အကျဉ်းထောင် အတွင်းနံရံများကို အဖြူရောင်သုတ်ထားခြင်းကပင် သူ စတင်စကားပြောဖြစ်ခဲ့သည့် အရောင်မှာ အဖြူရောင် ဖြစ်နေရခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။
အကျဉ်းထောင် အတွင်းနံရံများကို အဖြူရောင်သုတ်ထားခြင်းကပင် သူ စတင်စကားပြောဖြစ်ခဲ့
သည့် အရောင်မှာ အဖြူရောင် ဖြစ်နေရခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။
သူဟာ အရောင်များနဲ့ စကားပြောပါတယ်။ သူဖန်တီးတဲ့ အနုပညာလက်ရာများရဲ့ ခြေလှမ်းအစ
မှာလည်း အရောင်များနဲ့ စကားပြောခြင်းပဲ ဖြစ်ပါတယ်။
"အရောင်တွေနဲ့ စကားပြောနေတယ်လို့ စိတ်ကူးယဉ်လိုက်တယ်ဗျာ" လို့ သူက ရိုးရိုးရှင်းရှင်းပဲပြော
ပါတယ်။
အကျဉ်းထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ ၁၃ နှစ် ကျော်ကာလအတွင်းမှာ သူ့ အတွက် လုပ်စရာဆိုလို့
များများစားစားလည်း မရှိခဲ့ဘူးလို့ ပြောပါတယ်။
ပြန်လည်အသုံးချခြင်းအနုပညာလို့ ခေါ်တဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပန်းချီကားတွေ၊ အနုပညာလက်ရာ
တွ ဖန်တီးခြင်းကပဲ ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခံထားရတဲ့ ကိုစန်းဇော်ထွေးအတွက် အကျဉ်းစံဘဝ
ကို ဖြတ်သန်းရာမှာ အနည်းငယ်မျှ စိတ်သက်သာရာရစေခဲ့ခြင်းပဲ ဖြစ်ပါတယ်။
"ထောင်ထဲက အခန်းရှေ့မှာ ကြွပ်ကြွပ်အိတ်ကြီးတစ်လုံး ချိတ်ထားပြီး ပလတ်စတစ်အိတ်ခွံတွေ
အထူးသဖြင့် ကော်ဖီမစ်အခွံတွေကို ဒီထဲမှာ လာပစ် ပေးပါလို့ပြောထားတယ်။ ကျွန်တော်တို့
ရေချိုးသွားရင် အမှိုက်ပုံကို ဖြတ်သွားရတယ်။ အဲဒီမှာ ကျွန်တော့်အတွက် အသုံးလိုမယ့် အရာမျိုး
တွေ တွေ့ရင် ကောက်ထားတယ်။ ရလာတဲ့စွန့်ပစ် ပစ္စည်းတွေကို အဝတ်လျှော်လို့ ထွက်လာတဲ့
ဆပ်ပြာရည်နဲ့ ဆေးကြောတယ်" လို့ ပန်းချီကားတွေဖန်တီးဖို့ လိုအပ်တဲ့ ကုန်ကြမ်း စုဆောင်းပုံကို
ကိုစန်းဇော် ထွေးက ပြောပြပါတယ်။
ပန်းချီကားတွေဖန်တီးဖို့ သူ့အတွက် အလိုအပ်ဆုံးအရာက ကတ်ကြေးနဲ့ ကော်ပဲ ဖြစ်ပါတယ်။
ထောင်ထဲလိုနေရာမျိုးမှာ ကတ်ကြေးလို ပစ္စည်းမျိုး ရရှိဖို့ ကြိုးစားရခြင်းမှာ မဟာစွန့်စားမှု တစ်ခုပဲ
ဖြစ်ပါတယ်။
"ကတ်ကြေးအတွက် ကော်ဖီမစ်တွေ တော်တော်များများနဲ့ ပေးဝယ်လိုက်ရတယ်။ ပြီးတော့
သေချာဖွက်ရတယ်။ တလာစီ (ရှာဖွေရေး) တွေ့မှာစိုးလို့" လို့ သူက ပြောပါတယ်။
ဖန်တီးထားတဲ့ လက်ရာတွေကိုလည်း ထောင်အာဏာပိုင်တချို့က တွေ့ရှိတဲ့အခါ သိမ်းဆည်းတတ်
တာကြောင့် ကိုယ်ပိုင်အိပ်ရာအောက်မှာ ထားလို့ ၀ှက်ရသလို တခြားအကျဉ်းသားတွေရဲ့ အိပ်ရာ
အောက်မှာပါ ၀ှက်ရတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
"ကျွန်တော် ဖန်တီးထားတဲ့လက်ရာ တွေကို အိမ်ပြန်ပို့တဲ့အခါ အိမ်မရောက်ဘဲ ဖျက်ဆီးခံလိုက်ရ
တာမျိုးတွေ ရှိတယ်"လို့ ကိုစန်းဇော်ထွေးက ၀မ်းနည်းစွာ ပြောပြပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရတဲ့ အချိန်မှာ အသက် ၂၄ နှစ်သာရှိသေးပြီး တက္ကသိုလ် ပထမနှစ်မှာ ဖမ်းဆီးခံခဲ့
ရတာ ဖြစ်ပါတယ်။
ထောင်မကျခင်က ကဗျာတွေသာ ရေးသားခဲ့ပြီး ပန်းချီနဲ့ ပတ်သက်လို့ လေ့လာဖူးတာမျိုး မရှိခဲ့ဘူး
လို့ ဆိုပါတယ်။
"ထောင်ထဲရောက်တော့ မွန်းကျပ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အလုပ်မရှိဘဲ မနေချင်ဘူး။ ပထမတော့
ကဗျာစပ် ဖြစ်တယ်။ နောက် ပန်းချီဆွဲဖို့ ကြိုးစားတော့ ဆေးတွေ၊ စုတ်တွေ၊ ခဲတွေ မရနိုင်တော့
ရနိုင်တဲ့ပစ္စည်းတွေနဲ့ အနုပညာကို ဖန်တီးဖို့ ကြိုးစားရတာပေါ့။ Recycle art ကို စပြီးလုပ်ဖို့
အကြံရတာက ထောင်ထဲမှာ ကိုထိန်လင်းရဲ့ recyle art show ဆိုတဲ့ သတင်းတို လေးဖတ်ရတာ
ကနေ စတာပါ။ အဲဒီမှာ စွန့်ပစ်စက္ကူတွေကို ရီဆိုက်ကယ်လုပ်ပြီး ဆေးနဲ့ပြန်ဆွဲတာ။ ထောင်ထဲမှာ
ပျော့ဖတ်ဆယ်ပြီး ကင်းပတ်လည်း လုပ်လို့မရဘူး။ အဲဒီတော့ အရောင်တွေပါတဲ့ ပလတ်စတစ်နဲ့
လုပ်ဖို့ အကြံရတယ်"လို့ သူ ပန်းချီကားတွေ စပြီး ဖန်တီးဖြစ်ပုံကို ပြောပြပါတယ်။
သူ့ရဲ့ပန်းချီကားတွေကို အစပိုင်းမှာ ထောင်အာဏာပိုင်တွေက ခွင့်မပြုခဲ့ပေမယ့်လည်း ထောင်ပိုင်
အပြောင်းအရွှေ့ဖြစ်ပြီးနောက်ပိုင်းမှာတော့ သူ့အတွက် ပန်းချီကားဖန်တီးခြင်းမှာ ခိုးဝှက်လုပ်ဆောင်
ရတဲ့ကိစ္စတစ်ခု မဟုတ်တော့ပါဘူး။
"ထောင်ထဲမှာ စာကြည့်တိုက်ဖြစ်လာတယ်။ အဲဒါနဲ့ စာကြည့်တိုက်မှာ ပန်းချီကားကပ်ချင်တယ်
