မြန်မာနှစ်သစ် အခါသမယမှာ အားလုံးသော စာဖတ်ပရိတ်သတ်များနဲ့ မြန်မာတိုင်း(မ်)က
အဖွဲ့သားအားလုံးကို စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ အရင်ဆုံး
ဆုတောင်းလိုက်ပါတယ်။
သင်္ကြန်အတွင်းမှာ အားလုံးလည်း အနားရခဲ့ကြမယ်ထင်ပါတယ်။ ဖြိုးတို့မိသားစုကတော့
ထိုင်းနိုင်ငံဘက်ကို ခရီးထွက်ဖြစ်တာမို့ ခရီးစဉ်တစ်လျှောက် ထိုင်းဟင်းတွေကို
လေ့လာဖြစ်ပါတယ်။
ချက်နည်းပြုတ်နည်းထက် ပြင်ဆင်ပုံ၊ တင်ပြပုံ၊ ရောင်းချပုံလေးတွေပါ။
အပန်းဖြေခရီးဆိုပေမယ့် စပ်စုလိုစိတ်ကတော့ ထုံးစံအတိုင်း တားမရပါဘူး။
လတ်လတ်ဆတ်ဆတ်နဲ့ ရိုးရှင်းတဲ့အသွင်အပြင် ဒါမှမဟုတ် အနုပညာဆန်ဆန် ပြင်ဆင်ထားတဲ့
ထိုင်းဟင်းပွဲတွေဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
နောက်ပြီး သူတို့က ဆီတွေအများကြီး မမြင်အောင် ပြင်ထားတတ်ပါတယ်။
ဒါနဲ့ပဲ စားပြီးရင်း စားဖြစ်သွားပါတယ်။
နောက်ပြီး ထိုင်းစားသောက်ဆိုင်တွေရဲ့ မီနူးမှာ ပုံမှန် မြင်တွေ့နေကျမဟုတ်တဲ့ ဟင်းလေးတွေကို
မြည်းစမ်း ဖြစ်ပါတယ်။
ရာသီဥတုကပူတော့ ထိုင်းအစား အသောက်တွေထဲက အသုပ်လေးတွေကိုပဲ ရွေးစားဖြစ်တာ
များပါတယ်။
အသုပ်တွေက ချဉ်၊ ငန်၊ စပ် ဆိုတော့ ခံတွင်းတွေ့တာပေါ့လေ။
ကြိုက်မိတဲ့ အသုပ်လေးတွေကို ပြန်ပြီးမျှပေးလိုက်တယ်နော်။
အားလုံးလည်း နွေအပူမှာ ခံတွင်းပျက်နေရင် ချဉ်၊ ငန်၊ စပ် အသုပ်လေးတွေနဲ့ ထမင်းမြိန်တာပေါ့။
နောက်တစ်ခုက စပါးလင်ဖျော်ရည် လုပ်နည်းလေးပါ။ လုပ်ရတာလွယ်သလို
သောက်လိုက်ရင်လည်း ရင်ကိုအေးပြီး ခေါင်းကြည်စေပါတယ်။
လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ စပါးလင်ဖျော်ရည်က သောက်လို့ကောင်းပါတယ်။ နောက်ပြီး
သူ့ကို ရေခဲသေတ္တာထဲထည့်ပြီး သိမ်းထားရင် နှစ်ရက်လောက် အထားခံပါတယ်။
စပါးလင်နဲ့ ငါးနီတူသုပ်
ပါ၀င်ပစ္စည်းများ
(လေးဦးစာ)
စပါးလင် ၃ ချောင်း
ပုစွန်ခြောက်အကောင် စားပွဲဇွန်း ၂ ဇွန်းခွဲ (၃၀ ဂရမ်)
ငါးနီတူကြော်ပြီးသား စားပွဲဇွန်း ၃ ဇွန်းခွဲ (၃၅ ဂရမ်)
ကြက်သွန်နီကြော် စားပွဲဇွန်း ၂ ဇွန်းခွဲ
ရှောက်ရွက် ၃ ရွက်
မြေပဲ (စလုံးစခု) စားပွဲဇွန်း ၂ ဇွန်း
သံပရာသီး တစ်ဝက် နံနံပင် လက်တစ်ဆုပ်စာ
Dressing အတွက်
မန်ကျည်းရည် စားပွဲဇွန်း ၂ ဇွန်း
သံပရာရည် စားပွဲဇွန်း ၂ ဇွန်း
သကြား စားပွဲဇွန်း ၂ ဇွန်း
ငံပြာရည် စားပွဲဇွန်း ၂ ဇွန်း
ငရုတ်သီး အကျက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ -၂ ဇွန်း
ပြင်ဆင်ပုံ
Dressing အတွက် ပါ၀င်ပစ္စည်းတွေအားလုံးကို ဇလုံတစ်ခုထဲမှာ ထည့်ပြီး သကြားများပျော်သည်
အထိ မွှေပါ။
ပြီးရင် သတ်သတ်ဖယ်ထားပြီး စားခါနီးမှ အသုပ်ပေါ်လောင်းထည့်ပြီးသုပ်ပါ။
နံနံပင်ကိုရေဆေး၊ ရေစစ်၊ ရေခြောက်ပြီဆိုရင်တော့ အရွက်လေးတွေကို ခြွေပြီး အသုပ်သုပ်ပြီးတဲ့
အခါ အပေါ်ကနေဖြူးဖို့ ဖယ်ထားပြီး ကျန်တဲ့အရိုးတွေကိုတော့ ပါးပါးလှီးပြီး အသုပ်သုပ်ဖို့ အတွက်
ဖယ်ထားပါ။
စပါးလင်ကိုလည်း ရေဆေး၊ အခွံကြမ်းတွေခွာပြီး ထိပ်ကို ဖြတ်ပါ။
ပြီးတဲ့အခါ အဖြူရောင်နုနုအပိုင်းကို ပါးပါးလေးလှီးပြီး ဖယ်ထားပါ။ ရှောက်ရွက်ကိုလည်း
ပါးပါးလှီးပါ။
သံပရာသီးကို ပါးပါးလေးလှီးပြီး အစေ့ထုတ်ကာ ဖယ်ထားပါ။
သူ့ကိုလည်း စားခါနီး dressing အရည်ထည့်ပြီးမှ ထည့်ကာ နှံ့အောင် မွှေပါ။
အရင်ထည့်ထားရင် အသုပ် ခါးသွားတတ်ပါတယ်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ အသုပ်မှာပါတဲ့ပစ္စည်းတွေ အားလုံးကို ဇလုံတစ်ခုထဲထည့်၊
နောက် dressing အရည်ဆမ်း၊ သံပရာသီးစိတ်လေးတွေထည့်ပြီး နှံအောင် နယ်ပေးပြီးရင်
စားလို့ရပါပြီ။
ငါးပိကောင်ကြော်တို့၊ ငါးကြော်တို့နဲ့ တွဲစားလို့လိုက်ပါတယ်။
စပါးလင်ဖျော်ရည် အေးအေးလေး
ပါ၀င်ပစ္စည်းများ
(လေးဦးစာ)
စပါးလင်ကြီးကြီး ၆ ချောင်း
သကြား စားပွဲဇွန်း ၆ ဇွန်း (အချိုမကြိုက်ရင် လျှော့ထည့်လို့ရပါတယ်)
ရေ ၂ လီတာ
ပြင်ဆင်ပုံ
စပါးလင်တွေကို ရေဆေးပြီး ထိပ်ဖြတ်ကာ အပေါ်က အရင့်တွေကို ဖယ်ပေးပါ။
အဖြူရောင်အပိုင်းပေါ်လာပြီဆိုရင် ၉ - ၁၀ လက်မ အရှည်လောက်ဖြတ်ပြီး နှစ်ခြမ်း အရှည်လိုက်
ခြမ်းပါ။
နောက် အဖြူရောင်အပိုင်းကို ငရုတ်ကျည်ပွေ့ ဒါမှမဟုတ် ဓားပြားနဲ့ နာနာလေးထုပြီး
ကြေအောင်ခြေပါ။
ပြီးရင် ရေထည့်ထားတဲ့ အိုးထဲကို စပါးလင်များကို ထည့်ပြီးကျိုပါ။
ရေဆူလာပြီဆိုရင် မီးကို လျှော့ကာ မီးအေးအေးလေးဖြင့် နှပ်ထားပါ။
တစ်နာရီခွဲ လောက်ဆိုရင် စပါးလင်ကအရည်တွေလည်း တော်တော််လေး ပျော်ဝင်သွားမှာပါ။
ရေလည်း စိမ်းဖန့်ဖန့်အရောင် ပြောင်းလာပါလိမ့်မယ်။
ပြီးရင်တော့ သကြားထည့်ပြီး ပျော်အောင် မွှေပါ။
ပြီးတဲ့အခါ မီးဖိုပေါ်မှချကာ အအေးခံပြီး ရေခဲလေးနဲ့ရောပြီး သောက်သုံးနိုင်ပါတယ်။
