ကြက်သားကို သံပရာသီးရယ်၊ ပူစီနံနဲ့ နံနံပင် နိုင်းချင်းတို့နဲ့နှပ်ပြီး ကင်တဲ့နည်းလေးပါ။
လွယ်လွယ်လေးချက်လို့ရတဲ့ ဟင်းဖြစ်သလို အရသာကလည်း ကောင်းပါတယ်။
ချဉ်စပ်မွှေးလေးမို့ ဒီလိုအိုက်စပ်စပ်ရာသီဥတုမှာ ခံတွင်းတွေ့စေမယ့် ဟင်းတစ်ခွက်ပါ။
သံပရာကြက်သားကင်
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
ကြက်သားပေါင်သား ၁၂ ခု
သံပရာသီး စားပွဲဇွန်း ရ ဇွန်း
သံလွင်ဆီ စားပွဲဇွန်း ၂ ဇွန်း
ငရုတ်သီးစိမ်း အရှည် ၁ တောင့်
ပူစီနံအရွက် ၁ စည်း (၂ ခွက်စာနီးပါး/ လက်တစ်ခုပ်စာ)
နံနံပင် ၁ စည်း (၂ ခွက်စာနီးပါး/ လက်တစ်ခုပ်စာ)
ဟင်းပွဲပြင်ရန်အတွက်
သံပရာသီး ၃ လုံး
ငရုတ်သီးစိမ်း အရှည် ၂တောင့်
ပြင်ဆင်ပုံ
ကြက်သားပေါင်သားများကို ရေဆေး၊ အဆီများကို ဖြတ်ထုတ်ပါ။
နောက် ရေဆေးပြီး ခြောက်အောင် ရေစစ်ထားပါ။
ပြီးလျှင် တစ်ရှူးစက္ကူဖြင့် ရေခြောက် အောင်သုတ်ပါ။
ကြက်သားများကို နှပ်ဖို့အတွက် ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ကာ နုပ်နုပ်စဉ်းပါ။
ပူစီနံရွက်နဲ့ နံနံပင် (အရိုးရော၊ အရွက်ပါ) ပေါင်းပြီး နုပ်နုပ်လှီးကာထားပါ။
နောက်အားလုံးကိုပေါင်းပြီး သံလွင်ဆီ၊ သံပရာရည်တို့နဲ့ ဖန်ဇလုံတစ်ခုထဲမှာ ရောနယ်ပါ။
အသားများကို နှပ်မယ်ဆိုလျှင် ဖန်ခွက်၊ ဖန်ဇလုံတို့ကို သုံးပါက ပန်းကန်ခွက်များမှာ အနံ့များစွဲပြီး
ကျန်မနေခဲ့ပါဘူး။
ပြီးရင် ကြက်သားများကို ထည့်ကာ နှံ့အောင်နယ်ပြီး အနည်းဆုံး ၄ - ၅ နာရီမျှ ရေခဲသေတ္တာထဲ
ထည့်ပြီး နှပ်ထားပါ။
ကြက်သားများ အဆင်သင့်ဖြစ်လောက်ပြီဆိုရင်တော့ ရေခဲသေတ္တာထဲမှထုတ်ပြီး နာရီဝက်လောက်
အပြင်မှာထားပြီးမှ ကင်ပါ။
အကင်ဒယ်ပြားကို မီးဖိုပေါ်မှာတင်ကာ မီးပြင်းပြင်းဖြင့် အပူပေးပါ။
ဒယ်ပြားပူလာပြီဆိုရင် နှပ်ထားတဲ့ကြက်သားများကို ကင်ပါ။ အသားဘက်ကို အရင်ဆုံး မှောက်ပြီး
ကင်ပါ။
အသားများ အပေါ်ယံကျက်သွားမှ တစ်ဖက်သို့လှန်ပြီး ဆက်ကင်ပါ။
တစ်ခါ မှောက်ထားတဲ့ဘက်မှ အသားများ အပေါ်ယံကျက်သွားပြီဆိုရင် တခြားတစ်ဖက်သို့ လှန်ပါ။
နောက်ပြီး ကင်နေစဉ်အတွင်း အပေါ်ဘက်ခြမ်းကို ဆီလေးသုတ်သုတ်ပေးပါ။
ဒါမှ ကြက်သားအသားများ ခြောက်မသွားမှာဖြစ်ပါတယ်။
ကြက်သားများကို မကြာခဏ လှည့်ပေးပြီး ကြက်ပေါင် အထဲထိ ကျက်တဲ့အထိကင်ပါ။
ကြက်သားကျက်မကျက်ကို စမ်းဖို့အတွက် ဓားဦးချွန်လေးကို ထိုးထည့်ပြီး ဆွဲထုတ်ကြည့်ပါ။
