောကထဲကို
သူရောက်ရှိလာခဲ့ပါတယ်။

သူအလုပ်ဝင်ပြီး မကြာခင်မှာပဲ သူ့ရဲ့ဟင်းချက်နည်းတွေနဲ့ ပတ်သက်ပြီး အရေးပါတဲ့သူတွေဖြစ်တဲ့
နိုင်ငံတကာက စားဖိုမှူးတွေနဲ့ အဆက်အသွယ်ရသွားခဲ့ပါတယ်။

"ဂွာဒါလာဟာရာမြို့မှာ ဂျပန်စားဖိုမှူး ဆူဟီရိုဖူဂျီမူရာနဲ့ သုံးနှစ်လောက် အလုပ်အတူ တွဲလုပ်ခဲ့ပါ
တယ်။ သူက အစားအစာရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို သင်ပေးပါတယ်" လို့
လူဟန်က ပြောပြပါတယ်။

"စားစရာ တစ်မျိုးမျိုး ချက်တဲ့အခါ အရည်အသွေးကောင်း ပစ္စည်းတွေ သုံးရင် ဟင်းပွဲကောင်း
ကောင်းလေးရမယ် ဆိုတာကို ကျွန်တော် သဘောပေါက်လာခဲ့ပါတယ်" လို့ သူက ပြောပါတယ်။

ဖူဂျီမူရာနဲ့ အလုပ်အတူ တွဲလုပ်ခဲ့တဲ့အတွက် လူဟန်ဟာ ဂျပန်အစားအစာတွေကိုလည်း ချစ်တတ်
လာခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာ သူဟာ ဘာဟာကယ်လီဖိုးနီးယား(Baja Califonia) တောင်ပိုင်းက လော့စ်ကာဘို့စ်
(Los Cabos) ကို ပြောင်းရွှေ့ခဲ့ပါတယ်။

အဲဒီမှာ ရှစ်နှစ်လောက် နေခဲ့ပြီး တခြားစားဖိုမှူးတွေနဲ့ ထပ်ဆုံခဲ့ရတဲ့အတွက် သူ့ရဲ့ အချက်အပြုတ်
ဆိုင်ရာနယ်ပယ်လည်း ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ လော့စ်ကာဘို့စ်မှာ အလုပ်လုပ်နေတဲ့အတွက် ဒေသခံတွေရဲ့့ ရိုးရာဟင်းချက်
နည်းတွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။

ဒီမြို့လေးဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေနက်ပိုင်းမှာရှိတဲ့ ဒေသတစ်ခုဖြစ်တဲ့ အတွက် ပင်လယ်ငါးမျိုးစုံ၊
ခုံးကောင်နဲ့ ကျောက်ပုစွန် စတာတွေကို အလွယ်တကူ ပေါပေါများများ ရရှိပါတယ်။

"လော့စ်ကာဘို့စ်ဟာ ကျွန်းဆွယ်လေးတစ်ခုပေါ်မှာ တည်ရှိပြီး မက္ကဆီကန်ပြည်မကြီးနဲ့ သိပ်
အဆက်အသွယ်မရှိပါဘူး။ ဒေသခံတွေနဲ့ အလုပ်အတူလုပ်ဖို့ လိုပါတယ်။ အဲဒါက အခြေခံကျတဲ့
အချက်ပါ။ အဲဒီမှာရှိတဲ့ စားဖိုမှူးအားလုံးဟာ သူတို့ရဲ့ ဒေသခံအစားအစာကို အားပေးစေချင်ကြပါ
တယ်။ ဒေသခံအစားအစာတွေကို အားပေးတဲ့အတွက် သူတို့ကလည်း ကျွန်တော်တို့ကို ပြန်ပြီး
အားပေးမှာပါ။ ဒီအချက်က အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ သူက ပြောပါတယ်။

နိုင်ငံတကာနည်းပညာတွေကို ဒေသဆိုင်ရာ ရိုးရာအစားအစာတွေနဲ့ ရောပြီး စီမံပေးထားတဲ့သူ့ရဲ့
ပေါင်းစပ်မှုဟာ မြန်မာနိုင်ငံမှာ လူဟန်အတွက် အလားအလာကောင်းကို ဖြစ်စေမှာပါ။

"မြန်မာနိုင်ငံကို ကျွန်တော် စိတ်ဝင်စားသွားတာကတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကြောင့်ပါ။
ဒါက ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ တော်တော်လေး တူတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီမှာက
စီးပွားရေးဆန်ဆန် မလုပ်ကြပါဘူး။ ဒီကလူတွေရဲ့ သဘောထားကလည်း အကောင်းမြင်တဲ့
သဘောရှိကြပါတယ်" လို့ သူက ပြောပါတယ်။

လူဟန်အတွက် အရေးကြီးတဲ့ တာဝန်တွေထဲမှာ ပထမဦးဆုံးတစ်ခုကတော့ Governor's
Residence က မန္တလေးစားသောက်ဆိုင်အတွက် မီနူးအသစ်တစ်ခု စီစဉ်ပေးဖို့ပဲ ဖြစ်ပါတယ်။