ဆိုတော့ ပန်းချီကားနှစ်ကား ဖန်တီးပေးဖြစ်တယ်။ အဲဒီကနေတစ်ဆင့် ပန်းချီတွေလုပ်နေတယ်
ဆိုတာကို တရားမဝင်ပေမယ့် လက်ခံလိုက်ကြတယ်။ အဲဒါက ၂၀၁၁ နောက်ပိုင်းမှပါ"လို့ ပြောပြပါ
တယ်။
လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာ ရည်နန်းသိုက်ရဲ့
ကိုစန်းဇော်ထွေး ဘဝမှတ်တမ်းကို ရိုက်ကူးထားတဲ့ 'အကျဉ်းစံဘဝ' မှတ်တမ်းရုပ်ရှင်ဟာ
'အောင်ဆန်းစုကြည်'ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
"၂၀၁၂၊ ၁၀ လပိုင်းလောက်မှာ ကိုစန်းဇော်ထွေးရဲ့ ပန်းချီပြပွဲမှာ စပြီး တွေ့တာပါ။ ကျွန်တော်က
လည်း ပြိုင်ပွဲအတွက် ကားတစ်ကား ရိုက်ဖို့ရှိတော့ သူ့အကြောင်းကို ရိုက်ဖြစ်ခဲ့တာပါ။
သူ့အကြောင်းက ပြိုင်ပွဲခေါင်းစဉ်နဲ့လည်း သင့်တော်လို့ပါ"လို့ ကိုရည်နန်းသိုက်က ဆိုပါတယ်။
သူ့ရဲ့ထောင်တွင်း အနုပညာလက်ရာတွေနဲ့ ထောက်ကနေလွတ်မြောက်ပြီးတဲ့နောက် ဖန်တီးဖြစ်ခဲ့
တဲ့ 'ပြန်လည်အသုံးချခြင်း အနုပညာ' လက်ရာပန်းချီ ကားတွေကို စက်တင်ဘာ ၂၄ ရက်ကနေ
၃၀ ရက်အထိ ဗြိတိသျှသံရုံးမှာ ပြသခဲ့ပါတယ်။
လက်ရှိမှာတော့ သူ့လက်ရာတွေကို ပန်းဆိုးတန်းပြခန်းမှာ ရက်အကန့်အသတ်မရှိ ပြသနေတယ်
လို့ ကိုစန်းဇော်ထွေးက ဆိုပါတယ်။
သူ့ရဲ့လက်ရာတွေထဲမှာ စွန့်ပစ်ပလတ်စတစ်အိတ်များကို ပြန်လည်အသုံးပြုတာမျိုးတွေ ပါ၀င်သလို
ပလူကောင်ရဲ့ အတောင်လေးတွေနဲ့ ဖန်တီးထားတဲ့ ပန်းချီလက်ရာတွေလည်း ပါ၀င်ပါတယ်။
"Recycle art ဆိုတာ ပလတ်စတစ်နဲ့လုပ်မှ ပန်းချီကားဖန်တီးမှမဟုတ်ပါဘူး။ ကိုယ်အသုံးချနေတဲ့
ပစ္စည်းတစ်ခုကို အသုံးပြုလို့ရနိုင်တဲ့နည်းလမ်း အစုံသုံးပြီး အသုံးချဖို့ပါ။ အဲဒါမှ သဘာဝထဲက
ထုတ်ယူသုံးစွဲနေရတာလည်း လျော့ကျသွားမယ်"လို့လည်း ပြန်လည်အသုံးချခြင်း အနုပညာနဲ့
ပတ်သက်ပြီး သူ့ခံယူမှုကိုလည်း ပြောပြပါတယ်။
နောက်မျိုးဆက်တွေဆီကိုလည်း ပြန်လည်အသုံးချခြင်းအနုပညာကို လက်ဆင့်ကမ်းပေးလိုတယ်
လို့လည်း ကိုစန်းဇော်ထွေးက ပြောပါတယ်။
လက်ရှိမှာတော့ Network International School မှာ ပန်းချီရေးဆွဲခြင်းနဲ့ ပြန်လည်အသုံးချခြင်း
