အီတလီအစားအစာတွေ သုံးဆောင်နိုင်မယ့် ကုက္ကိုင်းစားသောက်ဆိုင်

ကုက္ကိုင်းစားသောက်ဆိုင်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
ကုက္ကိုင်းစားသောက်ဆိုင်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အီတလီအစားအစာတွေ သုံးဆောင်နိုင်မယ့် ကုက္ကိုင်းစားသောက်ဆိုင်

ကြွပ်ရွနေအောင် ကြော်ထားတဲ့ ပုစွန်တန်ပူရာ ပန်းကန်၊ သစ်သီးစုံ တစ်ပန်းကန်နဲ့ ၀ုိင်တစ်ခွက်
တင်ထားတဲ့ စားပွဲတစ်ခုရဲ့ မြင်ကွင်းက ရန်ကုန်မြို့ရဲ့ နေပူပူကို ခဏလောက် မေ့သွားစေပြီး
ပြာလဲ့နေတဲ့ ရေကူးကန်၊ မြက်ခင်းစိမ်းစိမ်းတွေနဲ့ လိုက်ဖက်စွာ ဧည့်သည်ရဲ့ မြင်ကွင်းကို
ဆွဲဆောင်စေပါတယ်။

ကုက္ကိုင်း ရေကူးကန်ဝင်းအတွင်းမှာ လာရောက်စားသုံးသူတွေ ကိုယ်တိုင် ၀င်ရောက်ချက်ပြုတ်နိုင်
တဲ့ အီတလီခေါက်ဆွဲ (စပါကတီ)နဲ့ သီးသန့်မီးဖိုတွေကို အစဉ်လိုက် နေရာချ စီစဉ်နေသလို ၀ုိင်၊
ကော့လ်တေးနဲ့ တခြား သောက်သုံးစရာတွေကိုလည်း ဘားတစ်ခုအဖြစ် ပြင်ဆင်နေကြပါတယ်။

ပိုင်ရှင်က အမေရိကမှာ နှစ်အတော်ကြာ နေလာတဲ့ မြန်မာလူမျိုး တစ်ယောက်ဖြစ်ပြီး ၂၀၁၄
နှစ်စပိုင်းကတည်းက ဒီဆိုင်အတွက် ကြိုတင် ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

ဘားနဲ့ စားသောက်ဆိုင်ကို အီတလီအစားအစာတွေ သီးသန့်ရနိုင်တဲ့ နေရာတစ်ခုအဖြစ်
ကုက္ကိုင်းရေကူးကန်ဝင်းအတွင်းမှာ မေလလယ်မှာ စတင်ဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့
စားသောက်ဆိုင်ရဲ့ မန်နေဂျင်း ဒါရိုက်တာ မစ္စတာ ဖလော်ရီရန် ဖရန့်က ပြောပါတယ်။

"အခုလောလောဆယ်ဖြစ်နေတဲ့ အခက်အခဲက ကျွန်တော်တို့စိတ်ကြိုက် အီတလီစားဖိုမှူး
ကောင်းကောင်းတစ်ယောက် မရသေးတာပဲ။ တစ်ယောက် ပြီးတစ်ယောက် အစမ်းခန့်ကြည့်
ပေမယ့် အကြိုက်မတွေ့နိုင်သေးဘူး။ ကျွန်တော်တို့ ကိုယ်တိုင် သိပ်သဘောမကျတဲ့ သာမန်ကာ
လျှံကာ စားဖိုမှူးကိုတော့ ဒီဆိုင်မှာ မထားနိုင်ပါဘူး"လို့ မစ္စတာ ဖလော်ရီရန်က ပြောပါတယ်။

ကုက္ကိုင်းဘားနဲ့ စားသောက်ဆိုင်ရဲ့ ၀န်ထမ်းတွေ အားလုံးကိုတော့ လာရောက်စားသုံးသူတွေ
စိတ်ကျေနပ်မှုအပြည့်ရအောင် လေ့ကျင့်ပေးထားတယ်လို့ သူက ပြောပြီး ၁၀၀ ရာခိုင်နှုန်း
အရည်အချင်း မပြည့်ဝဘဲ သူ့ဆိုင်မှာ မခန့်ထားဘူးလို့လည်း အာမခံထားပါတယ်။

ဆိုင်လာမယ့် ဧည့်သည်တွေအတွက် ရေကူးကန်ဘေး မြက်ခင်းကျယ်မှာ ဖက်ရှင်ရှိုးအပါအဝင်
ကုမ္ပဏီညစာ စားပွဲတွေအထိ ကျင်းပပေးနိုင်ဖို့ ပြင်ဆင်နေပြီး ရေကူးကန်တွေရဲ့အပေါ်ဘက်
တောင်ကုန်းလေးပေါ်မှာလည်း ဘားတစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။

