ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာ ဆူးလေဘုရားလမ်းပေါ်မှာ တည်ရှိနေတဲ့ Suzuki ထိုင်း
ဆိုင်လေးက ရှာဖွေရလွယ်ကူပြီး သွားလာရတာလည်း လွယ်ကူတယ်လို့ ပြောရမှာပါ။
ဆိုင်လေးက ကျဉ်းပြီး နေ့လယ်စာ စားချိန်မှာ လူအပြည့်ဖြစ်နေတယ်လို့ သတင်းကြားထားပေမယ့်
စာရေးသူတို့ ရောက်သွားချိန်မှာ ကံကောင်းစွာပဲ ၀င်ဝင်ချင်းနားမှာ နှစ်ယောက်ထိုင်စားပွဲလေး
လွတ်နေတာနဲ့ အမြန်ဝင်နေရာယူလိုက်ပါတယ်။
ဆိုင်ထဲဝင်လိုက်တာနဲ့ အဝင်ဝမှာ ၀က်သားတုတ်ထိုး ဗန်းကြီးကို သပ်သပ်ရပ်ရပ်ပြင်ထားတာ
မြင်လိုက်ရပြီး အနံ့ကလည်း မွှေးနေတာကြောင့် ဗိုက်တောင်ပိုဆာသွားပါတယ်။
လမ်းဘေးက ၀က်သားတုတ်ထိုးဆိုင်တွေမှာ စားချင်ပေမယ့် မသန့်မှာစိုးရိမ်တဲ့ စားသုံးသူတွေ
အတွက် အကြိုက်တွေ့မယ့်နေရာပါပဲ။
နောက် စားပွဲထိုးတွေကိုလည်း တူညီဝတ်စုံနဲ့ ပြံုးပြံုးရွှင်ရွှင် မြင်ရတာကြောင့်လည်း ဒီဆိုင်လေးကို
အမှတ်ပေးလိုက်မိပါတယ်။
နေရာယူပြီး သိပ်မကြာခင်မှာပဲ မီနူးစာအုပ် လက်ထဲရောက်လာပါတယ်။
အတူသွားဖြစ်တဲ့ သူငယ်ချင်းက ထိုင်းစတိုင်ဝက်သားတုတ်ထိုး ထမင်းပေါင်း (ကျပ် ၂,၃၀၀)ကို
မှာလိုက်ပြီး စာရေးသူကတော့ ဖတ်ကဖောင်း ဆိုတဲ့ ထိုင်းအစားအစာ (ကျပ် ၂,၅၀၀)ကို
မှာလိုက်ပါတယ်။
နောက် ယိုးဒယားဟင်းချိုပွဲသေး (ကျပ် ၂,၀၀၀)ကိုလည်း နှစ်ယောက်အတူ မြည်းစမ်းဖို့
မှာလိုက်ပါသေးတယ်။
သူငယ်ချင်းမှာလိုက်တဲ့ ထမင်းပေါင်းက အရင်ရောက်လာပြီး ရိုးစင်းတဲ့ အပြင်အဆင်လေး
ဖြစ်ပေမယ့် အနံ့လေးကတော့ မွှေးနေတာပါပဲ။
လေးထောင့်ပုံ ထမင်းပုံဘေးမှာ စိမ်းစိုတဲ့ ကိုက်လန်အရွက်တွေကို တစ်ပုံ၊ ၀က်အူ၊ အသား စတဲ့
၀က်သားတုတ်ထိုးရဲ့ စားကောင်းတဲ့ အသားဖတ်တွေကို တစ်ပုံ ထည့်ပေးထားပါတယ်။
ထမင်းပေါ်မှာလည်း အညိုရောင်သန်းတဲ့ အရည်တွေ စမ်းပေးထားပြီး အရသာက အီနေတာမျိုး
မဟုတ်ဘဲ ၀က်အသား၊ အူတို့ ကလည်း နူးညံ့တယ်လို့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။
သူက ခါးသက်တဲ့ အရသာကို မကြိုက်တာကြောင့် နည်းနည်းခါးသက်သက် ဖြစ်တဲ့ ကိုက်လံ
ကိုတော့ မစားဘဲ ချန်ထားလိုက်ပါတယ်။
ဒါပေမဲ့ သူငယ်ချင်းဖြစ်သူ သူ့ထမင်းပေါင်းစားနေတာ ကုန်တဲ့အထိကို ဖတ်ကဖောင်းနဲ့ ဟင်းချို
ကတော့ ရောက်မလာသေးပါဘူး။
၂၅ မိနစ်လောက် စောင့်ဆိုင်းနေရတာကြောင့် ဆိုင်အတွင်းကို မျက်စိကစားတော့ ကျဉ်းမြောင်းတဲ့
ဆိုင်လေးကို မော်ဒန်ဆန်တဲ့ ဓာတ်ပုံ အကြီး၊ အသေးတွေ၊ ပန်းချီကားတချို့နဲ့ အလှဆင်ထားတာကို
မြင်တွေ့ရတာကြောင့် ဆိုင်ရှင်က ဓာတ်ပုံတွေ စုဆောင်းရတာ ၀ါသနာပါပုံရတယ်လို့
