အသီးအရွက် ကြိုက်သူတွေအတွက် Sprouts စားသောက်ဆိုင်

တူနာဟင်းသီးဟင်းရွက်သုပ်။ လွင်မာထွန်း/မြန်မာတိုင်း(မ်)
တူနာဟင်းသီးဟင်းရွက်သုပ်။ လွင်မာထွန်း/မြန်မာတိုင်း(မ်)

အသီးအရွက် ကြိုက်သူတွေအတွက် Sprouts စားသောက်ဆိုင်

အသစ်အဆန်းအနေနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ပြောစကားကြောင့် အမေရိကန်စတိုင်
အသီးအရွက်အသုပ် (Vegetables Salad) နဲ့ ဟင်းချို (soup) သီးသန့်သာ ရနိုင်တဲ့ Sprouts
ဆိုတဲ့ ဆိုင်လေးကို သွားစပ်စုခဲ့ပါတယ်။

ယောမင်းကြီးလမ်းပေါ်မှာ ရှိတယ်လို့ လိပ်စာထဲပါပေမယ့် လမ်းမပေါ်မှာမဟုတ်ဘဲ လမ်းသွယ်
တစ်ခုထဲ ထပ်ဝင်ရပါတယ်။

ဆိုင်ဆိုင်းဘုတ်ကလည်း တော်တော်လေးသေးတာမို့ အလွယ်တကူမမြင်နိုင်တာမို့ ရှာရတာတော့
ခက်ခဲတယ်လို့ ဆိုရမှာပါ။

မြေညီထပ်မှာဖွင့်ထားတဲ့ ဆိုင်လေးက ကျဉ်းပြီး စာရေးသူ ရောက်သွားချိန်မှာတော့ လူရှင်းနေပါ
တယ်။

ဆိုင်ထဲဝင်သွားတာနဲ့ အနောက်တိုင်းသား၊ ခပ်ငယ်ငယ်ကောင်လေးက နှုတ်ခွန်းဆက်ပြီး သူ့ဆိုင်က
သိပ်မများလှတဲ့ မီနူးတွေကို ရှင်းပြပါတော့တယ်။

စာရေးသူကတော့ တူနာနဲ့ ဟင်းသီးဟင်း ရွက်အသုပ် (ကျပ် ၄,၅၀၀)ကို ရွေးလိုက်ပါတယ်။

အမယ် ၁၄ မျိုးထဲက ကိုယ်စားချင်တဲ့ ဟင်းသီးဟင်းရွက်ငါးမျိုးကို စိတ်ကြိုက်ရွေး ချယ်ခွင့်ရှိတာမို့
ဆလပ်ရွက်၊ ချယ်ရီ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ အစိမ်း၊ မုန်လာဥနီနဲ့ ကျွဲကောသီးတို့ကို ရွေးချယ်လိုက်
ပါတယ်။

ကျန်တဲ့အမယ်တွေကတော့ သခွားသီး၊ ငရုတ်ပွ၊ ကြက်သွန်၊ ပြောင်းဖူး၊ ပဲစိမ်းလုံး၊ နေကြာစေ့
စတာတွေပဲဖြစ်ပါတယ်။

တူနာမှာလည်း အစပ်နဲ့ ရိုးရိုးခွဲထားပြီး အစပ်အရသာကို ရွေးချယ်လိုက်ပါတယ်။

အားလုံးရွေးပြီးတဲ့ နောက်မှာ အဲဒီနိုင်ငံခြားသားကောင်လေးဟာ ဇလုံခပ်ကြီးကြီးတစ်လုံးထဲမှာ
ဟင်းသီးဟင်းရွက်တွေထည့်ပြီး dressing နဲ့ မေရိုးနိစ့်၊ နောက် တခြားအစပ်အဟပ်တည့်စေမယ့်
ဟင်းခတ်တွေကိုလည်း ထည့်ပြီး သမအောင် မွှေနေတော့တာပါပဲ။

စာရေးသူနဲ့ သူငယ်ချင်းလည်း ဆိုင်ထဲမှာရှိတဲ့ စားပွဲလေးပွဲထဲက ဆိုင်အပေါက်ဝနဲ့ နီးတဲ့နေရာကို
ရွေးပြီး ဆိုင်ရှင်ပြင်ဆင်ပြီးတာကို စောင့်နေလိုက်ပါတယ်။

ဆိုင်ကပြီးခဲ့တဲ့ ဧပြီကမှ စပြီးဖွင့်ထားတာဖြစ်ပြီး အပြင်အဆင်ကိုလည်း ဘာမှဆန်းသစ်ထားခြင်း
မရှိဘဲ အဖြူနဲ့ အနက်ရောင်ကိုသာသုံးပြီး ဆေးသုတ်ထားပါတယ်။

မီနူးစာအုပ်ရယ်လို့လည်း မရှိဘဲ ကတ်ထူစာရွက်ခပ်ကြီးကြီးမှာ ရှင်းရှင်းရေးပြီး ကောင်တာမှာ
ထောင်ထားပေးထားပါတယ်။

ဟိုငေးဒီငေးလုပ်လို့ သိပ်မကြာခင်မှာပဲ မှာထားတဲ့ တူနာအရွက်စုံသုပ်က ရောက်လာပြီး
နှစ်ယောက်အတွက် ခက်ရင်းနှစ်ချောင်း လာချပေးသွားပါတယ်။

လတ်ဆတ်ပြီး အရောင်စုံလင်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ စားချင်စရာပါပဲ။

အနံ့ချဉ်ချဉ်စူးစူးလေး ကလည်း ဆွဲဆောင်နေတာကြောင့် နှစ်ယောက်သား ခပ်မြန်မြန်ပဲ
မြည်းကြည့်လိုက်ပါတယ်။

အနောက်တိုင်းအစားအစာကို သိပ်အကြိုက်ကြီးမဟုတ်တဲ့ စာရေးသူကတော့ တူနာငါးအရွက်သုပ်
ကို သိပ်ပြီးခံတွင်း မတွေ့လှပါဘူး။

အသီးအရွက်တွေရဲ့ လတ်ဆတ်မှုကို ခံစားရပေမယ့် မြန်မာပါးစပ်နဲ့ ခံတွင်းမတွေ့ဘူးလို့ ဆိုရမှာပါ။

အနောက်တိုင်းသားတွေဆိုရင်တော့ ဘယ်လိုသုံးသပ်မလဲ မပြောတတ်ဘူး ပေါ့နော်။

ဆိုင်ရှင်က တိုင်းတစ်ပါးသားဖြစ်ပြီး စာရေးသူတို့ ရောက်သွားချိန်မှာလည်း သူတစ်ယောက်တည်းပဲ
ဆိုင်မှာရှိနေပါတယ်။

သူက အင်္ဂလိပ်ဘာသာစကားကိုသာ အသုံးပြုပြီး ၀န်ဆောင်မှုပေးတာကြောင့် အင်္ဂလိပ်စကား
မပြောတဲ့ စားသုံးသူတွေဆိုရင်ကတော့ ဘယ်လိုဝန်ဆောင်မှု ပေးလဲဆိုပြီး တွေးမိသွားပါတယ်။

ဒါပေမဲ့ ရန်ကုန်မှာ ဒီလိုမျိုး salad သီးသန့်ဆိုင်ဆိုတာ Sprouts က ပထမဆုံးလို့ ပြောနိုင်တာ
ကြောင့် လူမျိုးခြားတွေကတော့ ကြိုက်နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။

Vegetables Chilly Soup။ လွင်မာထွန်း/မြန်မာတိုင်း(မ်)

စာရေးသူနဲ့ သူငယ်ချင်းဖြစ်သူလည်း အသုပ်ကို ဘယ်လိုမှ အများကြီးမစားနိုင်တော့ဘဲ ဟင်းချိုက
ဘာတွေရလဲလို့ မေးကြည့်တော့ စပ်တယ်လို့ဆိုတဲ့ Vegetables Chilly Soup ပွဲသေး
(ကျပ် ၁,၅၀၀)ကို မှာလိုက်ပါတယ်။

ပွဲကြီးဆိုရင် တစ်ပွဲကို ကျပ် ၂,၅၀၀ ဖြစ်ပါတယ်။ မှာလိုက်တာနဲ့ သိပ်မကြာလိုက်တဲ့ အချိန်မှာပဲ
ဟင်းချိုပွဲက မျက်စိရှေ့ကို ရောက်လာပါတယ်။

ခရမ်းချဉ်သီး၊ ပဲနဲ့ ပြောင်းဖူးလေးတွေက အရောင်စုံအောင်ချယ်ထားတာကြောင့် နှစ်ယောက်စလုံး
စားကောင်းဖို့ မျှော်လင့်ရင်း ပထမဆုံး တစ်ဇွန်းကို စတင် မြည်းကြည့်လိုက်ပါတယ်။

စပ်တယ်လို့ဆိုပေမယ့် တကယ်တမ်းမှာတော့ ပြောင်းဖူးနဲ့ ပဲကြောင့် ချိုတဲ့အရသာလေး
ဖြည့်စွက်နေပြီး အနေတော်လောက်ပဲ စပ်တဲ့ အရသာက ရှိပါတယ်။

ကျွန်မတို့နှစ်ယောက် စလုံး ဟင်းချိုကိုတော့ သဘောကျပြီး ကုန်အောင် စားလိုက်နိုင်ပေမယ့်
အသုပ်ကိုတော့ ဘယ်လိုမှ မစားနိုင်တော့တာကြောင့် ဒီအတိုင်း ထားလိုက်ပါတော့တယ်။

တိတ်ဆိတ်တဲ့ ဆိုင်ငယ်လေးထဲမှာ အင်တာနက်ကိုလည်း အလကားသုံးနိုင်မှာပါ။

အသစ်အဆန်းတွေကို မြည်းစမ်းကြည့်ချင်တယ်၊ လေ့လာရတာ ကြိုက်တယ်ဆိုရင်တော့ Sprouts
ဆိုတဲ့ ဆိုင်လေးကို သွားကြည့်သင့်ပါတယ်။

အခွန်လုံးဝ မကောက်တာကတော့ ဒီဆိုင်လေးရဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။

အသုပ်နဲ့ ဟင်းချိုတွေကို သက်သတ်လွတ်သမားတွေအတွက် အသားမပါဘဲနဲ့ ပြင်ပေးတာမို့
အသားမစားသူတွေအတွက် အဆင်ပြေမယ့် ဆိုင်လေးပါပဲလို့..။

Sprouts
၆၈ (အေ)၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်။
ဆိုင်ဖွင့်ချိန် - မနက် ၈ နာရီမှ ည ၈ နာရီအထိ
ဖေ့စ်ဘွတ်ခ် - facebook.com/sproutsmyanmar
၀က်ဘ်ဆိုက် - www.sproutsmyanmar.com

 
[