ဘဲသားကို green tea လို့ခေါ်တဲ့ လက်ဖက်ခြောက်ရယ်၊ သစ်ကြံပိုးခေါက်ရယ်၊ နာနတ်ပွင့်လေး
တွေနဲ့ ကျပ်တိုက်ထားတဲ့ ဟင်းကို ဒီတစ်ပတ်မှာ ကြိုးစားပြီး ချက်ထားပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဩစတြေးလျမှာ ဘဲသားကို လက်ဖက်ခြောက်နဲ့ ကျပ်တိုက်
တဲ့ဟင်းအမျိုးမျိုးက ခေတ်စားနေတာပါ။
ဟင်းချက်နည်းမဂ္ဂဇင်း (food magazine) တွေ၊ ချက်နည်းပြုတ်နည်းရုပ်သံဇာတ်လမ်းတွဲ
(cooking show) တွေမှာ အတော်လေးကို ပေါ်ပြူလာဖြစ်တဲ့ fusion ချက်နည်းတစ်မျိုးပါ။
Fusion food တွေရောင်းတဲ့ နာမည်ကြီး စားသောက်ဆိုင်တွေမှာလည်း ဒီဟင်းက မပါမဖြစ်ပေါ့။
ဒါတွေကိုကြည့်ရင်း ဒီဟင်းမျိုးကို လက်တည့်စမ်းဖို့ ကြိုးစားနေတာ ကြာပါပြီ။
ဟိုတစ်လောကတော့ ကိုယ်ကိုယ်တိုင်မချက်ရင် ဘယ်နေရာမှာမှ ၀ယ်စားလို့မရနိုင်တာမို့
လက်တည့်စမ်းပြီး မိတ်ဆွေတွေကို အမြည်းကျွေးလိုက်တာ ထန်းပင်တက်လက်မှတ်ကို
အောင်မြင်စွာရရှိသွားပါတော့တယ်။
Master chef ထဲက ပြိုင်ပွဲဝင်တွေ၊ နိုင်ငံတကာကစားဖိုမှူးကြီးတွေ ဖန်တီးလေ့ရှိတဲ့ဟင်းပွဲကို
အိမ်မှာ လွယ်လွယ်ကူကူလေးချက်နိုင်ဖို့ နည်းလမ်းလေးတွေကို မျှဝေလိုက်ပါတယ်။
တကယ်တမ်းချက်ကြည့်တော့ ချက်ရတာက လွယ်လွယ်လေးပါ။
ဘဲသားကို အရိုးထုတ်ပြီး ရင်ပုံအသားလှလှလေးတွေ ရအောင်လုပ်ရတာကပဲ ခက်တာပါ။
ဘဲသားကိုလည်း ကြက်ရင်ပုံလို လှတပတ ခုတ်ထစ်ပြီး ရောင်းမယ့်သူရှိရင်တော့ ကောင်းသားပေါ့။
ဘဲကို တောဘဲအစား အရေခွံနုဘဲကို သုံးထားပါတယ်။
သူက အသားခွာရတာ လွယ်လို့ပါ။ ဘဲကင်လုပ်ရင် အဲဒီ အရေခွံနုဘဲကို သုံးကြပါတယ်။
ဘဲသား လက်ဖက်ခြောက်ကျပ်တိုက်
ပါ၀င်ပစ္စည်း
- ဘဲရင်ပုံ (တစ်ခြမ်းစီ) ၄ ခု
- လက်ဖက်ခြောက် (ရှမ်း) ၂ ခွက်
- သစ်ကြံပိုးခေါက် ရ - ၁၀ စင်တီမီတာ ၁ ခု
- နာနတ်ပွင့် (အပြည့်) ၈ - ၁၀ ခု
- အရသာအတွက် ဆား အနည်းငယ်
လိုအပ်သောပစ္စည်း
- ဇောက်နက်နက်နဲ့ အောက်ခံထူထူ ဒယ်အိုးတစ်လုံး (အရည်မပါဘဲ အရွက်ခြောက်တွေကို
အပူပေးမှာမို့ အောက်ခံပါးတဲ့အိုးဆိုရင် အိုးပေါက်သွားတတ်ပါတယ်။) - အလူမီနီယံအပြား (aluminium foil)
- စတီးစင် အသေး ၁ ခု
- အမိုးခုံး စလောင်းဖုံး ၁ ခု
ပြင်ဆင်ပုံ
