ဒီတစ်ပတ်မှာလည်း အရှေ့တိုင်း ဟင်းလျာတွေနဲ့ ထိုင်းဟင်းတွေထဲက ချက်နည်းလေးတွေသုံးပြီး
fusion ဟင်းလေးတွေ ဆက်ချက်ဖြစ်ပါတယ်။
ထိုင်းမှာတုန်းက ထိုင်းဟင်းတွေကို ဥရောပစတိုင် ချက်ပြုတ်ပြင်ဆင်ထားတာ စိတ်ဝင်စားဖို့
အလွန်ကောင်းပါတယ်။
ဖြိုးက ယဉ်ကျေးမှုစုံ၊ အရသာစုံ fusion ဟင်းပွဲလေးတွေ ပြင်ဆင်ချက်ပြုတ်ရတာကို ၀ါသနာ
ပါသလို စားရတာလည်း ကြိုက်ပါတယ်။
ဒါကြောင့် Red curry paste (ထိုင်းရိုးရာ အနီရောင်ဟင်းအနှစ်)နဲ့ ဆိတ်သားကြိတ်သားကို
ခဘတ်လိုကြော်ချက်လေး လုပ်ထားပါတယ်။ ခရမ်းချဉ်သီးသေးသေးလေးတွေကို နိုင်းချင်း
ထည့်ထားပါတယ်။
နောက်စပါးလင်လေးလည်း ထည့်လိုက်တော့ ဆိတ်သားက မညှီတော့ဘူးပေါ့။ အုန်းနို့လည်း
မပါတော့ ဒီလိုနွေရာသီမှာ စားလို့အဆင်ပြေပါတယ်။
ပြီးတော့ သူ့ကို စပါးလင်သုပ်လေးနဲ့ တွဲလိုက်တဲ့အခါ ချဉ်၊ ငံ၊ စပ်အရသာစုံနဲ့မို့ ခံတွင်းမြိန်စေပါ
တယ်။
စနေနေ့ညက ဒီဟင်းပွဲလေးကို မိတ်ဆွေတွေကို ချက်ကျွေးတော့ သူတို့ကတော့ လက်မထောင်ပြ
သွားတာနဲ့ ဒီတစ်ပတ်အတွက် ချက်နည်းလေး မျှဝေဖြစ်သွားတာပေါ့။
ထိုင်းအနီရောင်ဟင်းအနှစ်နဲ့ ဆိတ်သားခပတ်ကြော်
ပါ၀င်ပစ္စည်းများ
(၆ ဦးစာ)
ဆိတ်သားကြိတ်သား ၅၀၀ ဂရမ်
အနီရောင်ဟင်းအနှစ် စားပွဲဇွန်း ၃ ဇွန်း
စပါးလင်၂ ချောင်း
ကြက်သွန်ဖြူ ၄ မြွှာ
ကြက်သွန်နီ အလတ် ရ - ၈ ဥ
ခရမ်းချဉ်သီး အသေး
ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း /၁ ဇွန်းခွဲ
နံနံပင် လက်တစ်ဆုပ်စာ
ဟင်းသီးဟင်းရွက်ဆီ ၁/၄ ခွက်
ပြင်ဆင်ပုံ
ဆိတ်သားကြိတ်သားကို ဇလုံတစ်ခုထဲမှာ ထည့်ပြီး မီးဖိုချောင်သုံး တစ်ရှူးစက္ကူကို အသားများ
ပေါ်တွင်ကပ်ကာ အရည်များ စုပ်ယူပါ။
နောက်ဆုံး တစ်ရှူးမှာ ရေမစိုတဲ့အထိ အသားများကို ပတ်ပတ်လည်လှည့်ပြီး တစ်ရှူးစက္ကူနဲ့
ရေစုပ်ယူပါ။
ပြီးရင်တော့ ကြက်သွန်နီများကို ခပ်ကြမ်းကြမ်းလေး လှီးထားပါ။
ကြက်သွန်ဖြူကိုလည်း ညှစ်ထားပါ။ ဒါမှမဟုတ် ထောင်းထားပါ။
စပါးလင် အဖြူရောင်အပိုင်းကို ပါးပါးလှီးထားပါ။
နံနံပင်များကို ရေစင်အောင်ဆေးကာ အမြစ်ပါရောပြီး နုပ်နုပ်လေး လှီးထားပါ။
ဒယ်အိုးထဲမှာ ဆီထည့်ပြီး မီးပြင်းပြင်နဲ့ ဆီပူအောင်တည်ပါ။
ဆီပူပြီဆိုရင် ကြက်သွန်များကို ထည့်ကြော်ပါ။