ဓားထိုးထည့်ရတာလွယ်ပြီး ဓားဦးမှာ ဘာမှကပ်မနေတော့ဘူးဆိုရင် ကြက်သားကျက်လောက်
ပါပြီ။
နောက်ပြီး ကြက်သားများကို အကင်ဒယ်ပြားပေါ်မှ ပန်းကန်ပြားပေါ်ပြောင်းကာ အလူမီနီယံအပြား
နဲ့ လုံအောင်အုပ်ထားပါ။
အနည်းဆုံး ၁၀ မိနစ်လောက် စောင့်ပါ။
အသားများ အပူရှိန်ကြောင့် တဖြည်းဖြည်းကျက်သွားပါလိမ့်မယ်။
နောက်ပြီး အထဲကအသားများလည်း ခြောက်ကပ်သွားမှာ မဟုတ်တော့ပါဘူး။
သူ့ကို သံပရာသီးစိတ်လေးတွေ၊ ငရုတ်သီးစိမ်းလေးတွေ ပါးပါးလှီးထားတာနဲ့ တည်ခင်းနိုင်ပါပြီ။
ထမင်းနဲ့ စားစား၊ အနောက်တိုင်းဆန်ဆန် အရွက်အသုပ်လေးတွေနဲ့ စားစား ကြိုက်နှစ်သက်သလို
သုံးဆောင်နိုင်ပါတယ်။
အီတလီစတိုင် နွေရာသီစာထမင်းသုပ်
အသီးအရွက်စိမ်းများနဲ့ သံလွင်သီးချဉ်ချဉ်ရယ်၊ balsamic vinaigrette dressing ရယ်က နေ့စဉ်
စားနေတဲ့ထမင်းကို တစ်မူထူးခြားစေမှာပါ။
နောက်ပြီး သူ့ကို တခြားအသားကင်တွေ၊ အသားဟင်းတွေနဲ့လည်း တွဲစားလို့ရပါတယ်။
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
ထမင်း (ချက်ပြီးသား) ၃ ခွက်
ခဲထားသောပဲစိမ်းလုံး ၁ ခွက်
ဘိုစားပဲ ၁၀၀ ဂရမ်
ကညွတ် ၁ စည်း
ကြက်သွန်နီဥသေး ၁ လုံး
သံလွင်သီး ၁ ခွက် (အစေ့ထုတ်ပြီးသား)
အီတာလျံ basil (သို့) Asian basil ၁၂ ရွက်လောက်
Dressing အတွက်
ကြက်သွန်ဖြူ ၁ မြွှာ (ညက်ညက်ထောင်း/ညှစ်လျက်)
သံလွင်ဆီ ၁/၂ ခွက်
Balsamic vinegar ၁/၄ ခွက်
သကြား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်း အနက်မှုန့်နဲ့ ဆား အနည်းငယ် (အရသာအတွက်)
ပြင်ဆင်ပုံ
Dressing အတွက် ပါ၀င်ပစ္စည်းများ အားလုံးကို ဖန်ပုလင်းအသေး တစ်လုံးထဲထည့်ကာ
အဖုံးပိတ်ပြီး ခပ်နာနာလေးလှုပ်ပေးပါ။ ပြီးရင် ခဏသိမ်းထားပါ။
ခဲထားတဲ့ ပဲစိမ်းလုံးများကို အခန်းအပူချိန်ဖြင့် အရည်ဖျော်ပါ။
ပြီးရင် ပဲစိမ်းလုံး၊ ဘိုစားပဲနဲ့ ကညွတ်များကို ရေနွေးဖျောပါ။
အိုးတစ်လုံးထဲမှာ ရေနွေးအိုးတည်ကာ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး ရေဆူလာသည်
အထိ တည်ထားပါ။
ပြီးရင် ပဲစိမ်းလုံး၊ ဘိုစားပဲနဲ့ ကညွတ်များကို တစ်လှည့်စီ ရေနွေးဖျောပြီး ကျက်ရင် ရေခဲရေထဲသို့
ချက်ချင်းထည့်ကာ အပူများ ချက်ချင်း လျော့ကျစေရန် စိမ်ထားပါ။
ဒါမှ အစိမ်းရောင် မပျောက်သွားမှာဖြစ်ပါတယ်။
နောက် ရေစင်အောင်စစ်ပါ။
စားကာနီးရင် ထမင်းများကို ပန်းကန်ကြီးကြီး တစ်ခုထဲထည့်၊ အသီးအရွက်များထည့်၊ သံလွင်သီး
ကိုထည့်ကာ dressing ဆမ်းပြီး နှံ့အောင်နယ်ပါ။
