ထူးခြားတဲ့ ယဉ်ကျေးမှုဓလေ့တွေ ကွယ်ပျောက်လုဖြစ်နေတဲ့ တိုင်းရင်းသားမျိုးနွယ်တွေရဲ့ ဓာတ်ပုံပြပွဲ ကျင်းပမည်

ထူးခြားတဲ့ ယဉ်ကျေးမှုဓလေ့တွေ ကွယ်ပျောက်လုဖြစ်နေတဲ့ တိုင်းရင်းသားမျိုးနွယ်တွေရဲ့ ဓာတ်ပုံပြပွဲ ကျင်းပမည်

ကချင်ပြည်နယ်မှ ဟားခူ တိုင်းရင်းသူတွေဟာ ပယင်းနားဆွဲလေးတွေ မဆွဲတော့ပါဘူး။ ချင်း အမျိုးသမီးတွေရဲ့ ညိုစိမ့်စိမ့် မျက်နှာပြင်ပေါ်မှာလည်း တက်တူးတွေ မတွေ့ရတော့သလို ၀ တိုင်းရင်းသားတွေရဲ့ ခေါင်းဖြတ်တဲ့ ဓလေ့ဟာလည်း ကွယ်ပျောက်သွားပါပြီ။

ကချင်ပြည်နယ်မှ ဟားခူ တိုင်းရင်းသူတွေဟာ ပယင်းနားဆွဲလေးတွေ မဆွဲတော့ပါဘူး။ ချင်း
အမျိုးသမီးတွေရဲ့ ညိုစိမ့်စိမ့် မျက်နှာပြင်ပေါ်မှာလည်း တက်တူးတွေ မတွေ့ရတော့သလို ၀ တိုင်းရင်း
သားတွေရဲ့ ခေါင်းဖြတ်တဲ့ ဓလေ့ဟာလည်း ကွယ်ပျောက်သွားပါပြီ။

ဒီလို ထူးခြားဆန်းပြားတဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးစံတချို့ ကွယ်ပျောက်သွားတာကို သတိပြု
မိသူ ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် က မြန်မာပြည်အနှံ့က တိုင်းရင်းသားမျိုးနွယ်စု ၄၀
ကျော် ရဲ့ ရှင်သန်နေဆဲ ယဉ်ကျေးမှုဓလေ့တွေကို ဓာတ်ပုံမှတ် တမ်းတင်ခဲ့တဲ့ အမေရိကန်လူမျိုး
ရစ်ချက် ကေဒီရန်ပဲ ဖြစ်ပါတယ်။

ကိုလိုနီခေတ်အတွင်း မြန်မာပြည်မှာ အုပ်ချုပ်ရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စကော့ချ်လူမျိုး
ဆာဂျော့ချ်စကော့ ၁၉၀၀ ပြည့်နှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ Burma and the Upper Shan
States စာအုပ်ကို နှစ်သက်စွဲလန်းခဲ့ပြီး စာအုပ်ထဲမှာ ညွှန်းထားတဲ့ နေရာတွေကို လည်ပတ်ခဲ့ရင်း
က ထူးခြားတဲ့ တိုင်းရင်းသား တွေရဲ့ဘဝကို လေ့လာဖြစ်သွားတယ်လို့ ရစ်ချက်က မြန်မာတိုင်း(မ်)
ကို ပြောပြပါတယ်။

ပန်းချီဆရာတစ်ဖြစ်လဲ ဓာတ်ပုံဆရာ ရစ်ချက်က သူ့ရဲ့ မြန်မာပြည်ခရီးစဉ် နှစ်ပေါင်း ၂၅ နှစ်အတွင်း
တိုင်းရင်းသားပေါင်း ၄၀ ကျော်ရဲ့ ပကတိ ပုံရိပ်တွေကို ဓာတ်ပုံရိုက်ကူးခဲ့ပြီး လာမယ့် စက်တင်ဘာ
၂၈ ရက်ကနေ ၃၀ ရက်အတွင်း ဓာတ်ပုံ ရ၀ ကျော်ကို အင်းယားလိတ်ဟိုတယ်မှာ အခမဲ့ ပြသထား
မှာ ဖြစ်ပါတယ်။

"ကျွန်တော် မြန်မာပြည်ကို ၁၉၈၀ ခုနှစ်မှာ ရောက်ခဲ့ပါတယ်။ မြန်မာပြည်အနှံ့ ချောင်ကျတဲ့ နေရာ
တော်တော်များများကို သွားပြီး ဓာတ်ပုံမှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီအချိန်အခါတုန်းက ဆာဂျော့ချ်
စကော့ စာအုပ်ထဲမှာ ကျွန်တော်လေ့လာထားတဲ့အတိုင်း တိုင်းရင်းသားလူမျိုးတွေရဲ့ ဓလေ့တော်
တော်များများ ရှင်သန်နေတုန်းပဲဆိုတာ လေ့လာမိတယ်။ ဒါပေမယ့် အခုတော့ တော်တော်များများ
ပြောင်းလဲသွားပါပြီ"လို့ ရစ်ချက်က ပြောပါတယ်။

