စပိန်စတိုင် ကြက်အူချောင်း (သို့) ၀က်အူချောင်း ခရမ်းချဉ်သီး ပဲဆော့စ်ချက်

စပိန်စတိုင် ကြက်အူချောင်း (သို့) ၀က်အူချောင်း ခရမ်းချဉ်သီး ပဲဆော့စ်ချက်

မြေထဲပင်လယ်ဒေသက အီတလီတို့၊ စပိန်တို့မှာ sausage ကို ခရမ်းချဉ်သီးအနှစ်များများရယ်၊
ပဲမျိုးစုံတို့နဲ့ ဟင်းချက်စားလေ့ရှိပါတယ်။ ပြီးတော့ ထမင်း၊ ပေါင်မုန့်တို့နဲ့ တွဲစားပါတယ်။

ဒီတစ်ပတ်မှာတော့ sausage တွေကို ခရမ်းချဉ်သီးအနှစ်ပျစ်ပျစ်လေးရယ်၊ ဟင်းခတ်အမွှေးအကြိုင်
လေးတွေနဲ့ အမြင်၊ အရသာတစ်မျိုးဆန်းစေမယ့် ဟင်းလေးဖန်တီးထားပါတယ်။

သူ့ကို မြန်မြန်လေး ချက်ချင်လို့ အသင့်ပြုတ်ပြီးသား ခရမ်းချဉ်သီး(ဘူး)နဲ့ red kidney ပဲဘူးကို
ဖောက်ထည့်လိုက်ပေမယ့် ကိုယ့်ဘာသာကိုယ် ပြင်ဆင်ပြီးချက်လည်း ရပါတယ်။

ပဲကို ပြုတ်မယ်ဆိုရင်တော့ တစ်ညလောက် ရေစိမ်ပြီးမှ ပြုတ်ရင်ကောင်းပါတယ်။

Red kidney ပဲအစား ပဲကတ္တီပါကို သုံးရင်လည်း ရပါတယ်။

ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)

  • Smoke pork sausages (၀က်အူချောင်းအသေး ၈-၁၀ ချောင်း) ၂၀၀ ဂရမ်နီးပါး
  • ခရမ်းချဉ်သီး (S & W diced tomatoes နုပ်နုပ်စဉ်းပြီးသား) ၁ ဘူး/ ၄၁၁ ဂရမ်
  • S & W red kidney ပဲ (သို့) ပဲကတ္တီပါပြုတ် ၁ ဘူး/ ၄၀၀ ဂရမ်
  • ကြက်သွန်နီ ၃ လုံး
  • ကြက်သွန်ဖြူ ၄ မြွှာ
  • စမုန်စပါးစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Thymes အရွက်ခြောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Sweet paprika လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
  • ငရုတ်သီးအနီအသေး ၂ တောင့် (အစပ်ကြိုက်ရင် ပိုထည့်လို့ရပါတယ်)
  • သံလွင်ဆီ ၁/၄ ခွက်
  • Parsley အရွက် အနည်းငယ်

ပြင်ဆင်ပုံ

၀က်အူချောင်းများကို မီးဖိုချောင်သုံးတစ်ရှူး စက္ကူဖြင့် ရေပြောင်အောင် စုပ်ယူပါ။

ပြီးရင်် ခက်ရင်းနဲ့ ခပ်သာသာလေး ထိုးဖွထားပါ။

ခရမ်းချဉ်သီးဘူးကို ဖောက်ပြီးရင်် ကတ်ကြေးနဲ့ ခပ်ကြမ်းကြမ်းလေး ညှပ်ထားပါ။

ကြက်သွန်နီများကို ပါးပါးလေး လှီးထားပါ။

ငရုတ်သီးကို ထက်ခြမ်းခြမ်း အစေ့ထုတ်ထားပါ။

ပဲဘူးကိုလည်းဖောက်ပြီး ရေစစ်၊ နောက် ရေသန့်လေးနဲ့ လှုပ်ဆေးပြီး ရေစင်အောင် စစ်ထားပါ။

အိုးထဲကို ဆီထည့်ကာ မီးပြင်းပြင်းဖြင့်တည်ပါ။

ချက်ချင်းဆိုသလို ကြက်သွန်နီတွေကို ထည့်ပြီးကြော်ပါ။

ကြက်သွန်တွေ အရောင်ကြည်လာပြီဆိုရင် ကြက်သွန်ဖြူ၊ စမုန်စပါး၊ ငရုတ်သီးတို့ကိုထည့်ကာ
ဆီသတ်ပါ။

ကြက်သွန်ဖြူအနံ့ ထွက်လာပြီဆိုရင် sweet paprika ကို ထည့်ကာ ဆီသတ်ပါ။

တစ်မိနစ်လောက်ကြာအောင် အားလုံးကိုရောပြီး ဆီသတ်ပါ။

နောက်တစ်ဆင့်မှာ ခရမ်းချဉ်သီးထည့်ပြီး မွှေပါ။

ခရမ်းချဉ်သီးတွေ ပွက်လာပြီဆိုရင်် ရေ ၁/၄ ခွက်ကို ထည့်ကာ မီးလျှော့ပြီး မီးအေးအေးနဲ့ တည်ပါ။

မိနစ် ၂၀ လောက်နေရင်် ၀က်အူချောင်းတွေကို ထည့်ပါ။

ငါးမိနစ်ခြားပြီး ပဲတွေကို ထည့်ပါ။

အရသာအတွက် ဆားကို သုံးပါ။

နောက်ငါးမိနစ်နေရင်် အိုးကို ချပါ။

ပြီးရင်် parsley အရွက်တွေကို ဖြူးထည့်ပါ။


သက်သတ်လွတ် ခရမ်းချဉ်သီး - ပဲဆော့စ်ချက်
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)

  • ခရမ်းချဉ်သီး (S & W diced tomatoes နုပ်နုပ်စဉ်းပြီးသား) ၁ ဘူး/ ၄၁၁ ဂရမ်
  • S & W red kidney ပဲ (သို့) ပဲကတ္တီပါပြုတ် ၁ ဘူး/ ၄၀၀ ဂရမ်
  • ကြက်သွန်နီ ၃ လုံး
  • ကြက်သွန်ဖြူ ၄ မြွှာ
  • ဇီရာစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Sweet paprika လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
  • ငရုတ်သီးအတောင့်ကြော် ၄ တောင့် (အစပ်ကြိုက်ရင် ပိုထည့်လို့ ရပါတယ်)
  • သံလွင်ဆီ ၁/၄ ခွက်
  • နံနံပင်အရွက် အနည်းငယ်

ပြင်ဆင်ပုံ

ခရမ်းချဉ်သီးဘူးကို ဖောက်ပြီးရင် ကတ်ကြေးနဲ့ ခပ်ကြမ်းကြမ်းလေး ညှပ်ထားပါ။

ကြက်သွန်နီတွေကို ပါးပါးလေး လှီးထားပါ။

ပဲဘူးကိုလည်းဖောက်ပြီး ရေစစ်၊ နောက် ရေသန့်လေးနဲ့ လှုပ်ဆေးပြီး ရေစင်အောင် စစ်ထားပါ။

အိုးထဲကို ဆီထည့်ကာ မီးပြင်းပြင်းနဲ့တည်ပါ။

ချက်ချင်းဆိုသလို ကြက်သွန်နီတွေကို ထည့်ပြီးကြော်ပါ။

ကြက်သွန်တွေ အရောင်ကြည်လာပြီဆိုရင် ကြက်သွန်ဖြူနဲ့ ဇီယာစေ့တို့ကိုထည့်ကာ ဆီသတ်ပါ။

ကြက်သွန်ဖြူ အနံ့ထွက်လာပြီဆိုရင် sweet paprika နဲ့ ငရုတ်သီးကြော်တို့ကို ထည့်ကာ
ဆီသတ်ပါ။

တစ်မိနစ်လောက်ကြာအောင် အားလုံးကိုရောပြီး ဆီသတ်ပါ။

နောက်တစ်ဆင့်မှာ ခရမ်းချဉ်သီးကိုထည့်ပြီး မွှေပါ။

ခရမ်းချဉ်သီးတွေ ပွက်လာပြီဆိုရင် ရေ ၁/၄ ခွက်ကို ထည့်ကာ မီးလျှော့ပြီး မီးအေးအေးဖြင့်
တည်ပါ။

၂၅ မိနစ်လောက်နေရင် ပဲတွေကိုထည့်ပါ။

အရသာအတွက် ဆားကို သုံးပါ။

နောက်ငါးမိနစ်နေရင် အိုးကိုချပါ။

ပြီးရင် နံနံပင်အရွက်တွေကို ဖြူးထည့်ပါ။

 
[