ကောက်ချက်ချမိပါတယ်။
အငွေ့တထောင်းထောင်းနဲ့ ယိုးဒယားဟင်းချိုကတော့ ရောက်လာပါပြီ။
ကျန်နေတဲ့ဟင်းပွဲ ကြာနေတာဘာကြောင့်လဲလို့ စားပွဲထိုးကို စောဒကတက်လိုက်တာနဲ့ သူက
အရမ်း လူကျနေပြီး ရှေ့မှာ မှာထားတဲ့စားပွဲတွေ များတာကြောင့် ခဏနေရင် ရတော့မှာပါလို့
ပြံုးပြံုးလေး ရှင်းပြသွားတာကြောင့် ဆက်စောင့်နေလိုက်ပါတယ်။
သံပရာနံ့ သင်းနေတဲ့ ဟင်းချိုကလည်း စားကောင်းမယ့် ပုံပါပဲ။
မှို၊ ၀က်သားချောင်း၊ ပန်းဂေါ်ဖီ၊ ထိုင်းအသားလုံး စတာတွေပါ၀င်တဲ့ ဟင်းချိုက စပ်တဲ့အရသာ
ရှိပေမယ့် ချိုနေသလို ချဉ်တဲ့အရသာလည်း ခံစားရတာကြောင့် အရမ်းတော့ မစပ်ပါဘူး။
အစပ်ကြောက်တဲ့သူတွေလည်း စားသုံးနိုင်မှာပါ။
စားပွဲထိုးပြောသလို သိပ်မကြာခင်မှာပဲ ဖတ်ကဖောင်းက ရပါပြီ။
လေးထောင့်ပုံ ဖော်ထားတဲ့ ထမင်းဘေးမှာ ၀က်သားကို အစပ်အဟပ်တည့်အောင် ချက်ထားပြီး
ကြက်ဥကြော်ကို ထမင်းပေါ်အုပ်ထားသလို ဆလပ်ရွက်နဲ့ သခွားသီးကိုလည်း ပန်းကန်ဘေးမှာ
သပ်သပ်ရပ်ရပ်စီကို ပြင်ပေးထားတာမို့ အရောင်စုံလင်ပြီး စားချင်စရာလေး ပါပဲ။
၀က်သားဟင်းအရသာက စပ်ပေမယ့် ချိုနေသလို ငန်တဲ့အရသာလည်း ခံစားရပြီး အရသာ
ရှိတာကြောင့် အဆင်ပြေတဲ့ဟင်းလျာပါပဲ။
အကုန်လုံးခြံုပြောရရင် အစားအသောက်တွေက မှာလိုက်မှ ချက်ပေးတာကြောင့် ပူနွေးပြီး
စားကောင်းသလို စားပွဲထိုးတွေကလည်း ဖော်ရွေပါတယ်။
လူများတဲ့ အချိန်သွားစားမိရင်တော့ အချိန်အတော်ကြာ စောင့်ရမယ် ဆိုတာကတော့
မှတ်ထားရမှာပါ။
ထိုင်းအစားအစာ အဓိကဆိုပေမယ့်လည်း မီနူးထဲမှာ တရုတ်အစားအစာနဲ့ အနောက်တိုင်း
အစားအစာတို့ကိုလည်း တွေ့ရပါတယ်။
ဈေးနှုန်းကတော့ ကျပ် ၁,၇၀၀ ကစလို့ ကျပ် ၆,၀၀၀ အထိရှိပါတယ်။
ကော်ဖီကို အမျိုးအစားစုံလင်စွာ ရနိုင်ပြီး အအေးကတော့ ဘူးတွေပဲ ရနိုင်ပါတယ်။
ဘီယာလည်း သောက်သုံးနိုင်ပါတယ်။
ညနေပိုင်းအချိန်ဆိုရင် ဆိုင်အပြင် ဘက်မှာ ခုံခင်းထားတာကြောင့် ဘီယာ လာသောက်ကြတဲ့
ပြည်တွင်းစားသုံးသူများသာမက နိုင်ငံခြားသားများကိုလည်း တွေ့မြင်နိုင်မှာပါ။
မနက် ၉ နာရီကနေ ည ၁၀ နာရီထိဖွင့်တဲ့ ဒီဆိုင်ဘေးမှာ ရှေ့ဆောင်နဲ့ နေပြည်တော် ရုပ်ရှင်ရုံတို့
ရှိတာကြောင့် ရုပ်ရှင်မစခင်နဲ့ ပွဲပြီးချိန်တွေမှာ ဗိုက်ဆာတယ်၊ အချိန်ဖြုန်းချင်တယ်ဆိုတဲ့
လူတွေအတွက် အဆင်ပြေတဲ့ နေရာလေးတစ်ခုပါပဲ။
ဒီဆိုင်ရဲ့ လိပ်စာအတိ အကျကတော့ အမှတ် ၁၈၂၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်မြို့ ဖြစ်ပါတယ်။
Suzuki
အမှတ် ၁၈၂၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