တောင်ပေါ်သူတွေဟာ ရှေးဟောင်း အိန္ဒိယ ရူပီးဒင်္ဂါးနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေအစား
အပေါစား အလူမီနီယံနဲ့ ပြုလုပ်တဲ့ လက်ဝတ်တန်ဆာတွေကို အစားထိုး ၀တ်ဆင်လာကြတာကို
တွေ့ရတယ်လို့ ရစ်ချက် က ဆိုပါတယ်။

"မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုး တွေမကွယ်ပျောက်ပါဘူး။ ရှင်သန်နေတုန်းပါပဲ။ ဒါပေမယ့်
တစ်ချိန်က အမြစ်တွယ်ခဲ့တဲ့ သူတို့ရဲ့ ရိုးရာဓလေ့တချို့ဟာ လျင်မြန်စွာပဲ ပျောက်ကွယ်နေပါပြီ"လို့
သူက ပြောပါတယ်။

ရစ်ချက် ဒီရန်ကတော့ အင်းယား လိပ်ဟိုတယ်မှာ ပြသမဲ့ သူ့ရဲ့ဓာတ်ပုံပြ ပွဲဟာ ကမ္ဘာပေါ်မှာ
အပြည့်စုံဆုံး အကျယ်ပြန့်ဆုံး မြန်မာပြည်မှ တိုင်းရင်းသားတွေရဲ့ ဓာတ်ပုံပြပွဲပဲဖြစ်တယ်လို့ ဆိုပါ
တယ်။

၁၉၉၆ ခုနှစ်မှာ အစိုးရက နိုင်ငံခြားသားတွေကို နာဂတိုင်းရင်းသားတွေရှိရာ တောင်တန်းတွေကို
လည်ပတ်ခွင့် ပေးခဲ့တုန်းက သူ့အတွက် အမှတ်တရများစွာ ရှိခဲ့တယ်လို့ဆိုပါတယ်။

"မြန်မာနိုင်ငံနဲ့ အိန္ဒိယတောင်တန်းများကြားက နာဂတောင်တန်းတွေပေါ်က လမ်းကျဉ်းလေးမှာ
ကျွန်တော် တစ်ယောက်တည်း ရပ်နေတုန်း လမ်းပေါ်ကို နာဂလူမျိုးအုပ်စုလိုက်က လှံတံနဲ့ ဒိုင်းလွှား
တွေ ကိုင်ဆောင်ပြီး အော်ဟစ်ပြေး တက်လာကြပါတယ်။ ရုပ်ရှင်ကားထဲက အတိုင်းပါပဲ"လို့ သူက
နာဂခရီးစဉ် အမှတ်တရတွေကို ပြန်လည်ပြောပြပါတယ်။

၁၉၈၇ ခုနှစ်တုန်းကလည်း ကယားပြည်နယ် အလည်အပတ်ခရီးစဉ်မှာ လူဖြူကို တစ်ခါမှ မမြင်ဘူး
တဲ့ တိုင်းရင်းသားတွေနဲ့ ပထမဆုံး ဆုံခဲ့ရပါသေးတယ်။

"ကယားပြည်နယ်က ဗြီ တိုင်းရင်းသူတွေက ကျွန်တော့ကိုမြင်တော့ အချင်းချင်းတစ်ယောက်နဲ့
တစ်ယောက် တီးတိုးပြောဆိုပြီး ကျွန်တော့ကို ရယ်မောနေကြတယ်။ ကျွန်တော့ရဲ့ ဧည့်လမ်းညွှန်
ကို သူတို့ ဘာပြောနေကြတာလဲလို့မေးတော့ သူတို့က ကျွန်တော့်ကို အသားနီစပ်စပ်နဲ့
ပုစွန်တုတ်ကြီး ဖြစ်ရမယ်လို့ တီးတိုးပြောနေကြတယ် လို့ ပြန်ဖြေပါတယ်"လို့ သူက ပြောပါတယ်။

တိုင်းရင်းသား လူမျိုးတွေဟာ မြန်မာပြည်တွင်းမှာပဲ အတူတကွ မှီတင်းနေ ထိုင်ကြပေမယ့် အများစု
ကတော့ ထူးခြားဆန်းပြားပြီး အသွေးအရောင်စုံတဲ့ တိုင်းရင်းသားလူမျိုးတွေကို မမြင်ဖူးသေးတဲ့
လူတော်တော်များ ရှိပါတယ်လို့ ဆိုပါတယ်။

အမေရိကန်လူမျိုး ဓာတ်ပုံဆရာ ရစ်ချက်ကေဒီရန်ရဲ့ မြန်မာပြည်က ထူးခြားဆန်းပြားသော ဓလေ့
တွေ ပိုင်ဆိုင်တဲ့ တိုင်းရင်းသားမျိုးနွယ်တွေ ရဲ့ဓာတ်ပုံပေါင်း ရ၀ ကို အခမဲ့ပြသ ထားမှာဖြစ်ပြီး
ပွဲအပြီးမှာ ဓာတ်ပုံတွေ အကုန်လုံးကို အမျိုးသားပြတိုက်ကို ပေးအပ်ဖို့လည်း ယဉ်ကျေးမှုဝန်ကြီး
ဌာနက ခွင့်ပြုချက်ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး