ကျောက်တံတားမြို့နယ်၊ ၃၇ လမ်း၊ အလယ်ဘလောက်က အမှတ် ၁၃၂၊ မြေညီထပ်မှာ
ဖွင့်လှစ်ထားတဲ့ 'နန်းခမ်း' မိသားစု ရှမ်းရိုးရာ စားသောက်ဆိုင်လေးရဲ့ အပြင်အဆင်ဟာ ရှမ်းရိုးရာ
အငွေ့အသက်တွေ မရှိတဲ့အတွက် အပြင်ပန်းက ကြည့်ရင်တော့ ဆွဲဆောင်မှု သိပ်မရှိလှပါဘူး။
ဒါပေမဲ့ ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ ဒီလမ်းထဲမှာ ဆိုင်လေးကို ၁၉ နှစ်ကြာ ရပ်တည်နိုင်တဲ့
အရည်အသွေးတစ်ခုတော့ ရှိပါတယ်။
အဲဒါကတော့ ဆိုင်ဖွင့်စကတည်းက ယနေ့အထိ ကိုယ်တိုင် ပြင်ဆင်ရောင်းချတဲ့ အိမ်လုပ်
အမဲလုံးခေါက်ဆွဲနဲ့ ရှမ်းရိုးရာ ဟင်းအမယ်(အမည်)တွေရဲ့ အရသာကောင်းမွန်ခြင်းပဲ ဖြစ်ပါတယ်။
နန်းခမ်းရှမ်းစားသောက်ဆိုင်ကို မြေညီထပ် အခန်းနှစ်ခန်းမှာ ဖွင့်လှစ်ထားပါတယ်။
ဆိုင်ရဲ့ အဓိကအစားအစာကတော့ အနော်ရထာလမ်းမကြီးတစ်လျှောက်မှာ အစီအရီတွေ့နိုင်တဲ့
လမ်းဘေးရှမ်းဆိုင်လေးတွေမှာ မရနိုင်တဲ့ အမဲလုံးခေါက်ဆွဲပဲ ဖြစ်ပါတယ်။
အမဲသား မနှစ်သက်ရင် ၀က်သားလုံးနဲ့ အမဲကလီစာခေါက်ဆွဲတွေကို ရွေးချယ်နိုင်ပါတယ်။
ကျွန်မနဲ့ ကျွန်မသူငယ်ချင်းကတော့ ဆိုင်ရဲ့နာမည်ကြီး အမဲလုံး ခေါက်ဆွဲကိုပဲ မှာစားခဲ့ကြပါတယ်။
သိပ်မကြာခင်မှာပဲ မျက်နှာထား ချိုလှတဲ့ ရှမ်းအမျိုးသမီးကြီးဟာ ၀ါးရလွယ်ကူလောက်ရုံ
အနေတော်လုံးထားတဲ့ အမဲလုံး လတ်လတ်ဆတ်ဆတ်ကို မီးဖိုပေါ်က ပွက်ပွက်ဆူ နေတဲ့
အိုးကြီးထဲ ထည့်လိုက်ပါတယ်။
ပြီးတော့ ခေါက်ဆွဲဖတ်တွေ ထည့်ပါတယ်။
ငါးမိနစ်လောက်နေမှ ပန်းကန်လုံးထဲကို ခေါက်ဆွဲ၊ အမဲလုံးနဲ့ ဟင်းရည်ပူပူကို ခပ်ထည့်လိုက်ပါ
တယ်။
ပြီးတော့ ခပ်ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်တွေကို အပေါ်က ဖြူးထည့်ပေးပါတယ်။
အငွေ့တထောင်းထောင်းထနေတဲ့ အမဲလုံးခေါက်ဆွဲအရည်ကို မြည်းကြည့်တဲ့အခါ အနည်းငယ်
ချဉ်ပါတယ်။
အမဲလုံးလေးတွေက နူးညံ့နေပြီး ခေါက်ဆွဲဖတ်ကလေးတွေနဲ့ တွဲဖက်စားလို့ အနည်းငယ်အီလာတဲ့
အခါ အရည်ကလေးသောက်လိုက်တော့ အအီပြေသွားပါတယ်။
ဆိုင်ရှင် ရှမ်းမိသားစုကလည်း အင်မတန် ဖော်ရွေပါတယ်။
ကျွန်မနဲ့ ကျွန်မသူငယ်ချင်းကို စားရခဲတဲ့ အမဲလုံးခေါက်ဆွဲပြုလုပ်ပုံကို စိတ်ရှည်လက်ရှည် ရှင်းပြ
ပေးပါသေးတယ်။
"ဒီ အမဲလုံးကို ၀ါးလိုက်ရင် နူးညံ့နေအောင် လုပ်ရတာ အတော်ခက်ပါတယ်။ လတ်လတ်
ဆတ်ဆတ် ခုတ်ထစ်ထားတဲ့ အမဲပေါင်သား နွေးနွေးလေးရအောင် မနက်ဆို အစောကြီးထပြီး
ဈေးကို သွားရပါတယ်။ အမဲသားက အဲဒီနေ့ မနက်ကမှရတဲ့ အသားလည်း ဖြစ်ရမယ်၊ ပြီးတော့
ပေါင်သားမှ အမဲလုံးလုပ်လို့ ရပါတယ်"လို့ ဆိုင်ပိုင်ရှင် ဦးနော်ခမ်းက ပြောပါတယ်။
"အိမ်ပြန်ရောက်တာနဲ့ အဲဒီအသားကို ရေမထိအောင် ထားရတယ်။ ပြီးတော့ အသားကို အရည်
ဖြစ်လာတဲ့အထိ စက်နဲ့ ကြိတ်ရပါတယ်။ ဒါမှ စားလိုက်ရင် နူးညံ့ပြီး အရသာရှိတာပါ။ အသားကို
ရေထိလိုက်ရင်တော့ အဲဒီအသားကို ပစ်လိုက်ရပါတယ်"လို့ သူက ပြောပါတယ်။
အမဲ၊ ၀က်သားလုံး (သို့) အမဲကလီစာ ခေါက်ဆွဲတစ်ပွဲကို ကျပ် ၂,၀၀၀ ကျသင့်ပါတယ်။
တစ်နေ့တစ်မျိုး မတူအောင် ချက်ပြုတ် ရောင်းချတဲ့ ရှမ်းဟင်းလျာတွေကိုလည်း ထမင်းဟင်းပုံစား
အသား တစ်မျိုးနဲ့ အရွက်တစ်မျိုး ကျပ် ၁,၅၀၀၊ အသားနှစ်မျိုးနဲ့ အရွက် တစ်မျိုး ကျပ် ၂,၀၀၀ နဲ့
အသားနှစ်မျိုး ကျပ် ၁,၈၀၀၊ အသားသုံးမျိုး ကျပ်၂,၃၀၀ ဆိုပြီး သက်မှတ်ထားပါတယ်။
အမဲလုံးခေါက်ဆွဲ စားအပြီးမှာ ရှမ်းလက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းကို သောက်လိုက်
ရတော့ ခံတွင်းရှင်းသွားပါတယ်။
ဆိုင်ခန်းလေးမှာ ရှမ်းရိုးရာပစ္စည်းတွေ မချိတ်ဆွဲမထားပေမယ့် အစားအစာတွေကတော့
ရှမ်းပြည်နယ်ရဲ့ ရိုးရာအငွေ့အသက်တွေ လွှမ်းမိုးနေတာ သေချာပါတယ်။