အစားအစာတွေအတွက် အဓိက အရေးပါတဲ့ ပစ္စည်းတွေဖြစ်တဲ့ အရည်အသွေးမြင့် သံလွင်ဆီ၊
ချောကလက်၊ ဂျုံမှုန့်နဲ့ ကရင်မ်တို့ ပြည်ပကနေ တင်သွင်းဖို့ လိုအပ်တယ်ဆိုပေမယ့် သူကတော့
မြန်မာနိုင်ငံက ဒေသထွက်ကုန်တွေကို တတ်နိုင်သလောက် အသုံးချ ချင်တယ်လို့ ပြောပါတယ်။

"ရန်ကုန်က ဈေးတွေထဲကို ကျွန်တော် ရောက်ခဲ့ပါတယ်။ ကျွန်တော့်အတွက်ကတော့
အရာအားလုံး အသစ်အဆန်းတွေပါပဲ။ ကျွန်တော့်ပုံက ဒစ္စနေလန်းထဲရောက်နေတဲ့ ကလေး
တစ်ယောက်နဲ့ တူနေပါတယ်" လို့ သူက ပြောပြပါတယ်။

"ဒေသခံအရသာမျိုးကို ကျွန်တော် လိုချင်ပါတယ်။ ဥပမာ-ကျွန်တော် တကယ့်ကို အကြိုက်တွေ့
နေတာ တစ်ခုကတော့ လက်ဖက်ပါ။ အဲဒါနဲ့ ကျွန်တော် ဟင်းအနှစ် လုပ်ကြည့်ဖို့ စိတ်ကူးနေပါ
တယ်။ ကျွန်တော်တို့ဟာ ကမ္ဘာအနှံ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အဆက်အသွယ်မပြတ်တဲ့ လောကကြီး
မှာ နေနေကြတာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒေသထွက်အစားအစာတွေနဲ့ ဟင်းပွဲတွေ ဖန်တီး
ရတာကို ပိုပြီး နှစ်သက်ပါတယ်" မန္တလေး စားသောက်ဆိုင်မှာ အောက်တိုဘာလကစပြီး
မိတ်ဆက်ပေးဖို့ သူစီစဉ်ထားတဲ့ မီနူးအသစ်ဟာ ဟိုတယ်ကိုလာတဲ့ ဧည့်သည်တွေရော ရန်ကုန်က
လူတွေပါ စိတ်ဝင်စားကြမှာပါလို့ သူက ပြောပါတယ်။

"မနက်စာအတွက် မက္ကဆီကန်စတိုင် မုန့်အနည်းငယ်အပါအဝင် မက္ကဆီကန် အစားအစာတွေ မီနူး
ထဲမှာ ထည့်ပေးဖြစ်တဲ့ အချိန်ကျရင် အဲဒါတွေဟာ Governor's Residence အတွက်
စိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေ ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်
ဇာတိက အစားအစာတွေကလည်း အနံ့အရသာစူးတဲ့ အစားအစာတွေပါပဲ။ မြန်မာနိုင်ငံမှာ အနံ့
အရသာစူးတဲ့ အရသာကို ရစေမယ့် ပစ္စည်းအမယ်(အမည်)တွေ အများကြီး တွေ့နိုင်ပါတယ်"လို့
သူက ပြောပါတယ်။

ဟိုတယ်ရဲ့ ဥယျာဉ်ဧရိယာထဲမှာ ကျင်းပကြတဲ့ မင်္ဂလာပွဲတွေမှာလည်း မက္ကဆီကန်အရသာတွေ
ပေးချင်တဲ့ ဆန္ဒလည်း သူ့မှာ ရှိသေးတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ လိုဟန်ဟာ စားဖိုမှူးတစ်ယောက်အဖြစ် သူဖြတ်သန်းခဲ့စဉ်က အတွေ့အကြံုတွေကို အခြေခံ
ပြီး မီနူးအသစ်အတွက် စီစဉ်မှာဖြစ်တဲ့အတွက် မက္ကဆီကန်အရသာဟင်းပွဲကိုပဲ စီစဉ် ပေးမယ်
လို့တော့ တွက်မထားသင့်ပါဘူး။

"ကျွန်တော့်ဇာတိ ဟင်းချက်နည်းတွေနဲ့ အရသာကို ကျွန်တော် ကြိုက်ပါတယ်။ ဒါပေမဲ့ ဂျပန်
အစားအစာနဲ့ မက္ကဆီကန်အစားအစာ ဘယ်ဟာကို အထူးစီစဉ်မလဲလို့ မေးလာခဲ့ရင်တော့
ကျွန်တော် စိတ်မကောင်း ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မက္ကဆီကန်စာ၊
ဒါမှမဟုတ် အီတလီစာ၊ ဒါမှမဟုတ် ပြင်သစ်စာ တစ်မျိုးတည်းကိုပဲ စီစဉ်ပေးရတာမျိုး ကျွန်တော်
မလုပ်ချင်လို့ပါ"လို့ သူက ပြောပါတယ်။

