အီတာလျံဘွားဘွား ချက်တဲ့ ပါစတာ

အီတာလျံဘွားဘွား ချက်တဲ့ ပါစတာ

မိုးရွာပြီ ...။ ဒီရက်တွေထဲ မထင်မှတ်ဘဲမိုးရွာတာနဲ့ အပြင်ထွက်မယ့်အစီအစဉ်တွေလည်း
ဟိုရောက်ဒီရောက်ဖြစ်၊ စီစဉ်ထားတဲ့မီနူးတွေလည်း အပြောင်းအလဲတွေဖြစ်၊ ချက်ကာနီး
ဟိုဟာလေးလိုနဲ့ ဘာချက်ရမလဲတောင် ဖြစ်သွားပါတယ်။

ဒါနဲ့ပဲ ရှိတာလေးတွေ ပြန်စုစည်းပြီးတော့ ပါစတာလေး ချက်ဖြစ်လိုက်ပါတယ်။

သူက ရိုးရိုးရှင်းရှင်းလေးနဲ့ ချက်ရတာလွယ်ကူပါတယ်။

ရုံးအပြန်မှာ နာရီဝက်လောက် အချိန်ပေးလိုက်ရင် ချက်လို့ရပါတယ်။

မူလချက်နည်းကတော့ နာမည်ကြီး အီတာလျံစားဖိုမှူးကြီး တစ်ယောက်ရဲ့ အမေက ချက်လေ့ရှိတဲ့
နည်းလေးပါ။

သူတို့သုံးတဲ့ ခရမ်းချဉ်သီးက ဒီမှာ မရနိုင်တော့ ဘူးနဲ့လာတဲ့ ပြုတ်ပြီးသား ခရမ်းချဉ်သီးကို
သုံးထားပါတယ်။

ခရမ်းချဉ်သီးကို ကိုယ့်ဘာသာကိုယ် ပြုတ်မယ်ဆိုရင်တော့ အရမ်းကို မှည့်နေတဲ့ ခရမ်းချဉ်သီးကို
ဆားလေးထည့်ပြီး ပြုတ်လို့ရပါတယ်။

ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)

ခရမ်းချဉ်သီး (S&W whole peeled tomatoes) ၂ ဘူး (၈၀၀ ဂရမ်နီးပါး)
ကြက်သွန်ဖြူ ၄ မြွှာ
သံလွင်ဆီစားပွဲဇွန်း ၅ ဇွန်း
ငရုတ်သီး အနီသေးတောင့် ၂ တောင့်
၀ုိင်အဖြူ စားပွဲဇွန်း ၃ ဇွန်း (အဆင်ပြေရင်သာ)
အီတာလျံ basil အရွက် ၁/၃ ခွက်စာ
ပါစတာအခြောက် ၅၀၀ ဂရမ်
Pecorino romano ချိစ် ၁၂၀ ဂရမ်

ပြင်ဆင်ပုံ

ခရမ်းချဉ်သီးဘူးများကို ဖောက်ထုတ်ပြီး ကတ်ကြေးနဲ့ ခပ်ကြမ်းကြမ်းလေး ညှပ်ပြီး ထားပါ။

နောက် ကြက်သွန်ဖြူများကို ညက်ညက်လေး စဉ်းထားပါ။

ပါစတာများကို အထုပ်ပါအညွှန်းတိုင်း ပြုတ်ပါ။ သံလွင်ဆီ ထည့်မပြုတ်ပါနဲ့။

ပါစတာများကို ရေမစစ်ခင် ပါစတာပြုတ်ရေ ၁ ခွက်ခန့်ကို ခပ်ပြီး ဖယ်ထားပါ။

ပြီးတဲ့အခါ သံလွင်ဆီကို ဒယ်အိုးထဲထည့်ပြီး ကြက်သွန်ဖြူများကို အနံ့ ထွက်လာတဲ့အထိ
မီးမပြင်းတပြင်းနဲ့ ဆီသတ်ပါ။

နောက်တစ်ဆင့်မှာ ခရမ်းချဉ်သီးများကို လောင်းထည့်ကာ နာရီဝက်မျှ မီးအေးအေးနဲ့ တည်ပါ။

၀ုိင်ထည့်မယ်ဆိုရင် ခရမ်းချဉ်သီးများ ထည့်ပြီး ငါးမိနစ်လောက်မှာ ဆက်ထည့်ပါ။

ချကာနီးရင် အီတာလျံ basil အရွက်များနဲ့ ပါစတာပြုတ်ထားပြီးသားများကိုထည့်ကာ နှံ့အောင်
နယ်ပြီး ချပါ။

အရည်လိုရင် ပါစတာပြုတ်ရည်ကို စားပွဲဇွန်း ၃ - ၄ ဇွန်းစာထည့်ပြီး မွှေပါ။

နောက် ခြစ်နဲ့ခြစ်ထားတဲ့ ချိစ်များကိုထည့်ကာ ငရုတ်ကောင်းအနက်မှုန့်ကိုဖြူးပြီး စားသုံးနိုင်ပါ
တယ်။

အရသာအတွက် ဆားကိုသာ သုံးပါ။

အလွန်ရိုးစင်းပေမယ့် သဘာဝအရသာနဲ့ပြည့်စုံတဲ့ ပါစတာဆော့စ် ချက်နည်း တစ်မျိုးပါ။

ချိစ်ကို ချိစ်အမာ သုံးရင် ရပါတယ်။

ဘိုစားပဲနဲ့ paprika အသုပ်
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)

ဘိုစားပဲ ၃၀၀ ဂရမ်
သံလွင်ဆီစားပွဲဇွန်း ၄ ဇွန်း
Paprika လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား
ငရုတ်ကောင်းမှုန့် အနက်

ပြင်ဆင်ပုံ

ဘိုစားပဲများကို ထိပ်ပိုင်းများဆိတ်ပြီး ဘေးက အမျှင်များကို သင်ပါ။

ပြီးတဲ့အခါ ရေဆေးပြီး စစ်ထားပါ။

ဘိုစားပဲများကိုပြုတ်ရန် ရေနွေးကျိုပါ။

အဲဒီအထဲကို ဆားစားပွဲဇွန်း ၁ ဇွန်းခန့် ထည့်ပါ။

ရေနွေးပွက်ပွက်ဆူပြီဆိုရင် မီးကိုလျှော့ကာ ဘိုစားပဲများကို သုံး - လေး မိနစ်မျှ ရေနွေးဖျောပါ။

နောက် ရေခဲရေထဲမှာထည့်ပြီး အပူချိန်ကျအောင် စိမ်ထားပါ။

ပြီးရင် ရေစစ်အောင်ထပ်ပြီး စစ်ထားပါ။

နောက် သံလွင်ဆီ၊ ဆား၊ ငရုတ်ကောင်းအနက်မှုန့်နဲ့ paprika ကို ထည့်ပြီး နှံ့အောင်မွှေကာ
သုံးဆောင်နိုင်ပါပြီ။

 
[