ဒီတစ်ပတ်တော့ ငါးရံ့ကို ကျပ်တိုက်ပြီး ဂျူးဖူးလေးနဲ့ တွဲဖက်ထားပါတယ်။ သူ့ကိုလည်းပဲ
ဘဲသားကို ကျပ်တိုက်တုန်းကလို green tea လို့ ခေါ်တဲ့ လက်ဖက်ခြောက်ရယ်၊ သစ်ကြံပိုးခေါက်
ရယ်၊ နာနတ်ပွင့်လေးတွေရယ်နဲ့ ကျပ်တိုက်ပါတယ်။
ပြီးတော့မှ သူနဲ့တွဲစားဖို့ နှမ်းပျစ်ဆော့စ်လေးကို ဖျော်ပြီး စိမ်ပါတယ်။
အသီးအနှံအတွက်က ဂျူးဖူးလေးတွေက အခုတလော လတ်လတ်ဆတ်ဆတ်နဲ့ အပင်တွေက
သန်တာမို့ သူ့ကိုကြော်ချက်လေးလို ချက်လိုက်ပါတယ်။
သူ့အရသာက ကြက်သွန်ဖြူလိုမျိုးမို့ ငါးရံ့နဲ့တွဲပြီး စားရတာအဆင်ပြေပါတယ်။
ဒီဟင်းက ဂျပန် fusion food ဖြစ်တဲ့ တူနာငါးကင်ကို မှီငြမ်းပြီး စမ်းချက်လိုက်တာပါ။
ငါးရံ့အသားက နီပြီး ဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းသလို အသားကလည်း ထူတယ်၊ နောက်ပြီး
သူ့ကိုအကြာကြီး ချက်စရာမလိုပါဘူး။
အပူငွေ့ပြင်းပြင်းလောက်နဲ့ ချက်လည်း သိပ်မညှီတာမို့ ကျပ်တိုက်လို့ အကောင်းဆုံးပါပဲ။
ငါးကိုတော့ အရေခွံဆုတ်ပြီး အလယ်အရိုး ထုတ်ဖို့တော့ လိုပါမယ်။
ငါးကို ဗိုက်ခွဲ၊ ကလီစာတွေထုတ်၊ ခေါင်းဖြုတ်ပြီး အရေခွံဆုတ်ပါ။ ပြီးမှ အကောင်လိုက်
အသားနွှာပါ။ ရလာတဲ့ ငါးအသားလွှာကို ရေဆေး၊ ရေစင်အောင်စစ်ပြီးမှ လိုသလောက်
အပိုင်းလေးတွေ တုံးပါ။

ငါးရံ့လက်ဖက်ခြောက်ကျပ်တိုက်
ပါ၀င်ပစ္စည်းများ
- ငါးရံ့ ၁ ကီလို (၇၀-၈၀ ကျပ်သား)
- လက်ဖက်ခြောက် (ရှမ်း) ၂ ခွက်
- သစ်ဂျပိုးခေါက် ရ-၁၀ စင်တီမီတာ ၁ ခု
- နာနတ်ပွင့် (အပြည့်) ၈-၁၀ ခု
- အရသာအတွက် ဆား အနည်းငယ်
- ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
လိုအပ်သောပစ္စည်း
- စောက်နက်နက်နဲ့ အောက်ခံထူထူဒယ်အိုး ၁ လုံး (အရည်မပါဘဲ အရွက်ခြောက်တွေကို
အပူပေးမှာမို့ အောက်ခံပါးတဲ့အိုးဆိုရင် အိုးပေါက်သွားတတ်ပါတယ်။) - အလူမီနီယံအပြား (aluminium foil)
- စတီးစင်အသေး ၁ ခု
- အမိုးခုံး စလောင်းဖုံး ၁ ခု
ပြင်ဆင်ပုံ
ငါးရံ့အသားလွှာတွေကို ဆားအနည်းငယ်၊ ငရုတ်ကောင်းအဖြူမှုန့်တို့နဲ့ နာနာလေးနယ်ပေးပါ။
ဘေးအရိုးတွေ မစူးအောင် သတိထားပါ။
အရိုးကို နှုတ်လို့ ရရင်လည်း ရသလောက် နှုတ်ထားပေးပါ။
ကျပ်တိုက်ဖို့ အတွက် ဒယ်အိုးထဲကို အလူမီနီယံအပြားလေးခင်း၊ နောက် (ပုံမှာပြထားတဲ့အတိုင်း)
လက်ဖက်ခြောက်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ဖြူးထည့်ပါ။

ပြီးတဲ့အခါ အပေါ်ကနေ နောက်ထပ်အလူမီနီယံအပြားလေး အုပ်ပြီးထားပါ။
လက်ဖက်ခြောက်တွေ လုံရုံလေးပါပဲ။
နောက်အသားတွေကို တင်လို့ရမယ့် စင်ကလေးတစ်ခုကို တင်ပါ။
အပူခံစတီးစင်လေးတွေ သုံးလို့ရပါတယ်။
ဒါပေမဲ့ စင်နဲ့လက်ဖက်ခြောက်က နည်းနည်းတော့ ဝေးဖို့လိုပါတယ်။
နောက်ပြီး စလောင်းဖုံးကလည်း အပြားမဟုတ်ဘဲ အမိုးမြင့်မြင့်လေးပါဖို့တော့ လိုပါတယ်။