"ဆူရှီလုပ်ရတာကို ကျွန်တော်အရမ်း ကြိုက်ပါတယ်။ ဒါပေမဲ့ အီတလီ သားပြွမ်းထမင်း risotto
လုပ်ရတာကိုလည်း ကြိုက်ပါတယ်။ ဒီအီတလီ ထမင်းကို မက္ကဆီကန်ဆော့စ် မိုလေးထည့်ပြီး
ချက်ချင်ချက်မှာပါ။ ကျွန်တော့်ကိုယ်ပိုင် အစီအမံဖြစ်အောင် လုပ်ဖို့လိုတယ်ဆိုပေမယ့် မူလ
ချက်နည်းနဲ့ အမယ်တွေကိုလည်း အသိအမှတ်ပြုပြီး လေးစားမှုတော့ ထားရဦးမှာပါ" အသစ်
စီစဉ်မယ့် မီနူးအသစ်မှာ ထောပတ်သီးနဲ့ တလည်းသီးပါ ဂွာကာမိုလေးကို ငပလီကျောက်ပုစွန်နဲ့
စီစဉ်ပေးထားတာမျိုးနဲ့ ပုစွန်ခြောက်နဲ့ ငှက်ပျောသီးစိမ်း (plantains)ကို အဆာ အဖြစ်သုံးထားတဲ့
ငရုတ်သီးအဆာသွတ်၊ ပြည်တွင်းကထွက်တဲ့ ဆိတ်သားကို ဘီယာနဲ့ စိမ်နှပ်ပြီး မုန့်ဖုတ်ဖိုမှာ
ကင်ထားတဲ့ ဆိတ်သားကင်၊ ခရမ်းချဉ် သီးအစိမ်းနဲ့ နံနံပင်ပါ roe salsa နဲ့ ပြောင်းဖူးခရက်ကာ
စတာမျိုးတွေလည်း ပါမယ်လို့ သိရပါတယ်။

ဒါပေမဲ့ မီနူးအသစ်ကို မိတ်မဆက် ပေးခင် လူဟန်ရဲ့ လက်တင်အမေရိကန်ဝိုင် ညစာစားပွဲကို
Governor's Residenceမှာ ရန်ကုန်က အစားကောင်းကြိုက်သူတွေကို စက်တင်ဘာ ၂၀ ရက်က
မြည်းစမ်းခွင့် ပေးခဲ့ပါတယ်။

ဟိုတယ်ရဲ့ Kipling Bar မှာ ကျင်းပတဲ့ ၀ိုင်ညစာစားပွဲမှာ မာဂရီးတားကော့တေးနဲ့ မီဟေးလာဒါးစ်
ကော့တေးတွေနဲ့အတူ လက်တင်အမေရိကန်ဝိုင်နဲ့ အစားအစာတွေနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

အေးစက်နေတဲ့ ၀ိုင်ခွက်တွေရဲ့ အနားသတ်မှာ ဆားပွတ် ပေးထားပြီး ခွက်ထဲမှာလည်း သံပရာရည်
နဲ့ ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးထည့်ပြီး အသင့်ပြင်ပေးထားပါတယ်။

ညစာစားပွဲရဲ့ မီနူးမှာ လူဟန်ရဲ့ ကိုယ်ပိုင်လက်ရာအစားအစာတွေက ပေါ်လွင်ထင်ရှားနေပါတယ်။

သူ့ရဲ့ လက်ရွေးစင်အစားအစာတွေထဲမှာ ပြောင်းဖူးကင်၊ နံနံပင်ပေါက်၊ ကန်စွန်းဥ အကြွပ်ကြော်၊
ငရုတ်အချဉ်နဲ့ အတူ တွဲစားရတဲ့ ဆာရှိမိလိုမျိုး ငါးအစိမ်းကို ဆော့စ်အစပ်နဲ့ တို့စားရတဲ့ seabass
tiradito၊ ပဲတောင့် salad၊ ချောကလက်ပျော့၊ ၀က်အူချောင်းအစပ်နဲ့ အတူ ပြင်ပေးထားတဲ့
chorizo y frijol နဲ့ chimichurri ဆော့စ်နဲ့ papas arrieras နဲ့အတူ ချပေးတဲ့ မီးခပ်မျှဉ်းမျှဉ်းနဲ့
ချက်ထားတဲ့ အမဲခါးဆစ်သား churrasco တို့လည်း ပါ၀င်ပါတယ်။

ဒီအစားအစာတွေ အားလုံးဟာ ချီလီ၊ ဒါမှမဟုတ် အာဂျင်တီးနားနိုင်ငံထွက် လက်ရွေးစင်ဝိုင်တွေနဲ့
လိုက်ဖက်လှပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး