ကျွန်မအနေနဲ့ မေမိုးဖွဲလေးကို အာရုံမထားဘဲ မိုးရွာထဲ လမ်းလျှောက်ရတာကို အလွန်နှစ်သက်
ပါတယ်။
ဒါပေမဲ့ မိုးကြောင့် လမ်းလျှောက်တဲ့အခါ ရွှံ့တွေပေမှာ ကြောက်တတ်တဲ့ သူငယ်ချင်းနှစ်ယောက်
အတွက် ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းကနေ သွားရမယ့်ခရီး နီးနီးလေးကို
တက္ကစီငှားရပါတော့တယ်။
လမ်းကြောရှင်းနေတဲ့အတွက်ကြောင့် နောက် ငါးမိနစ်အကြာမှာပဲ ဗိုလ်တထောင်မြို့နယ်၊
၄၉ လမ်းထောင့် မဟာဗန္ဓုလလမ်းပေါ်က Black Sky Cafe & Bakery ဆိုင်လေးကို ရောက်သွား
ကြပါတယ်။
ဆိုင်ထဲဝင်ဝင်ချင်း မှန်တံခါးရဲ့ မလှမ်းမကမ်းမှာတော့ ဖန်အုပ်ဆောင်းတွေကို အစီအရီ တွေ့ရပါ
တယ်။
အဲဒီထဲမှာတော့ ကိုယ်တိုင် လုပ်ရောင်းတဲ့ ကိတ်၊ ပေါင်မုန့်အမျိုးမျိုး၊ ဂျုံနဲ့လုပ်ထားတဲ့
အသားအစာသွတ်မုန့်တွေနဲ့ တခြားအဆာပြေစားဖို့ သင့်တော်တဲ့ စားချင်စဖွယ်မုန့်တွေက
နေရာယူလို့ထားပါတယ်။
ဆိုင်ရဲ့ နံရံပတ်ပတ်လည်မှာတော့ ဟင်းပွဲပုံတွေနဲ့ အလှဆင်ပါတယ်။
ဒီဆိုင်လေးမှာ ကော်ဖီ၊ ရာသီစာအသီး မျိုးစုံဖျော်ရည်နဲ့ ကိတ်မျိုးစုံကို အဓိကထားပြီး
ရောင်းချပေမယ့် မနက်စာ၊ နေ့လယ်စာနဲ့ ညစာအတွက် ထမင်းနဲ့တွဲဖက် စားသုံးနိုင်မယ့်
ဟင်းပွဲတွေအပြင် ဒင်းဆမ်းပွဲတွေကိုလည်း စားသုံးသူတွေ မှာယူသုံးဆောင်လို့ရအောင်
မနက် ရ နာရီခွဲကစလို့ ည ၉ နာရီခွဲအထိ ၀န်ဆောင်မှုပေးပါတယ်။
ကျွန်မတို့ သုံးယောက်ရဲ့ အချိန်လွန်နေ့လယ်စာအတွက် ဆိုင်ရဲ့ ဟင်းပွဲမီနူးစာအုပ်ထဲက
နာမည်ဆန်းတွေဖြစ်တဲ့ အရက်သမားဟင်း (ကျပ် ၃,၀၀၀)နဲ့ လယ်သမားဟင်းရည် (ကျပ် ၃,၀၀၀)
တို့ကို ထမင်းဖြူလေးနဲ့ တွဲဖက်လို့ မှာယူလိုက်ပါတယ်။
ပြီးတော့ ကျွန်မတို့ မိန်းကလေးသုံးယောက်သား စကားဝိုင်းစဖွင့်လိုက်တာ နောက်ထပ် ၁၅ မိနစ်
ကျော်အကြာလောက်မှာ ကြွေထည်ဖြူဆွတ်ဆွတ် ပန်းကန်တွေနဲ့အတူ ဟင်းပွဲတွေကို
၀န်ထမ်းလေးက လာချပေးပါတယ်။
အဲဒီမှာ အနံ့ရော၊ ဟင်းပွဲအပြင်အရရော အာရုံ ဖမ်းစားနိုင်လိုက်တာက ယောက်ချိုဇွန်းကြီး
ထည့်ထားတဲ့ လယ်သမားဟင်းရည်ပါ။
အသေး စားပြောင်းဖူး၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ မုန်ညင်း၊ ရွှေပဲသီး၊ ဖိုးသူတော်နားရွက်၊ ပုစွန်နဲ့ ကင်းမွန်
တို့ ပါ၀င်ပြီးတော့ အရည်ခပ်ကျဲကျဲ ဟင်းရည်ရဲ့ ချဉ်၊ ငန်၊ စပ်အရသာက မိုးတွင်းနဲ့ အင်မတန်မှ
လိုက်ဖက်ပါတယ်။
အဲဒီဟင်းရည်ရဲ့ ဆန့်ကျင်ဘက်အရသာဖြစ်တဲ့ ကောက်ရိုးမှို၊ ကင်းမွန်၊ ကြက်သား၊ အပြား
ရိုက်ထားတဲ့ ငါးတို့ကို ခရမ်းချဉ်သီးနဲ့ အချိုချက် အရက်သမားဟင်းကလည်း စောစောက
ချဉ်ငန်စပ်ဟင်းရည်ကို ထမင်းနဲ့တွဲဖက်စားသုံးလို့ အသင့်တော်ဆုံးလို့ ထင်ပါတယ်။
ကျွန်မတို့သုံးယောက်သား ခေါင်းချင်းဆိုင်ပြီးတော့ အပီလွေးကြတာ အကုန်လုံး တက်တက်ပြောင်
လောက်တဲ့အထိ ပါပဲ။
ပြီးတဲ့ အခါမှာတော့ အချိုပွဲသုံးဆောင်ဖို့အတွက် ကိတ်မုန့်တွေထားတဲ့ဘက်ကို ခြေဦးလှည့်လိုက်
ကြပါတယ်။
ကျွန်မ သူငယ်ချင်းတွေကတော့ Floss cake (ကျပ် ၈၀၀)နဲ့ Blue Almond (ကျပ် ၅၀၀)တို့ကို
မှာယူပြီးတဲ့နောက်မှာ ကျွန်မကလည်း ကော်ဖီဆိုင်တွေရောက်တိုင်း မြည်းစမ်းလေ့ရှိတဲ့
Chicken Floss (ကျပ် ၆၀၀) တို့ကို ဆိုင်ရဲ့လူကြိုက်အများဆုံး၊ အထူးခြားဆုံးဖြစ်တဲ့ Coffee Pot
(နှစ်ခွက်စာ ကျပ် ၂,၀၀၀) နဲ့ တွဲဖက်သုံးဆောင်ဖို့ မှာယူလိုက်ပါတယ်။
Coffee Pot ကတော့ ကိုယ်တိုင်အပူပေးပြီး ကိုယ်တိုင်ဖျော်ရတဲ့အပြင် ခွက်အရေအတွက်
ပေါ်မူတည်ပြီးတော့ မှာယူရပါတယ်။
ကျောင်းက ဓာတုဗေဒဓာတ်ခွဲခန်းထဲမှာ ဓာတုရည်စပ်ရသလိုမျိုး အပူပေးဖျော်စပ်ရတာက
အတွေ့အကြံုသစ် တစ်မျိုးပါပဲ။
နှစ်ခွက်စာ လတ်လတ်ဆတ်ဆတ်ကြိတ်ထားတဲ့ ကော်ဖီမှုန့်ကို အပေါ်အောက်တွဲစပ်ထားတဲ့
ဖန်ပေါင်း ခွက်ထဲမှာ ထည့်ထားသလို အောက်ဖန်ခွက်လုံး အကြည်ထဲမှာတော့ ရေထည့်ထားပါ
တယ်။
အဲဒီ ဓာတ်ခွဲခန်းသုံး ပေါင်းခံပြီး ဖျော်ရတဲ့ ကော်ဖီဖျော်စက်နဲ့အတူ အပူပေးဖို့ မီးစာတပ်ထားတဲ့
ခွက်ကို တွေ့ရပါတယ်။
၀န်ထမ်းအမျိုးသမီးလေး လာချပေးတဲ့ ကော်ဖီဖျော်ဖို့ ကိရိယာတွေကို ကြည့်ပြီးတော့ ရုံးမှာ
ကော်ဖီဖျော်စက်အောက်ကို ခွက်လေးထိုးထည့်ပြီး ခလုတ်လေးအလွယ် နှိပ်ပြီး ကျလာတဲ့
ကော်ဖီရည်ကို တွေးမိသလို သူငယ်ချင်းတွေအနေနဲ့လည်း အသင့်ဖျော် သရီးအင်ဝမ်း ကော်ဖီထုပ်
တွေနဲ့ နှိုင်းယှဉ် ကြည့်နေမိလောက်မယ် ထင်ပါတယ်။
အသက်နှစ်ဆယ်ကျော် ၀န်းကျင်လောက်ရှိတဲ့ ၀န်ထမ်းမလေးက ကော်ဖီဖျော်နည်းကို
တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားသလို ရှင်းလည်းရှင်းပြပါတယ်။
မီးနဲ့ တစ်မိနစ်လောက်အပူပေးလို့ ရေဆူသွားသလို အပေါ်ဖန်ခွက်ထဲက ကော်ဖီမှုန့်လည်း ဆူလို့
လာပါတယ်။
အောက်က ရေခမ်းသွားတာနဲ့အတူ မီးကိုဖယ်လိုက်တဲ့အခါမှာ အောက်ဖန်လုံးထဲကို ရေနွေးငွေ့
ကြောင့် ကော်ဖီရည်တွေ ကျလာပါတယ်။ သဘောကောင်းတဲ့ ၀န်ထမ်းမလေးက ကော်ဖီကို
ခဏနှပ်ထားဖို့ လိုတယ်လို့ ပြောလည်းပြော၊ လက်ကလည်း ကော်ဖီနဲ့ တွဲဖက်သောက်သုံးမယ့်
နို့ခွက်၊ သကြားခွက်နဲ့ မှာယူထားတဲ့ မုန့်တွေကို လာချပေးပါတယ်။
ကျွန်မတို့အတွက်ကတော့ ကော်ဖီရည်ကို ခွက်ထဲငဲ့ထည့်လို့ နို့၊ သကြားနဲ့ အဆင့်သင့်သောက်ရုံ
ပါပဲ။
ဒါပေမဲ့ နောက်တစ်ခါဆိုင်ကို သွားမယ်ဆိုရင်တော့ ကိုယ်တိုင် ဆရာကြီးစတိုင်ဖမ်းပြီး ဖျော်ကြည့်
မယ်လို့ စိတ်ထဲတေးထားလိုက်မိပါတယ်။
အစားအသောက်ကောင်းပေမယ့် ကျွန်မတို့ လူငယ်တွေရဲ့ လိုလားချက်ဖြစ်တဲ့ အင်တာနက်
မရရှိတာကတော့ ဒီဆိုင်ရဲ့ အားနည်းချက်ပေါ့။
ဒါပေမဲ့ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ပဲ ဖြစ်ဖြစ်သွားမယ်ဆိုရင်တော့ အလကားရတဲ့ ၀ိုင်ဖိုင်နဲ့
တစ်ချိန်လုံး ဖုန်းကလိနေမယ့်အစား ဟိုဟိုဒီဒီစကားတွေ ပိုပြောဖြစ်သွားမှာပါ။
အားလုံးခြံုငုံပြောရမယ်ဆိုရင်တော့ သွားလာရလွယ်ကူတဲ့ မြို့တွင်းလမ်းမဘေးမှာ တည်ရှိတဲ့
Black Sky ဆိုင်လေးက အပေါင်းအသင်းတွေ၊ စုံတွဲတွေအဖို့ နေ့လယ်စာနဲ့ ညစာတွေကို
အရသာရှိတဲ့ အစားအစာတွေနဲ့ သုံးဆောင်ဖို့ သင့်တော်တဲ့ ဆိုင်လေးဖြစ်ပါတယ်။
နောက်ပြီးတော့လည်း ပင်လယ်စာ၊ ဒင်မ်ဆန်းနဲ့ ချို၊ ချဉ်၊ ငန်၊ စပ်တဲ့အရသာတွေနဲ့ ထုံမွှမ်းထားတဲ့
ဟင်းပွဲတွေကို တစ်ယောက်တည်းသီးသန့် အဲကွန်းလေးအောက်မှာ ငြိမ့်ငြိမ့်လေး သုံးဆောင်လို့
ရမယ့် နေရာလေးလို့လည်း ပြောချင်ပါတယ်။