ဘဲကို ရင်ပုံပိုင်းနှစ်ခုကို ၀ယ်ပြီး အတောင်ပံတွေကို ဖြတ်ခိုင်းပါတယ်။
နောက် ထက်ခြမ်းပိုင်းလိုက်တော့ ရင်ပုံ (တစ်ခြမ်းစီ) လေးခု ရပါတယ်။
အဲဒီရင်ပုံတွေကို ရေသေချာဆေးပြီး ရေစစ်ထားပါတယ်။
နောက် ဦးချွန်ပါတဲ့ ဓားပါးပါးလေးနဲ့ အသားနွှာပါတယ်။
ရင်ပုံအောက်ခြေထဲကို ဓားဦးချွန်လေး အသာထိုးသွင်းပြီး အရိုးအပေါ်နားကနေ ဓားကို ကပ်ပြီး
အသားကို နွှာပါ။ အဲဒါဆို ပိုလွယ်ပါတယ်။
ပြီးရင်တော့ အရေပြားပေါ်ကို ဆားအနည်းငယ် လက်နှစ်ဖျစ်စာလောက် ဖြူးပြီး နှံ့အောင်
ပွတ်တိုက်ပေးထားပါ။
ကျပ်တိုက်ဖို့အတွက် ဒယ်အိုးထဲမှာ အလူမီနီယံအပြားလေးခင်း၊ နောက် (ပုံမှာပြထားတဲ့အတိုင်း)
လက်ဖက်ခြောက်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ဖြူးထည့်ပါ။

ပြီးရင် အပေါ်ကနေ နောက်ထပ် အလူမီနီယံအပြားလေး အုပ်ပြီးထားပါ။
လက်ဖက်ခြောက်တွေ လုံရုံလေးပါပဲ။
နောက် အသားတွေကို တင်လို့ရမယ့် စင်ကလေးတစ်ခုကို တင်ပါ။
အပူခံစတီးစင်လေးတွေ သုံးလို့ရပါတယ်။
ဒါပေမဲ့ စင်နဲ့ လက်ဖက်ခြောက်က နည်းနည်းတော့ ဝေးဖို့လိုပါတယ်။
စလောင်းဖုံးကလည်း အပြားမဟုတ်ဘဲ အမိုးမြင့်မြင့်လေးပါဖို့တော့ လိုပါတယ်။
အဲဒီစလောင်းဖုံးက ဒယ်အိုးကို အပြည့်ကာနိုင်လောက်အောင်လည်း ကြီးရပါမယ်။
ဒါမှ အငွေ့တွေ အပြင်မထွက်ဘဲ အထဲမှာ အငွေ့အပူတွေနဲ့ အသားကို ကျက်သွားစေမှာပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ လက်ဖက်ခြောက် ထည့်ပြီးသား ဒယ်အိုးကို အပူပေးပါ။
တစ်မိနစ်ကျော် နှစ်မိနစ်လောက်ဆိုရင် အိုးက တော်တော်လေး ပူလာပြီး အငွေ့တွေ အောင်းလာ
ပါလိမ့်မယ်။
အဖုံးကို အသာလေးနည်းနည်းလောက် လှပ်ကြည့်ပြီး အငွေ့တွေ ပြည့်နေပြီဆိုရင် အဖုံးကို
တစ်ဝက်လောက် ဟကာ ဘဲသားများကို မြန်မြန်လေးစီထည့်ပါ။
အရေခွံကို အပေါ်ဘက်မှာ ထားပါ။
ပြီးတဲ့အခါ အဖုံးကို ဒယ်အိုးလုံအောင် ဖုံးပြီး ကျပ်တိုက်ပါ။
နောက်ထပ် နှစ်မိနစ်လောက်ကြာရင် မီးကို နည်းနည်းလျှော့၊ မီးမပြင်း တပြင်းနဲ့ ၁၀ မိနစ်လောက်
ကျပ်တိုက်ပါ။
နောက် မီးကို လုံးဝငြိှမ်းပြီး ငါးမိနစ်လောက် ထားပါ။ အသားများ အငွေ့နဲ့ကျက်သွားပါလိမ့်မယ်။