အဲဒီ စလောင်းဖုံး က ဒယ်အိုးကို အပြည့်ကာနိုင်လောက်အောင်လည်း ကြီးရပါမယ်။
ဒါမှအငွေ့တွေ အပြင်မထွက်ဘဲ အထဲမှာ အငွေ့အပူတွေနဲ့ အသားကို ကျက်သွားစေမှာပါ။
အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ လက်ဖက်ခြောက် ထည့်ပြီးသားဒယ်အိုးကို အပူပေးပါ။
တစ်မိနစ်ကျော် နှစ်မိနစ်လောက်ဆိုရင် အိုးက တော်တော်လေး ပူလာပြီး အငွေ့တွေ အောင်းလာ
ပါလိမ့်မယ်။
အဖုံးကို အသာလေးနည်းနည်းလောက် လှပ်ကြည့်ပြီး အငွေ့တွေပြည့်နေပြီဆိုရင် အဖုံးကို
တစ်ဝက်လောက် ဟကာ ငါးရံ့အသားများကို မြန်မြန်လေး စီထည့်ပါ။
အရေခွံကို အပေါ်ဘက်မှာ ထားပါ။
ပြီးရင် အဖုံးကို ဒယ်အိုး လုံအောင်ဖုံးပြီး ကျပ်တိုက်ပါတော့။
နောက်ထပ် နှစ်မိနစ်လောက်ကြာရင် မီးကို နည်းနည်းလျှော့၊ မီးမပြင်းတပြင်းနဲ့ ၈-၁၀ မိနစ်လောက်
ကျပ်တိုက်ပါ။
နောက်တစ်ဆင့်မှာ မီးကို လုံးဝငြိှမ်းပြီး ငါးမိနစ်လောက် ထားပါ။
အသားများ အငွေ့နဲ့ ကျက်သွားပါလိမ့်မယ်။
အသားကို အလယ်မှာ ပန်းရောင်လေး မကျက်တကျက်လိုမျိုး တွေ့ချင်ရင်တော့ အိုးထဲမှာ
သုံးမိနစ်လောက် ထားပြီး အပြင်ကို ထုတ်ထားလိုက်ပါ။
နောက် အလူမီနီယံအပြားလေးနဲ့ အုပ်ထားပါ။
ရိုးရိုးလေးနဲ့ အရသာ တကယ်ကိုရှိပြီး စားလို့ကောင်းတာပါ။
အားလုံးပြီးတဲ့အခါ နှမ်းလှော်ဆီဆော့စ်ထဲကို ငါးကျပ်တိုက်များကို ထည့်ပြီး နှပ်ထားပါ။
စားကာနီးမှ ငါးကိုထုတ်ကာ လိုသလောက် လှီးပြီး ပွဲပြင်နိုင်ပါတယ်။
နှမ်းလှော်ဆီနှင့် နှစ်ပျစ်ဆော့စ်
ပါ၀င်ပစ္စည်းများ
- နှမ်းလှော်ဆီ စားပွဲဇွန်း ၃ ဇွန်း
- Kikkoman ပဲငံပြာရည် စားပွဲဇွန်း ၂ ဇွန်းခွဲ
- Mirin (ဂျပန်ဆန်အရက်ချို) စားပွဲဇွန်း ၃ ဇွန်း
- ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နှမ်း (အဖြူ) လှော်စားပွဲဇွန်း ၄ ဇွန်း
ပြင်ဆင်ပုံ
ပါ၀င်ပစ္စည်းများကို (နှမ်းမှအပ) ဇလုံထဲထည့်ကာ သမအောင်မွှေပါ။
ပြီးမှ နှမ်းများကိုထည့်ကာ မွှေပါ။
ဂျူးဖူးကြော်
ပါ၀င်ပစ္စည်း
- ဂျူးဖူး ၂ စည်း (အဖူးနဲ့ အပင်အနုလေးများကို ဆိတ်ထားပါ)
- နှမ်းလှော်ဆီ စားပွဲဇွန်း ၁/၂ ဇွန်း
- ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၁ ဇွန်းခွဲ
- ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြင်ဆင်ပုံ
ဂျူးဖူးများကို အဖူးနဲ့ အရိုးနုများကိုသာ ချိုးယူထားပါ။ ပြီးရင် ရေဆေးကာ ရေစင်အောင်စစ်ပါ။
Non stick ဒယ်ပြားထဲမှာ ဆီထည့်ပြီး ဆီပူအောင် တည်ပါ။
ဆီပူပြီဆိုမှ ဂျူးဖူးများကိုထည့်ကာ အသာလေး လှိမ့်ပေးပြီး ကြော်ပါ။
ဆီနှံ့သွားပြီဆိုရင် ရေစားပွဲဇွန်း နှစ်ဇွန်းစာလောက် ထည့်ကြော်ပြီး အဖုံးအုပ်ထားပါ။
သုံး-လေး မိနစ်လောက်ဆိုရင် အရိုးများ နူးလောက်ပါတယ်။
အရိုးနူးပြီဆိုတာနဲ့ အိုးထဲမှ လှယ်ကာထားပါ။
ငရုတ်ကောင်းအဖြူမှုန့်ကို ချကာနီးမှဖြူးပါ။
