ကြော်ငြာရိုက်ကူးရာမှာ ယာဉ်ထိန်းရဲဝတ်စုံကို ခွင့်မတောင်းဘဲ ၀တ်ဆင်သရုပ်ဆောင်ခဲ့မှုဖြင့် စွပ်စွဲခံထားရတဲ့ သရုပ်ဆောင် မင်းမင်းထွန်း၊ ဒါရိုက်တာဇော်ကိုကိုနဲ့ Mango ကုမ္ပဏီတို့ဟာ အောက်တိုဘာလ ၉ ရက်နေ့မှာ ခြောက်ကြိမ်မြောက်ရုံးချိန်းကို ကြားနာရမှာဖြစ်ပါတယ်။
ကြော်ငြာရိုက်ကူးရာမှာ ယာဉ်ထိန်းရဲဝတ်စုံကို ခွင့်မတောင်းဘဲ ၀တ်ဆင်သရုပ်ဆောင်ခဲ့မှုဖြင့်
စွပ်စွဲခံထားရတဲ့ သရုပ်ဆောင် မင်းမင်းထွန်း၊ ဒါရိုက်တာဇော်ကိုကိုနဲ့ Mango ကုမ္ပဏီတို့ဟာ
အောက်တိုဘာလ ၉ ရက်နေ့မှာ ခြောက်ကြိမ်မြောက်ရုံးချိန်းကို ကြားနာရမှာဖြစ်ပါတယ်။
"တရားစွဲဆိုခံရပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့သုံးယောက်ကို နှစ်ပတ်တစ်ကြိမ် ရုံးချိန်းခေါ်ပြီး
စစ်ဆေးမေးမြန်းခဲ့တယ်။ ပထမဦးဆုံး နေ့က တရားလိုနဲ့တရားခံဘက်ကို မေးမြန်းတယ်။ နောက်
တရားလိုဘက်က မျက်မြင်သက်သေ ယာဉ်ထိန်းရဲတွေနဲ့ ဈေးသည်တွေကိုမေးတယ်။ နောက်
ကျွန်တော်တို့အမှုကို စွဲချက်တင်တဲ့ စခန်းမှူ၊းကိုမေးခဲ့တယ်။ တတိယရုံးချိန်းကတော့ တရားလို
ဘက်ကမလာလို့ ပျက်ကွက်ခဲ့တယ်။ အဲဒီနောက်ပိုင်းရုံးချိန်းတွေမှာတော့ ထူးထူးခြားခြား ပြောင်း
လဲတာတွေ မရှိသေးပါဘူး။ ဒါပေမဲ့ အခုခြောက်ကြိမ်မြောက်ရုံးချိန်းမှာတော့ တစ်ခုခုထူးခြားမယ်
လို့ ထင်ပါတယ်"လို့ တရားစွဲဆိုခံထားရသူတစ်ဦးဖြစ်တဲ့ ကိုမင်းမင်းထွန်းက မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။
ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Mango ကနေ တင်သွင်းတဲ့ ဗီတာမင်စီ ထုတ်ကုန်အတွက် ဇူလိုင်
လ ၁၃ ရက်နေ့က ဆူးလေးမီးပွိုင့် အနီးမှာ ဒါရိုက်တာဇော်ကိုကိုမှ ကြော်ငြာရိုက်ကူးရာမှာ
Life&Dance အဖွဲ့မှ အကပညာရှင် မင်းမင်းထွန်းက ယာဉ်ထိန်းရဲဝတ်စုံကို ၀တ်ဆင်ပြီး နာမည်
ကြီးအဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ လူသိများတဲ့ကကွက်နဲ့ တင်ဆက်ကပြခဲ့တာကို လမ်းသွား
လမ်းလာတစ်ဦးက လျှပ်တစ်ပျက်ရိုက်ကူးခဲ့ပြီး အင်တာနက်ပေါ်မှာတင်ခဲ့ရာမှ 'ယာဉ်ထိန်းရဲရဲ့က
ကွက်ဆန်း' အမည်နဲ့ ပျံ့နှံ့ခဲ့ပါတယ်။
ကြော်ငြာရိုက်ကူးတာနဲ့ ပတ်သက်ပြီး အမှတ် ၆၊ ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှုး (ရန်ကုန်) ယာဉ်ထိန်းတပ်
ဖွဲ့မှ ရဲမှူးသာဋ္ဌေးက ကျောက်တံတားရဲစခန်းမှာ 'ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အယောင်ဆောင်၍ ဂုဏ်သိ
က္ခာကျဆင်းအောင် ပြုလုပ်မှု'ဖြင့် တရားလိုပြုကာ တိုင်ကြားတာကို ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီနောက် ဇူလိုင်လ ၁၇ ရက်နေ့မှာ ကျောက်တံတားတရားရုံးမှာပဲ ကျောက်တံတားရဲစခန်း (ပ)
၂၄၄/၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၇၁၊ ၅၀၀၊ ၁၁၄ စွဲချက်သုံးခုနဲ့ ရုံးတင်စစ်ဆေးခံခဲ့ရပြီး ပထမ
အကြိမ်ရုံးချိန်းကို ဇူလိုင်လ ၃၀ ရက်နေ့မှာ စတင်ကြားနာခဲ့ပါတယ်။ ရုံးချိန်းတွေကို ဇူလိုင်လထဲမှာ
တစ်ကြိမ်၊ ဩဂုတ်လထဲမှာ နှစ်ကြိမ်နဲ့ စက်တင်ဘာလထဲမှာနှစ်ကြိမ် စုစုပေါင်းငါးကြိမ်ကြားနာခဲ့ပြီး
ဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးရေးဟာလည်း လတ်တလောမှာ တပိုင်းတစနဲ့ရပ်ထားရတယ်လို့
လည်း ကိုမင်းမင်းထွန်းက ပြောပါတယ်။