အသားကို အလယ်မှာ ပန်းရောင်လေး၊ မကျက်တကျက် လိုမျိုးတွေ့ချင်ရင်တော့ အိုးထဲမှာ
သုံးမိနစ်လောက်ထားပြီး အပြင်ကို ထုတ်ထားလိုက်ပါ။
နောက် အလူမီနီယံအပြားလေးနဲ့ အုပ်ထားပါ။
ရိုးရိုးလေးနဲ့ တကယ်အရသာရှိပြီး စားလို့ကောင်းတာပါ။

ကိုက်လန်ပေါင်း
ပါ၀င်ပစ္စည်း
- ကိုက်လန် ၂ စည်း (အဖူးနဲ့ အညွန့်လေးတွေရရင် ပိုကောင်းပါတယ်)
- နှမ်းလှော်ဆီ စားပွဲဇွန်း ၁/၂ ဇွန်း
- ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၁ ဇွန်း
- Kikkoman ပဲငံပြာရည် စားပွဲဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြင်ဆင်ပုံ
ကိုက်လန်များကို အဖူးနဲ့ အရွက်နုများကို ဖြတ်ယူပါ။ အရိုးနုများကိုသာ ချိုးယူထားပါ။
ရေနွေးဖြောဖို့အတွက် အိုးထဲကို ရေထည့်ပြီး ဆားထည့်ကာ ပွက်ပွက်ဆူတဲ့အထိ တည်ပါ။
ရေနွေးပွက်ပွက်ဆူရင် ကိုက်လန်များကို ထည့်ကာ ၃ - ၄ မိနစ်လောက် ပြုတ်ပါ။
ပြီးရင် ရေခဲများထည့်ထားတဲ့ ရေအေးထဲမှာ ကိုက်လန်များကို ထည့်ပြီး အအေးခံပါ။
နောက်တစ်ဆင့်မှာတော့ ရေပြောင်အောင် စစ်ပါ။
နောက် ကျန်ပါ၀င် ပစ္စည်းများကို ဇလုံထဲထည့်ကာ သမအောင် မွှေပါ။
ကိုက်လန်ပေါ်ကို နှမ်းလှော်ဆီ အရည်လေးကို ဆမ်းပြီးထားပါ။
ပွဲပြင်ရန်အတွက်
ဘဲသားများကို ခပ်ပါးပါးလေးလှီးပါ။
နောက် ဆီးသီး salsa နဲ့ ကိုက်လန်ပေါင်းကို တွဲပြင်ပြီး စားသုံးနိုင်ပါတယ်။
ဆီးသီး salsa
ပါ၀င်ပစ္စည်း
- ဆီးသီးခြောက် ၁၂ - ၁၅ လုံးခန့် (တချို့စူပါမားကက်တွေမှာ ၀ယ်လို့ရပါတယ်။
ဆီးယိုထိုးတဲ့ ဆီးသီးခြောက်ပါ။) - နှမ်းလှော်ဆီ စားပွဲဇွန်း ၂ ဇွန်း
- ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်း
- သကြား စားပွဲဇွန်း ၁ ဇွန်း
- Kikkoman ပဲငံပြာရည်စားပွဲဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြင်ဆင်ပုံ
ဆီးသီးများကို ရေနွေးပွက်ပွက်ဆူမှာ မိနစ်ဝက်လောက် ထည့်ပြီး ချက်ချင်းပြန်ဆယ်ကာ
ရေခြောက်အောင် စစ်ထားပါ။
ပြီးရင် အသားများကို လှီးကာ သေးသေးနုပ်နုပ်လေးဖြစ်အောင် စဉ်းပါ။
ကျန်ပါ၀င်ပစ္စည်းများကို ဇလုံထဲထည့်ကာ သကြားများ ပျော်ဝင်သွားတဲ့အထိ မွှေပါ။
ဆီးသီးများကို ထည့်ပြီးသမအောင် မွှေပါ။
ဘဲသားကျပ်တိုက်လေးနဲ့ တွဲစားဖို့ပါ။
