စွမ်းဆောင်အားတွေကို ထုတ်ဖော်ပြနိုင်မယ့် အနဂ္ဃရောင်စဉ် မသန်စွမ်းအနုပညာပွဲတော် ကျင်းပမည်

စွမ်းဆောင်အားတွေကို ထုတ်ဖော်ပြနိုင်မယ့် အနဂ္ဃရောင်စဉ် မသန်စွမ်းအနုပညာပွဲတော် ကျင်းပမည်

'အနဂ္ဃရောင်စဉ်'လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ရဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုနဲ့ အတူ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ...

'အနဂ္ဃရောင်စဉ်'လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်ကို
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနရဲ့
ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ရဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုနဲ့
အတူ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ အမ်စီစီခန်းမမှာ ပထမဆုံးအကြိမ်အနေနဲ့
ပြုလုပ် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အရင်နှစ်တွေတုန်းက နိုင်ငံတကာမသန်စွမ်းသူများနေ့ အကြိုအနေနဲ့ အောက်တိုဘာလ ၃ ရက်နေ့
မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြုလုပ်ပေးလေ့ ရှိပေမယ့် ဒီလိုခမ်းနားကြီးကျယ်ပြီး ပွဲတော် တစ်ခုအနေ
နဲ့ ကျင်းပပြုလုပ်တာကတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်ပြီး ရည်ရွယ်ချက်က မသန်စွမ်းသူများရဲ့
စိတ်ဓာတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးချင်တာကြောင့်ဖြစ်သလို ၂၀၁၄ ခုနှစ် မှာ အိမ်ရှင်အနေနဲ့
လက်ခံပြုလုပ်မယ့် နိုင်ငံတကာ မသန်စွမ်းသူများ အနုပညာပွဲတော်အတွက် ပြင်ဆင်ခြင်းလည်း
ဖြစ်တယ်လို့ လူမှုဝန်ထမ်းဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းခိုင်က မြန်မာတိုင်း(မ်)
ကို ပြောပါတယ်။

"အဓိကကတော့ မသန်စွမ်းသူတွေ ဦးဆောင်ပြီး ဆောင်ရွက်နိုင်တဲ့ အစွမ်းကို ပြချင်တာပါပဲ။ ၂၀၁၄
မှာ နှစ်လယ်လောက်မှာ မြန်မာက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် နိုင်ငံတကာ မသန်စွမ်းသူများ
အနုပညာပွဲတော်အတွက် ဒါကို ကြိုတင်ပြင်ဆင်တဲ့သဘောလည်း ဖြစ်တယ်။ ပြီးတော့ ဒီမသန်စွမ်း
သူတွေဆိုတာက မသန်မစွမ်းမဟုတ်တဲ့ သူတွေနဲ့အတူတူ မည်သည့်နေရာ မည်သည့်ပတ်ဝန်းကျင်
မှာမဆို မည်သည့်ပညာရပ်မဆို ပါ၀င်ဆောင်ရွက် နိုင်တယ် ဦးဆောင်နိုင်တယ်ဆိုတာကို သိစေချင်
တယ်။ သူတို့ရဲ့ဦးဆောင်မှုတွေကိုလည်း လေ့ကျင့်ပေးတဲ့သဘောပေါ့။ အခု ဒီပွဲတွေ လုပ်တယ်
ဆိုတာလည်း ကျွန်တော်တို့ အစိုးရ ဌာနတွေက ကူညီပေးတာလောက်ပဲ တကယ်ဦးဆောင်ပြီး
လုပ်သွားတာက မသန်စွမ်းကလေးတွေပါပဲ" လို့ သူက ပြောပါတယ်။

ဒီအနုပညာပွဲတော်မှာ အဓိကအနေနဲ့ အဆို၊ အက၊ အရေး၊ အတီးအပြင် ပန်းချီ၊ ပန်းပုပြိုင်ပွဲတွေ
ပါ၀င်မှာဖြစ်ပြီး အခုအချိန်မှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အကြိုလူရွေးပွဲ တွေ
လုပ်နေပြီဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရွေးချယ်ထားတဲ့ လက်ရွေးစင်တွေကို စခန်းသွင်း လေ့ကျင့်ပေးပြီး ပွဲတော်နေ့
တွေမှာ ပြိုင်ပွဲလုပ်ကြမှာ ဖြစ်ပါတယ်။

ဒီလို အနုပညာပွဲတော်တွေကတော့ မသန်စွမ်းသူများအတွက် ပျော်ရွှင်ခြင်းသာမက စိတ်ဓာတ်
ခွန်အားတွေနဲ့ အတူ သူတို့ရဲ့စွမ်းဆောင်နိုင်မှုတွေကို တိုးတက်စေမယ့် အကျိုးကျေးဇူးတွေကို
ရရှိမယ်လို့ ဦးအောင်ထွန်းခိုင်က ပြောပါတယ်။

"ဒီလိုပွဲတော် လုပ်ပေးတာက သူတို့ အတွက် အရမ်း အကျိုးရှိတာပေါ့။ နှစ်စဉ် အောက်တိုဘာ
၃ ရက်နေ့ နိုင်ငံတကာမသန်စွမ်းသူများနေ့အကြိုမှာတော့ ဒီပြိုင်ပွဲတွေက လုပ်နေကျပေါ့။ ဒီလိုကြီး
သီးခြားပွဲတော့ မဟုတ်ဘူး။ သူတို့က နှစ်တိုင်း ဒီလိုပွဲကိုစောင့်နေကြတယ်။ သူတို့က အစွမ်းပြ
ချင်တာ။ ပုံမှန်အားဖြင့် သူတို့က အစွမ်းပြခွင့် မရကြဘူးလေ။ ကျွန်တော်တို့ရဲ့ အဖွဲ့ အစည်းရဲ့
အတားအဆီးကြောင့် တော်တော်များများ တာဝန်ရှိတဲ့သူတွေလည်း ပါတယ်။ သက်ဆိုင်ရာ
အဖွဲ့အစည်းခေါင်းဆောင်တွေလည်း ပါတယ်။ ဒီလိုဟာမျိုးတွေကြောင့် သူတို့က နေ့စဉ်မပြနိုင်ဘူး။
ဒါကြောင့် သူတို့ အတွက်ပြုလုပ်တဲ့ ဒီလိုပွဲမျိုးဆိုရင် သိပ်ပြီးတော့ သူတို့ကိုယ်သူတို့ ယုံကြည်မှု
ဖြစ်လာတာပေါ့နော်။ စိတ်ဓာတ်ကျမှု တွေကို ဖျောက်နိုင်လာတယ်။ သူတို့ ကိုယ်သူတို့ ယုံကြည်မှု
ရလာပြီးတော့ ပိုမိုစွမ်းဆောင်နိုင်တာပေါ့" လို့ ပြောပါတယ်။

မသန်စွမ်းသူတွေရဲ့ လုပ်ဆောင်နိုင်မှုတွေကို အကန့်အသတ်ဖြစ်စေတာကတော့ ပတ်ဝန်းကျင်က
လူတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိ အကြီးအကဲတွေရဲ့ လုပ်ဆောင်ပေးမှုတွေဖြစ်ပြီး မြန်မာနိုင်ငံက
မသန်စွမ်းသူတွေရဲ့ လုပ်ဆောင်နိုင်မှုတွေကတော့ ရိုးရာဓလေ့ အစဉ်အလာအရ အမြင်တွေကြောင့်
အကန့်သတ်ခံထားရဆဲဖြစ်တယ်လို့လည်း ဦးအောင်ထွန်းခိုင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"အရင်ခေတ်က မသန်စွမ်းသူတစ်ယောက်ဖြစ်တယ်ဆိုရင် အကြမ်းအားဖြင့် အဲဒီမသန်စွမ်းသူ
ကလေးတစ်ယောက် ရလာတဲ့မိသားစုဟာ ကံဆိုးတာပဲ။ ၀ဋ်ရှိလို့ ခံရတာပဲ။ သနားစရာ လူလေးပဲ
ဆိုတဲ့အမြင်နဲ့ ကြည့်ခဲ့ကြတာပါ။ တချို့ မြန်မာ့ဓလေ့ထုံးစံတွေမှာ မင်္ဂလာယူတဲ့ အခမ်းအနားတွေမှာ
ကိုယ်အင်္ဂါမပြည့်စုံရင် ပါ၀င်ခွင့်မရပါဘူး။ အဲဒါတွေဟာ အရင်တုန်းက အမြင်ပါ။

"အခုကတော့ ဒီမသန်စွမ်းသူဖြစ်လာတဲ့ အကြောင်းအရင်းဟာ သူတို့ မမွေးဖွားခင်မှာ သန္ဓေဘဝမှာ
ဖြစ်လာတဲ့ ဇီဝဖြစ်စဉ် ချို့ယွင်းချက်ကြောင့် ရှိသလို၊ မွေးဖွားပြီးမှ ဖြစ်ပေါ်လာတဲ့ မတော်တဆဖြစ်မှု
တွေကြောင့်လည်းကောင်း၊ အနာရောဂါကြောင့်လည်းကောင်း ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါကြောင့် မသန်စွမ်းသူတစ်ယောက် ဖြစ်လာပြီဆိုရင် ဒီလူသားတစ်ယောက်ဟာ လုံးလုံးသုံးမရ
တော့ဘူးဆိုတဲ့ အယူအဆ ဒီခေတ်မှာ မရှိတော့ပါဘူး။ သူတို့ဟာ တခြားမသန်စွမ်း မဖြစ်တဲ့
လူတွေလို လှုပ်ရှားဆောင်ရွက်ရတဲ့ နေရာမှာ အခက်အခဲရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမဲ့
မည်သည့်အရာမဆို ဆောင်ရွက်နိုင်တဲ့သူတွေပါ။ သူတို့ မဆောင်ရွက်နိုင်တာက ဘာကြောင့်လဲ
ဆိုရင် အတားအဆီးတွေကြောင့် ဖြစ်ပါတယ်။ အဲဒီအတားအဆီးတွေက သူတို့လုပ်တာ မဟုတ်ပါ
ဘူး။ ကျွန်တော်တို့ မသန်စွမ်းမဟုတ်တဲ့သူတွေ၊ တာဝန်ရှိတဲ့သူတွေအားလုံးက ဒီအတားအဆီး
တွေကိုသာ ဖယ်ရှားလိုက်မယ်ဆိုရင် ကျွန်တော်တို့ လူတိုင်းလူတိုင်း နေ့စဉ် ဆောင်ရွက်သလို
သူတို့လည်းဆောင်ရွက်နိုင်ပါတယ်။ ဥပမာ- wheelchair သုံးသူတစ်ယောက်ဟာ ဒီဟိုတယ်ကို
သူ့ဘာသာသူ တွန်းလှည်းနဲ့လာဖို့ အတွက် ပလက်ဖောင်းတွေ၊ လမ်းတွေက barrier free ဖြစ်ဖို့
လိုပါတယ်။ တော်တော်များများ နိုင်ငံတကာမှာတော့ ဒါကို ဦးစားပေးပါတယ်။ ကျွန်တော်တို့
ကတော့ နေရာတိုင်းက အတားအဆီးရှိတယ်။ အဆောက်အအုံ တော်တော်များများက barrier
free မဖြစ်သေးဘူး"လို့ သူကဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး