Fusion ဟင်းလေးတွေ ချက်နေတာ ဒီတစ်ပတ်မှာတော့ ကိုရီးယားစတိုင်ဟင်းလေးတွေကို
မျက်စိကျပြီး စိတ်ကြိုက်စမ်းချက်ဖြစ်ပါတယ်။
ကိုရီးယားထမင်းသုပ် (bibimbap) စားရင် ထည့်စားတဲ့ငရုတ်ဆော့စ်ကို ဖြိုးက အရမ်းကြိုက်ပါ
တယ်။ နှမ်းဆီနံ့လေးမွှေးနေတာကို သဘောကျတာပါ။
နောက်ပြီး ချို၊ စပ်လေးမို့ ခံတွင်းလည်း မြိန်စေပါတယ်။ ဒါနဲ့ ့home made bibimbap ဆော့စ်ကို
လုပ်ရင်းနဲ့ အခုပုစွန်ဟင်းကို ချက်ဖြစ်သွားတာပါ။
ခရမ်းချဉ်သီးသေးသေးလေးတွေကို ထည့်သုံးလို့ရသလို ပုစွန်ဆိတ်လေးတွေနဲ့လည်း
ချက်နိုင်ပါတယ်။
နောက်ပြီး ဆော့စ်ကို လေလုံတဲ့ဘူးထဲမှာထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားရင် တစ်ပတ်လောက်
ထားလို့ရပါတယ်။
ကိုရီးယားငရုတ်ဆော့စ်နဲ့ ပုစွန်ကြော်ချက်
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
ပုစွန်ကျား/တုပ် ၆ ကောင်
ကြက်သွန်ဖြူ ၂ မြွှာ
ကြက်သွန်နီ ၂ ဥ
ခရမ်းချဉ်သီး ၃ လုံး
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်း
ကိုရီးယားငရုတ်ဆော့ ဖျော်ရန် (စားပွဲဇွန်း ၃ ဇွန်းသာသာ ရပါတယ်)
ကိုရီးယားငရုတ်သီးအနှစ် စားပွဲဇွန်း ၁ ဇွန်းခွဲ
ပဲငံပြာရည် စားပွဲဇွန်း ၁ ဇွန်း
နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ စားပွဲဇွန်း ၁ ဇွန်းခွဲ
ပြင်ဆင်ပုံ
ပထမဆုံး ပုစွန်များကို ရေစင်အောင်ဆေးပြီး ခေါင်းဖြုတ်၊ အခွံခွာပြီး ရေစင်အောင် စစ်ထားပါ။
နောက် ငရုတ်ဆော့ဖျော်ဖို့အတွက် ပါ၀င်ပစ္စည်းများအားလုံးကို ပန်းကန်တစ်လုံးထဲမှာ ထည့်ကာ
သကြားပျော်ဝင်သည်အထိ မွှေကာထားပါ။
ပုစွန်တုပ်မှာ ခေါင်းများကို ရေဆေးပြီး အဆီနဲ့အသား ခွာပြီးထားပါ။
နောက် မကပ်တဲ့အကြော်အိုး (non stick fried pan) နဲ့ ဆီအနည်းငယ် (လက်ဖက်ရည်ဇွန်း
တစ်ဇွန်းလောက် ထည့်ကာ) မီးအေးအေးနဲ့ကြော်ပါ။
ရေများခမ်းပြီး ဆီပြန်လာသည်အထိ ကြော်ပေးပါ။ ထွက်လာတဲ့ ပုစွန်အဆီနှစ်များကို သတ်သတ်
ဖယ်ထားပါ။
နောက် ကြက်သွန်နီများကို ခပ်ကြမ်းကြမ်းလေး လှီးထားပါ။ ကြက်သွန်ဖြူကိုလည်း ညှစ်ထားပါ။
ဒါမှမဟုတ် ထောင်းထားပါ။
ခရမ်းချဉ်သီးများကိုလည်း ခပ်ကြမ်းကြမ်းလှီးထားပါ။
ဒယ်အိုးထဲမှာ ဆီကိုထည့်ကာ မီးပြင်းပြင်းနဲ့ ဆီပူအောင် တည်ပါ။
ဆီပူရင် ကြက်သွန်များကိုထည့်ပြီး ကြော်ပါ။
ကြက်သွန်များ အရောင်စပြောင်းပြီဆိုရင် ခရမ်းချဉ်သီးထည့်ပြီး ဆီသတ်ပါ။
ခရမ်းချဉ်သီးများ အရည်ခမ်းပြီး နွမ်းလာရင် ကြက်သွန်ဖြူနဲ့ ပုစွန်ကိုထည့်ကာ တစ်မိနစ်လောက်
ကြော်ပါ။
နောက် ငရုတ်ဆော့စ်၊ ပုစွန်ဆီနှစ်တို့ကို ထည့်ကာ ရေ ၁/၄ ခွက် ထည့်ပြီး မီးအေးအေးနဲ့
ငါးမိနစ်လောက် တည်ပါ။
အရမ်းကြီး မပွက်ပါစေနဲ့။ ဆီကျန်ရေကျန်အနေမှာ အိုးကို ချပါ။
အပေါ့အငန်အတွက် ဆားကိုထည့်ပါ။
ထမင်းဖြူနဲ့ တွဲစားလို့ရပါတယ်။
ငရုတ်ဆီမွှေးဆော့စ်နဲ့ မှိုကြော်
ပါ၀င်ပစ္စည်းများ
ကောက်ရိုးမှို (သို့) ကြိုက်နှစ်သက်ရာမှို ၅၀၀ ဂရမ်
ကြက်သွန်ဖြူ ၁ မြွှာ
ငရုတ်ဆော့စ် စားပွဲဇွန်း ၂ ဇွန်း
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၁ ဇွန်းခွဲ
နှမ်းလှော်ဆီမွှေး စားပွဲဇွန်း ၁ ဇွန်းခွဲ
ပြင်ဆင်ပုံ
မှိုများကို ရေဆေးပြီး လေးခြမ်းပိုင်းကာ ရေစစ်ထားပါ။ သေးရင်တော့ နှစ်ပိုင်းပဲ ခွဲပါ။
ဒယ်အိုးထဲမှာ ဆီကိုထည့်ကာ မီးပြင်းပြင်းနဲ့ ဆီပူအောင်တည်ပါ။
ဆီပူရင် မှိုများကို ထည့်ကြော်ပါ။ မှိုများ နူးလာပြီး ရေခမ်းကာနီးရင် ငရုတ်ဆော့စ်ကို ထည့်ကာ
ရောကြော်ပါ။
ရေခမ်းပြီး ဆီပြန်ရင် ကြက်သွန်ဖြူလေးကိုထည့်ကာ အနံ့လေး မွှေးလာသည်အထိ ကြော်ပါ။
ကြက်သွန်ဖြူနံ့လေး သင်းလာပြီဆိုရင်တော့ အိုးကိုချကာ သုံးဆောင်နိုင်ပါပြီ။