"ဖက်ရှင်ရှိုး၊ ၀ုိင်သစ်မိတ်ဆက်ပွဲနဲ့ တခြားဆိုရှယ်ပွဲလေးတွေအတွက် ဒီမြက်ခင်းပြင်က
အသင့်တော်ဆုံးလို့ ယူဆလို့ ကျွန်တော်တို့ သေချာ ပြင်ဆင်ခဲ့ပါတယ်။ အခမ်းအနားမရှိတဲ့
နေ့ရက်တွေအတွက်တော့ ဂျပ်ဇ်ဂီတအဖွဲ့ ပုံမှန်ဖျော်ဖြေပွဲလေးတစ်ခု ပြုလုပ်ပေးသွားမှာပါ" လို့
မစ္စတာ ဖလော်ရီရန်က သူ့ရဲ့ စိတ်ကူးကို ပြောပါတယ်။

မြို့လယ်ကောင်ဖြစ်ပေမယ့် ကားသံ၊ လူသံတွေနဲ့ ကင်းဝေးပြီး အေးဆေးစွာ အနားယူနိုင်တဲ့
နေရာတစ်ခုဖြစ်နေတာမို့ သူ့ရဲ့စိတ်ကူးတွေက ဒီလောက်နဲ့ မရပ်သွားသေးပါဘူး။

"နောက် နှစ်အနည်းငယ်အတွင်းမှာ ဒီဆိုင်က ရန်ကုန်မြို့ရဲ့ အကောင်းဆုံး အီတလီ
စားသောက်ဆိုင်၊ အကောင်းဆုံး အပန်းဖြေအနားယူစရာ နေရာတစ်ခုဖြစ်ဖို့ ကျွန်တော်တို့
အိပ်မက်တွေ အများကြီးရှိနေပါတယ်။ အခု လောလောဆယ် တရားဝင် ဆိုင်ဖွင့်ခွင့်ရဖို့နဲ့
စားဖိုမှူး ကိစ္စကလွဲရင် လာရောက် လည်ပတ်နိုင်ပါတယ်" လို့ မစ္စတာ ဖလော်ရီရန်က
ဖိတ်ခေါ်ထားပါတယ်။

လတ်တလောမှာတော့ ရေကူးကန် စဖွင့်ချိန် မနက်စောစောကတည်းက မုန့်ဟင်းခါးအပါအဝင်
မြန်မာမုန့်အနည်းငယ်ကို ဒီဆိုင်မှာ ရရှိနိုင်ပြီး ည ၁၁ နာရီဝန်းကျင်အထိ တရုတ်ဟင်းလျာ
အမျိုးပေါင်း ၄၀ ကျော်ကို ရောင်းချပေးနေပေမယ့် တကယ်တမ်း အီတလီအစား အစာသီးသန့်
ရောင်းချချိန်မှာတော့ တခြား ဟင်းလျာတွေရောင်းချနိုင်ဖို့ မသေချာတော့ဘူးလို့ သူက
ဆက်ရှင်းပြပါတယ်။

မနက်စာတွေအတွက်ကို ကျပ် ၈၀၀ ၀န်းကျင်နဲ့ တရုတ် အစားအစာတွေအတွက် ကျပ် ၁,၅၀၀
၀န်းကျင်က စပြီး မှာယူနိုင်သလို သီးသန့်စီစဉ်ထားတဲ့ ရေခဲမုန့် အရသာ ကောင်းကောင်းကိုလည်း
မြည်းစမ်းနိုင်ပါတယ်။

ဘား မဖွင့်လှစ်ရသေးပေမယ့် ဗော့ကာ၊ ရှန်ပိန်နဲ့ ၀ုိင်တော်တော်များများကိုလည်း ခင်းကျင်းထားပြီး
တစ်ခွက် ကျပ် ၈၀၀ ၀န်းကျင်နဲ့ ဈေးချိုသာတဲ့ ကော့လ်တေးအမျိုးမျိုးအတွက်လည်း ရောင်းချနိုင်ဖို့
ပြင်ဆင်နေတယ်လို့ မစ္စတာ ဖလော်ရီရန်ကပြောပါတယ်။

တိတ်ဆိတ်ပြီး အေးချမ်းတဲ့အပြင် ပတ်ဝန်းကျင်မှာ စိမ်းစိုနေတဲ့သစ်ပင်၊ မြက်ခင်းတွေနဲ့ ၀န်းရံထား
တဲ့ ကုက္ကိုင်းဘားနဲ့ စားသောက်ဆိုင်မဖွင့်မီ စားဖိုမှူးကောင်း တစ်ယောက် အချိန်မီရမယ်ဆိုရင်တော့
အီတလီ အစားအစာနှစ်သက်သူတွေအတွက် ပြီးပြည့်စုံတဲ့ စားသောက်ဆိုင်လေးဖြစ်မှာ
သေချာပါတယ်။

 
[