အနုပညာနဲ့ ပတ်သက်ပြီး သင်ကြားပို့ချပေးနေတယ်လို့ ဆိုပါတယ်။
ကိုစန်းဇော်ထွေးကို ၁၉၇၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ခြောက်ယောက်အနက် အငယ်ဆုံးသား
ဖြစ်ပါတယ်။
မိသားစု စီးပွားရေး အခြေအနေကြောင့် အစ်ကို၊ အစ်မတွေခမျာ တက္ကသိုလ်ဝင် တန်းအထိ စာသင်
ကြားခဲ့ရခြင်းမရှိပေမယ့် ကိုစန်းဇော်ထွေးကိုတော့ မိဘများက တက္ကသိုလ်ရောက်သည်အထိ
ပညာသင်ကြားပေးခဲ့ပါတယ်။
သမိုင်းဘာသာရပ်ကို သင်ယူခဲ့ပြီး ၁၉၉၈ မှာ ပြုလုပ်ခဲ့တဲ့ 'လွှတ်တော်ခေါ်ယူပေးရေး' အစိုးရကို
ဆန္ဒပြမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး အရေးပေါ်စီမံချက်ပုဒ်မ ၅/ည နဲ့ တရားမဝင်အသင်းဖွဲ့စည်းမှုပုဒ်မ ၁၇/၂၀
တို့နဲ့ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုစန်းဇော်ထွေးရဲ့ အနာဂတ်မျှော်လင့်ချက်မှာ ပြန်လည်အသုံးချခြင်းအနုပညာနဲ့ပတ်သက်ပြီး
အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဖို့နဲ့ ပြခန်းတစ်ခန်း ဖွင့်လှစ်ဖို့ပဲ ဖြစ်ပါတယ်။
"Recycled Art Association တစ်ခု ဖွဲ့စည်းချင်တယ်။ ခု gallery တစ်ခုဖန်တီးဖို့ အစပျိုးထား
တယ်။ ပန်းချီကားရောင်းရငွေနဲ့ အိမ်ကို gallery တစ်ခုဖြစ်အောင် ပြင်မယ်လို့ ရည်ရွယ်ထားတယ်"
လို့ ဆိုပါတယ်။
ခေတ်တစ်ခေတ်ရဲ့ အနုပညာလက်ရာဆိုသည်မှာ ထိုခေတ်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေ
အနေကို ထင်ဟပ်ပြသနိုင်တဲ့အရာပဲ ဖြစ်ပါတယ်။
ကိုစန်းဇော်ထွေးကလည်း သူ ဖန်တီးထားတဲ့ လက်ရာတွေဟာ နိုင်ငံရေး အခင်းအကျင်းတစ်ခု
ဖြစ်တယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ ပန်းချီဆွဲတာပဲဖြစ်ဖြစ်၊ ပြဇာတ်ကတာပဲဖြစ်ဖြစ် အနုပညာ တစ်ခုကို ဖန်းတီးတာဟာ
ကျွန်တော်တို့နေထိုင်ကြီးပြင်းရတဲ့ ခေတ်ကို အလင်္ကာတွေ၊ တန်ဆာတွေဆင်ပြီး လူမြင်သာအောင်
ပြတာ၊ စိတ်ထဲ ရောက်အောင်ပို့တာ။ လူနေမှုဘဝ တွေကို ဒီပန်းချီကားတွေက ပြနိုင်တယ်။
ပန်းချီကားတွေကိုက နိုင်ငံရေး အခင်းအကျင်းတစ်ခုပါ။ ကျွန်တော်ကတော့ နိုင်ငံရေးရယ်နဲ့
အနုပညာကို ခွဲခြားမထားပါဘူး"လို့ ကိုစန်းဇော်ထွေး က ဆိုပါတယ်။
















