အနုပညာနဲ့ ဗိသုကာလက်ရာ တွေကို တစ်ပြိုင်တည်း ခံစားနိုင်တဲ့ ရန်ကုန်က ပန်းချီပန်းပုပြခန်း

အနုပညာနဲ့ ဗိသုကာလက်ရာ တွေကို တစ်ပြိုင်တည်း ခံစားနိုင်တဲ့ ရန်ကုန်က ပန်းချီပန်းပုပြခန်း

ရန်ကုန်မြို့လယ် ၃၈ လမ်းက ချင်းတွင်းတိုက်ခန်းကတော့ ကမ်းနားလမ်းမှာရှိတဲ့ Strand ဟိုတယ်လို ရန်ကုန်မြို့မှာရှိတဲ့ လူသိထင်ရှား ကိုလိုနီအဆောက် အအုံစာရင်းထဲမှာ ပါချင်မှပါ၀င်မှာပါ။

ရန်ကုန်မြို့လယ် ၃၈ လမ်းက ချင်းတွင်းတိုက်ခန်းကတော့ ကမ်းနားလမ်းမှာရှိတဲ့ Strand ဟိုတယ်
လို ရန်ကုန်မြို့မှာရှိတဲ့ လူသိထင်ရှား ကိုလိုနီအဆောက် အအုံစာရင်းထဲမှာ ပါချင်မှပါ၀င်မှာပါ။

ဒါပေမဲ့ River Gallery တာဝန်ခံဖြစ်တဲ့ Gill Pattison က ဒီအဆောက်အအုံရဲ့ တင့်တယ်ပြေပြစ်တဲ့
အချိုးအစားနဲ့ မျက်နှာကြက်အမြင့်ကြီးတွေက ပန်းချီပြခန်းတစ်ခုအဖြစ် အသုံးပြုလို့ အကောင်းဆုံး
ပဲလို့ ပြောပါတယ်။

သူပြောတာ မှန်ပါတယ်။ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာနရဲ့ ရုံးခန်းအဆောက်အအုံဟောင်း
ဖြစ်တဲ့ ချင်းတွင်းတိုက်ခန်းအဆောက်အအုံကို River Gallery II ဖွင့်လှစ်ဖို့အတွက် ပြန်လည်
ပြင်ဆင်မွမ်းမံခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာ ဟိုတယ်အတွင်း ဖွင့်လှစ်ခဲ့တဲ့ ပထမပြခန်းထက် ပိုကျယ်ပါတယ်။

အဆောက်အအုံဟောင်းကြီးကို ခေတ်သစ်အနုပညာတွေကို ပြသရာ အခန်းတစ်ခုအဖြစ် သူ့ရဲ့
သမိုင်းဝင် လက်ရာတွေ မပျက်စီးစေဘဲ ပြောင်းလဲလို့ရတာကို ဒီအဆောက်အအုံက သက်သေပြ
နေပါတယ်။

ပြီးတော့ ဒီလို ပြန်လည်ပြင်ဆင်ထားတဲ့ အဆောက်အအုံမျိုးမှာရှိနေတဲ့ ဆန့်ကျင်ဘက် နှစ်ခု
ယှဉ်တွဲပြနိုင်တဲ့ အနေအထားကလည်း ရှေ့အလားအလာကောင်းနေတဲ့ အနုပညာတစ်မျိုးကို
စင်တင်ပြသရာ၊ အနုပညာအသစ်တစ်မျိုးကို ခံစားနားလည်နိုင်စေရာ နေရာတစ်ခုအဖြစ်လည်း
ဖြည့်ဆည်းပေးနိုင်ပါတယ်။

ရှေးဟောင်းအဆောက်အအုံတချို့ကို အသစ်ပြန်လည်ပြုပြင်တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်
ထိန်း သိမ်းမှုဟာ ရန်ကုန်မှာ ကနေ့ တွေ့မြင်နေရတဲ့ အနုပညာဆိုင်ရာအယူအဆ အပြောင်းအလဲ
ကို ထင်ဟပ်ပေါ်လွင်စေပါတယ်။

ပန်းချီပန်းပုဆရာ တော်တော်များများဟာ အနုပညာနဲ့ဆိုင်တဲ့ ထုံးတမ်းစဉ်လာ အယူအဆတွေနဲ့
အခက်အခဲတွေကို တွန်းလှန်ဖို့ကြိုးစားနေကြပြီး သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ အပြောင်း
အလဲတွေကြောင့် သူတို့ဟာ နောက်ဆုံးမှာ သူတို့ရဲ့ စိတ်ကူးတွေကို ခံစားနိုင်တဲ့ ပရိသတ်တွေကို
ရှာတွေ့သွားကြပါတယ်။

အောင်ကို ဆိုတဲ့ မြန်မာလူငယ်အနုပညာရှင်လေးဟာ ပါဖောမင့်စ်ပြကွက်၊ ဓာတ်ပုံ၊ ပန်းပုနဲ့ ပန်းချီ
စတဲ့အနုပညာတွေကြား အလွယ်တကူ အကူးအပြောင်းလုပ်ပြီး အယူအဆတစ်ခုကို အခြေတည်
ကာ ဖန်တီးပုံဖော်တဲ့ အနုပညာရှင် တစ်ဦးပါ။

သူဟာ မြန်မာနိုင်ငံရဲ့ ဖန်တီးနိုင်စွမ်း အရှိဆုံး လူငယ်လေး တစ်ဦးဖြစ်ပေမယ့် သူ့ကို ပြည်ပမှာပဲ
လူသိပိုများပါတယ်။

ဒါပေမဲ့ River Gallery မှာ ပြသမယ့် သူ့ရဲ့အနုပညာ လက်ရာပြပွဲကတော့ သူ့ကို မြန်မာနိုင်ငံ
မှာလည်း လူသိထင်ရှားဖြစ်လာစေမှာပါ။

သူ့ကို ပြည်မြို့မှာ ၁၉၈၀ ပြည့်နှစ်က မွေးဖွားခဲ့ပြီး ရန်ကုန်ယဉ်ကျေးမှု တက္ကသိုလ်မှာ ပန်းချီပညာရပ်
ကို သင်ကြားခဲ့ပါတယ်။

သူ့ရဲ့လက်ရာတွေကို အာရှတစ်လွှားမှာ ပြသခဲ့ပါတယ်။

German Goethe Institute က ကျင်းပတဲ့ River Scapes IN FLUX ပြပွဲမှာလည်း သူပါ၀င်ပြသ
ခဲ့ပါတယ်။

ဒီပြပွဲကို ဟနွိုင်း၊ ဆိုင်ဂုံ၊ ဘန်ကောက်နဲ့ ဖနွမ်းပင်မှာ ပြသခဲ့ပြီး မကြာခင်မှာ ဂျကာတာနဲ့ မနီလာမြို့
တွေမှာ ဆက်ပြီး ပြသသွားမှာပါ။

သူ့ရဲ့ လက်ရာတွေကို အရှေ့တောင်အာရှနိုင်ငံတွေက နာမည်ကျော် အနုပညာရှင်တွေရဲ့ လက်ရာ
တွေနဲ့အတူ မနီလာမြို့မှာ မနှစ်က ပြပွဲတစ်ခု ပြသခဲ့ပြီးတဲ့နောက်မှာ အရမ်းကို အလားအလာ
ကောင်းတဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ သူ့လက်ရာတွေ ပြခဲ့တဲ့ ပြခန်းမှာပဲပြန်ပြီး သူ့ရဲ့ လက်ရာတွေကို ဒီနှစ်အကုန်ပိုင်း
လောက်မှာ တစ်ကိုယ်တော် ပြသပေးဖို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရပါတယ်။

River Gallery II မှာ အခုပြသနေတဲ့ပြပွဲဟာ တစ်ကိုယ်တော်ပြပွဲရဲ့ အကြိုပွဲလေးပါ။

ဒီပြပွဲမှာ ပြသထားတဲ့ တချို့လက်ရာတွေကတော့ အီတလီကို မပို့ခင် ရန်ကုန်မှာ သုံးလေးရက်
လောက် ပြသပေးထားတာပဲ ဖြစ်ပါတယ်။

ပြခန်းတာဝန်ခံ အီတလီလူမျိုး Iola Lenzi က အောင်ကိုရဲ ့လက်ရာတွေဟာ မြန်မာနိုင်ငံက
အဖြစ်အပျက်ကို အခြေတည်ပြီး သူ့ရဲ ့အနုပညာဖန်တီးနိုင်စွမ်းနဲ့ အမိအရ ဖန်တီးထားတာပါလို့
ပြောပါတယ်။

"အရှေ့တောင်အာရှတစ်လွှားက အနုပညာရှင်တွေလို သူကတော့ စိတ်ကူးတစ်ခုကို ပုံဖော်ရာမှာ
အသုံးပြုတဲ့ အခြေခံပစ္စည်းနဲ့ နည်းပညာနောက်ကို လုံးဝမလိုက်ပါဘူး။ ဒါပေမဲ့ တကယ်တမ်းက
တော့ သူ့ရဲ့ စိတ်ကူးစိတ်သန်းကို ပေါ်လွင်ထင်ရှားအောင် အသင့်တော်ဆုံး ပုံစံ၊ ပစ္စည်းနဲ့ အသက်ပါ
မှုတွေ ကိုတော့ အထူးဂရုစိုက်ဖန်တီးထားပါတယ်"လို့လည်း ဆိုပါတယ်။

River Gallery မှာ ပစ္စည်းအမျိုးမျိုးနဲ့ ပုံဖော်ဖန်တီးထားတဲ့ အောင်ကိုရဲ့ လက်ရာတွေကို ပြသဖို့
အတွက် သူ့ရဲ့ လက်ရာတော်တော်များများကို ပြသထားမှာပါ။

ရန်ကုန် ပရိသတ်အတွက် အထူးပြသထားတဲ့ လက်ရာအတွဲတွေ ထဲကတစ်ခုကတော့ We are
Moving ဆိုတဲ့ ပန်းချီကားအတွဲလိုက် (၂၀၁၂) နဲ့ ပန်းပုလက်ရာတွေပဲ ဖြစ်ပါတယ်။

ဒါတွေကတော့ လူကိုးဦးသေဆုံးခဲ့ရပြီး လူ ၁၇၀ လောက် ဒဏ်ရာရရှိစေခဲ့တဲ့ ၂၀၁၀ သင်္ကြန်ဗုံးကွဲမှု
နဲ့ပတ်သက်တဲ့ လက်ရာတွေပါ။

အဲဒီတုန်းက အဖြစ်အပျက်ကို ဓာတ်ပုံ ရိုက်ခဲ့ကြတဲ့ ဓာတ်ပုံဆရာ တော်တော်များများဟာ
တရားမဝင် မှတ်တမ်းတင်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။

ဆင်ဆာကို အာခံပြီး အောင်ကိုဟာ ဗုံးပေါက်ကွဲမှုနောက်ပိုင်း ၀ရုန်းသုန်းကား အခြေအနေတွေကို
ပန်းချီရေးဆွဲခဲ့ပါတယ်။

သူ့ပန်းချီကားတွေဟာ သူကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ လူအုပ်ရဲ့ ထိတ်လန့်မှုကို ရေးဆွဲထားတာပါ။

လူတွေကတော့ သူ့တို့ဖြစ်ရပ်ကို ပြန်ပြောပြတဲ့အချိန်မှာ အဲဒီအချိန်တုန်းကလောက် ကြောက်စိတ်
မွှန်မနေကြတော့ပါဘူး။

