အစားအစာတွေကို သက်သောင့်သက်သာ စားခွင့်ရမယ့် Ryuta ဂျပန်စားသောက်ဆိုင်

Ryuta ဂျပန်စားသောက်ဆိုင်။ ဘူးသီး/မြန်မာတိုင်း(မ်)
Ryuta ဂျပန်စားသောက်ဆိုင်။ ဘူးသီး/မြန်မာတိုင်း(မ်)

အစားအစာတွေကို သက်သောင့်သက်သာ စားခွင့်ရမယ့် Ryuta ဂျပန်စားသောက်ဆိုင်

ရန်ကုန်မြို့ထဲက လမ်း ၄၀ မှာ မကြာသေးခင် က ဖွင့်လှစ်လိုက်တဲ့ Ryuta ဂျပန်စားသောက်ဆိုင်
လေးကို ရှာတွေ့ဖို့အတွက် မျက်စိရှင်ဖို့တော့ လိုပါတယ်။

ဗိုလ်ချုပ်လမ်းဘက်ကို မျက်နှာမူထားပြီး ဘာအပြင်အဆင်မှမရှိတဲ့ အဆောက်အအုံရဲ့ လမ်း ၄၀
ဘက်ခြမ်းက သစ်သားလျှောတံခါးမကြီးကို မျက်စိအရှင်ဆုံး လမ်းသွားလမ်းလာလောက်ပဲ
သတိပြုမိ လောက်မှာပါ။

လမ်းမကြီးဘက်ကို မျက်နှာမူထားတဲ့ ဘက်မှာ တံခါးပေါက်မရှိသလို ပြတင်းပေါက်လည်း
မရှိပါဘူး။

လမ်း ၄၀ ဘက်မှာတော့ ဆိုင်ရဲ့ အဝင်အထွက်အတွက် အမြဲတမ်းပိတ်ထားတဲ့ တံခါးပေါက်
တစ်ပေါက်ပဲ ရှိပါတယ်။

ဒီဆိုင်လေးကတော့ ရန်ကုန်မြို့ရဲ့ ဆူညံမှုကနေ လွတ်မြောက်စေတဲ့ နေရာလေးပါ။

အတွင်းပိုင်းပြင်ဆင်မှု သိပ်မရှိပေမယ့် မီနူးစာရွက် ရိုးရိုးရှင်းရှင်း တိုတိုလေးမှာတော့
အစားအသောက် ကောင်းကောင်းတွေကို တွေ့ရပါ တယ်။

အေးချမ်းဆိတ်ငြိမ်ပြီး အဲကွန်းကြောင့် အေးမြနေတဲ့ အခန်းလေးထဲမှာ ရုပ်ရှင်ကားဟောင်းနဲ့
ပေါ့ပ်သီချင်းတွေ ဖွင့်ပေးထားပေမယ့် ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက် မဖြစ်စေတဲ့
အနေအထားမျိုးလေးပါ။

အခန်းထဲက မီးချောင်းတွေမှာလည်း လက်ရေးပန်းချီပါ စာရွက်လေးတွေ ကပ်ထားပါတယ်။

ဆိုင်ထဲ ၀င်လာတဲ့သူ နေရာမှာ မထိုင်ခင်မှာပဲ ရေနွေးကြမ်းအေးအေးတစ်ခွက် လာချပေးပါတယ်။

ထိုင်စရာနေရာကတော့ အကန့်အသတ်ရှိပါတယ်။ ဒါပေမဲ့ လူရှစ်ယောက်လောက် ထိုင်လို့ရတဲ့
သစ်သား ဘားရိုးရိုးလေးလည်း ရှိပါတယ်။

ဒါကတော့ မီးဖိုခန်းနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပါတယ်။

စားပွဲအနိမ့်လေးတွေကတော့ လူ လေးယောက်စာအတွက် အဆင်ပြေပါတယ်။

ကျွန်မကတော့ ဒီဆိုင်မှာ နေ့လယ်စာပဲ သွားစားဖြစ်လေတော့ ဒီဆိုင်နဲ့ပတ်သက်ပြီး
သိပ်အများကြီး ပြောမပြနိုင်ပါဘူး။

ဒါပေမဲ့ ၀န်ဆောင်မှုနဲ့ အစားအသောက်ကတော့ ကျွန်မသွားဖြစ်တဲ့အခါတိုင်း အပြောင်းအလဲမရှိ
အမြဲကောင်းမွန်နေပါတယ်။

ဒါပေမဲ့ တစ်နေ့မှာတော့ ဆိုင်ပိတ်ထားတာနဲ့ မမျှော်လင့်ဘဲ ကျွန်မ ကြံုခဲ့လိုက်ရပါတယ်။

ဒီအချက် ကိုတော့ သတိထားသင့်ပါတယ်။

မီနူးထဲမှာတော့ စားစရာအတွဲအစပ်တွေ ရွေးစရာ အများကြီးရှိပါတယ်။

ရေနွေးကြမ်း အေးအေးတစ်ခွက်၊ မီဆိုဟင်းချို၊ အရံဟင်း အဖြစ် အသုပ်တစ်ပွဲ၊ အသား၊ ထမင်းနဲ့
အသီးအရွက်တွေပါတဲ့ အဓိကပွဲကြီးတစ်ပွဲပါ၀င်တဲ့ ၀မ်းဆက်ကို ကျပ် ၅,၀၀၀ လောက်ပဲ
ကျပါတယ်။

အစားအစာတွေက မှာလိုက်တာနဲ့ ချက်ချင်း ရောက်လာပါတယ်။

ဧည့်သည် ရေနွေးကြမ်း ထပ်လိုမလား၊ ငွေရှင်းတော့ မလားဆိုတာကို သိနိုင်ဖို့အတွက် စားပွဲထိုး
လေးက ခပ်လှမ်းလှမ်းကနေ ယဉ်ယဉ်ကျေးကျေး စောင့်ကြည့်နေပါတယ်။

အစားအစာတွေက အစားကြီးသူတွေအတွက် သိပ်အများကြီးမဟုတ်လှပေမယ့် သာမန်လူတွေ
အတွက်ကတော့ နေ့လယ်စာက တော်တော်လေး များနေပါတယ်။

ပထမ တစ်ခါသွားစားတုန်းကတော့ ကျွန်မ မှာစားခဲ့တဲ့ barbecued chicken ကတော့
ထမင်းဖြူပေါ်မှာ ကြက်သားတုံးလေးတွေကို ကြက်သွန်နီနဲ့ မွှေကြော်ကြော်ပြီး အပေါ်ကနေ
အရသာရှိလှတဲ့ စေးပျစ်ပျစ် ပဲငံပြာရည် လောင်းဆမ်းပြီး ရေညှိအမျှင်လေးတွေ ဖြူးပေးထားတဲ့
ပွဲကြီးတစ်ပွဲပါ။

မီဆိုဟင်းချိုမှာ တော့ တိုဟူးတုံးလေးတွေပါသလို ချင်းအရသာလည်း ရပါတယ်။

ခရမ်းချဉ်သီး အတုံးလေးတွေနဲ့ ကြက်သွန်စိမ်းအတုံးလေးတွေကို ရှလကာရည်၊ ဆီ၊ ဟင်းခတ်
အမွှေးအကြိုင်တွေ လောင်းဆမ်းပေးထားတဲ့ အသုပ်ပွဲကတော့ ကျွန်မကို အံ့အားသင့်စေပါတယ်။

အသီးအရွက်နဲ့ ရောစပ်မယ့် အသားကို ကြက်သား၊ ဒါမှမဟုတ် ၀က်သား ကြိုက်ရာမှာလို့
ရပါတယ်။

ဒီတစ်ခါတော့ ကျွန်မ ၀က်သားနဲ့ မှာလိုက်ပါတယ်။ ၀က်သားကို ဂေါ်ဖီ၊ မုန်လာဥနီနဲ့
မွှေကြော်ကြော်ထားပြီး ထမင်းဖြူပေါ်မှာ အုပ်ပေးထားပါတယ်။

Berbecued chicken လောက် အသားတွေ မနူးညံ့သလို မလတ်ဆတ်ပေမယ့် အရသာ
ရှိပါတယ်။

အသုပ်ပွဲကတော့ အရသာပြေပြစ်ပြီး ကရင်မ်များတဲ့ အာလူးသုပ် ပါ။

တကယ်လို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာကို ခပ်မြန်မြန်လေး စားချင်တယ်ဆိုရင်၊
စိတ်ဖိစီးမှုတွေကို ခဏတာပြေပျောက် စေချင်တယ်ဆိုရင်တော့ Ryuta ကတော့ ရွေးချယ်စရာ
နေရာကောင်းတစ်ခုပါပဲရှင့်။

Ryuta
အမှတ်(၂၄၉) ဘီ၊ လမ်း ၄၀ နှင့် ဗိုလ်ချုပ်လမ်းထောင့်။

သီရိမင်းထွန်း ဘာသာပြန်သည်။

 
[