ကြက်သွန်များ အရောင် စပြောင်းပြီဆိုရင် အနီရောင်ဟင်းအနှစ်ကို ထည့်ပြီး တစ်မိနစ်လောက်
ဆီသတ်ပါ။
ပြီးတဲ့အခါ အသားများကိုထည့်ပြီး နှံ့အောင် မွှေကြော်ကြော်ပါ။
အသားနဲ့အနှစ် နှံ့သွားပြီး အသားထဲကနေ ထပ်ထွက်လာတဲ့ရေ ခမ်းကာနီးလောက်ရောက်ပြီဆိုရင်
ကြက်သွန်ဖြူ၊ နံနံပင်တို့ကိုထည့်ကာ နောက်ထပ် ၃ - ၄ မိနစ်လောက် ကြော်ပါ။
ဒါမှ အသားများမှ အမွှေးနံ့ စွဲလာမှာဖြစ်ပါတယ်။
နောက် ခရမ်းချဉ်သီးများကို အလုံးလိုက်ထည့်ကာ မီးပြင်းပြင်းနဲ့ ဆက်ပြီး ကြော်ချက်ချက်ပါ။
ခရမ်းချဉ်သီးလေးများ အရေခွံအက်လာရင် ရပါပြီ။
လိုအပ်ရင် ရေ ၁/၄ ခွက်ထည့်လို့ရပါတယ်။
ဒါပေမဲ့ အရမ်းစိုစိုကြီး မဖြစ်ပါစေနဲ့။
ထမင်းဖြူနဲ့ တွဲစားလို့ရသလို ထမင်းကြော်နဲ့လည်း လိုက်ဖက်ပါတယ်။
အပေါ်က ဆိတ်သားဟင်းနဲ့ တွဲစားလို့ကောင်းတဲ့ လတ်လတ်ဆတ်ဆတ်နဲ့ ခံတွင်းရှင်းစေမယ့်
ပူစီနံအသုပ်လေးကိုလည်း ထည့်ရေးပေးလိုက်ပါတယ်။ တရုတ်နည်းကလေးပါ။
Chiu chow chilli ဆော့စ်ကို ရရင်တော့ ပိုကောင်းတာပါ။ မရရင်လည်း ငရုတ်သီး
အကျက်မှုန့်ကြော်နဲ့ ဆီလေးကို အစားထိုးသုံးမယ်ဆိုရင် ပိုစားကောင်းပါတယ်။
သခွားသီးကျွတ်ကျွတ်လေးနဲ့ ပူစီနံက အခုလို နွေရာသီဥတုပြင်းပြင်းမှာ အအေးဓာတ်ကို
ဖြည့်ဆည်းပေးပါတယ်။
ငရုတ်သီးကြော်နဲ့ ပူစီနံသုပ်
ပါ၀င်ပစ္စည်းများ
(၆ ဦးစာ)
ပူစီနံ ၂ စည်း
သခွားသီး အသေး ၁ လုံး
ငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သံပရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးအကျက်မှုန့် (ကြော်ထားတာဆိုရင် ပိုကောင်းပါတယ်) လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ပြင်ဆင်ပုံ
ပူစီနံများကို ရေဆေးပြီး အရွက်ကလေးများ ဖြတ်ထားပါ။
သခွားသီးကိုလည်း ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ကာ တစ်စင်တီမီတာအထူလောက် လှီးပါ။
နောက် သကြား၊ ငံပြာရည်နဲ့ သံပရာရည်တို့ကိုရောကာ သကြားများ ပျော်သည်အထိ မွှေပါ။
ပြီးမှ ငရုတ်သီးမှုန့်နဲ့ ဆီကို ထည့်ပါ။
ပန်းကန်တစ်ချပ်ထဲမှာ ပူစီနံနဲ့ သခွားသီးများကိုထည့်ကာ dressing ကိုဆမ်းပြီး နှံ့အောင်နယ်ပါ။
အပေါ်က ဆိတ်သား ဟင်းနဲ့ တွဲစားလည်းကောင်းပါတယ်။
အအီပြေစေမယ့် အသုပ်တစ်မျိုးပါ။