လူအုပ်ရဲ့ထိတ်လန့်မှုကို ပုံဖော်ရာမှာ ပန်းချီကားတွေနဲ့ပဲ ဖော်ပြရတာ မတင်းတိမ်တဲ့အတွက်
အောင်ကိုဟာ သူ့အိမ်ဝရန်တာကနေ တွေ့ခဲ့ရတဲ့ လူတချို့ရဲ့ပုံကို သုံးဖက်မြင် ရုပ်လုံးကြွပုံနဲ့ ရုပ်တု
တွေ ဆက်လက်ထု လုပ်ခဲ့ပါတယ်။

သူလုပ်နေကျ ထုံးတမ်းစဉ်လာအတိုင်း ရုပ်တုထုရာမှာ သုံးနေကျပစ္စည်းကို မသုံးဘဲ ဖိုင်ဘာမှန်ကို
အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါမျိုးကို မြန်မာနိုင်ငံက ပန်းပုဆရာတွေ မသုံးကြသေးပါဘူး။ ရုပ်တုတွေ ဖန်တီးဖို့ အတွက်
လပေါင်းများစွာ အချိန်ကုန် အပင်ပန်းခံကြိုးစားခဲ့ပါတယ်။ ပထမဦးဆုံး ရွှံ့စေးနဲ့ ပုံစံထုတ်ပြီး
ပလတ်စတာနဲ့ ပုံလောင်းပါတယ်။ ပြီးမှ အပေါ်ကနေ ဖိုင်ဘာမှန်နဲ့ ပြန်အုပ်ထားတာပါ။

အောင်ကိုရဲ့ လက်ရာတွေကို မီလန်က နောက်ပြပွဲတစ်ခုမှာ မပြခင် ရန်ကုန်မှာ လေးရက်လောက်
ပြသပေးသွားဖို့ စီစဉ်ထားပါတယ်။

ပြပွဲက ရက်တိုတဲ့အတွက် အဲဒီရက်ပိုင်းမှာ အချိန်ပေးပြီး River Gallery II  ကို သွားကြည့်ကြမယ့်
အနုပညာကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေအားလုံးအတွက် ဒီပြပွဲဟာ အကောင်းဆုံး စိတ်ဝင်စား
စရာတွေ ရှိနေသင့် ပါတယ်။

River Gallery II အဆောက်အအုံ ကလည်း သူ့ရဲ့ခေတ်ပေါ်လက်ရာတွေနဲ့ အဆောက်အအုံရဲ့
ရှေးဟောင်းဗိသုကာ လက်ရာတွေကို နှစ်မျိုးစလုံး ယှဉ်တွဲခံစားနိုင်စေပါတယ်။

ဒီပြခန်းမှာ ဇော်ဝင်းဖေ၊ ကြီးမြင့်ဇော်နဲ့ ငွေအောင်အပါအဝင်ခေတ်ပြိုင် အနုပညာရှင်တွေရဲ့ လက်ရာ
တွေကိုလည်း ပြသထားပါတယ်။

ဒါကြောင့် အဲဒီပြပွဲမှာ အနုပညာရသမျိုးစုံကို တစ်ပြိုင်တည်း ခံစားနိုင်တယ်လို့ ပြောနိုင်ပါတယ်။

အမှတ်(၃၃)၊ ၃၈လမ်း (ကမ်းနားလမ်းထောင့်နား)မှာရှိတဲ့ River Gallery II မှာ အောင်ကိုရဲ့
လက်ရာတွေကို အောက်တိုဘာလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ပြသသွားမှာဖြစ်ပြီး
အသေးစိတ်သိချင်တယ်ဆိုရင် [email protected] ဒါမှမဟုတ်
www.rivergallerymyanmar.com မှာ မေးမြန်းလေ့လာနိုင်ပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး