တခြားအစားအစာတွေထက် မြန်မာထမင်း၊ ဟင်းကိုပဲ မြိန်ရေရှက်ရေ စားတတ်တဲ့ ကျွန်မ
အကြောင်းကိုသိတဲ့ လုပ်ဖော်ကိုင်ဖက် အစ်မ တစ်ယောက်က နေ့လယ်စာစားဖို့ အတွက်
၃၈ လမ်း(အလယ်ဘလောက်)ထဲက 'ရွှေ'ဆိုတဲ့ မြန်မာထမင်းဆိုင်လေးကို ပြီးခဲ့တဲ့တစ်ပတ်က
ခေါ်သွားပါတယ်။
ဆိုင်လေးက တိုက်ခန်းမြေညီထပ်မှာ ဖွင့်ထားတာဖြစ်လို့ အရမ်းတော့ ကျယ်ကျယ်ဝန်းဝန်း
မရှိလှပါဘူး။
ဒါပေမဲ့လည်း လေဝင် လေထွက်ကောင်းအောင် ပြုလုပ်ထားတာမို့ ပူပူလောင်လောင်ကြီးလည်း
ဖြစ်မနေပါဘူး။
တခြားမြန်မာဆိုင်တွေလိုပဲ အရန်သင့်ချက်ပြီး သားဟင်းမျိုးစုံကို ဗန်းတွေနဲ့ထည့်ပြီး မှန်ပုံးထဲမှာ
ခင်းကျင်းထားပါတယ်။
ကိုယ်မှာချင်တဲ့ ဟင်းအမျိုးအစားကို စိတ်ကြိုက်ရွေးမှာခဲ့ပြီး စားမယ့်စားပွဲမှာ ထိုင်စောင့်ရုံပါပဲ။
ထူးခြားတာကတော့ အဲဒီနားတစ်ဝိုက်မှာ ထမင်းဆိုင်တော်တော်များများရှိပြီး ပိုပြီးတော့လည်း
ဈေးသက်သာပုံရပေမယ့် ဒီဆိုင်အတွင်းမှာ ခုံပြည့်လုနီးပါး ဖြစ်နေတာပါပဲ။
ကျွန်မတို့ အဖွဲ့ကတော့ နောက်ဆုံးကျန်တဲ့ ခုံတစ်ဝိုင်းကို လျင်လျင်မြန်မြန်ပဲ နေရာဦးလိုက်ကြပါ
တယ်။
ဟင်းအမယ်(အမည်)တွေကတော့ ၀က်သား၊ ကြက်သားနဲ့ ဆိတ်သားတစ်မျိုးစီကို အနည်းဆုံး
ဟင်းပုံစံနှစ်မျိုးလောက် ချက်ပြုတ်ထားတာ တွေ့ရပါတယ်။
ငါးဟင်း အမယ်ကတော့ နှစ်မျိုးထက်တောင် မကပါဘူး။ ငါးပတ်မွှေ၊ ငါးသလောက်ပေါင်း၊
ငါးကြော်နှပ်၊ ငါးရံ့ ဒန့်သလွန်သီးချက်၊ ငါးခူရဲယိုရွက်ချက်၊ ငါးစင်ရိုင်းအချဉ်ချက် စသဖြင့်
စုံနေတာပါပဲ။
အရံဟင်းတွေကလည်း ပုစွန်ချဉ်သုပ်၊ ငါးချဉ်သုပ်၊ ပဲကြီးနှပ်၊ ကန်စွန်းရွက်ကြော်နဲ့ အသီးအရွက်
မျိုးစုံတွေ ရှိသလို မန်ကျည်းရွက်သုပ်လိုမျိုး ရာသီစာတွေကိုလည်း တွေ့ခဲ့ရပါတယ်။
ကျွန်မတို့အဖွဲ့က လေးယောက်ဆိုတော့ ဆိတ်သားလုံးတစ်ပွဲ (ကျပ် ၁,၅၀၀)၊ ပြည်ကြီးငါးဟင်း
တစ်ပွဲ (ကျပ် ၁,၅၀၀)၊ ကြက်ပဲချက် (ကျပ် ၁,၄၀၀)၊ ငါးဘဲဖြူဟင်း (ကျပ် ၁,၄၀၀) တွေအပြင်
အရံဟင်းတွေအနေနဲ့ မန်ကျည်းရွက်သုပ် (ကျပ် ၄၀၀)နဲ့ ငါးလေးချဉ်သုပ် (ကျပ် ၃၀၀)တို့ကို
မှာလိုက်ပါတယ်။
အဓိကဟင်းပွဲတွေက တစ်ခါပြင် ထမင်းဖြူအတွက် ပါပြီးသားဖြစ်ပြီး ထမင်းလိုက်ပွဲလိုချင်ရင်တော့
တစ်ပွဲ ကျပ် ၁၀၀ နဲ့ ရနိုင်ပါတယ်။
နေ့လယ်စာ စားချိန်ဖြစ်လို့ ဆိုင်မှာ လူများနေပေမယ့် ကျွန်မတို့ ထိုင်လိုက်တယ်ဆိုတာနဲ့
ထမင်းပွဲတွေက ချက်ချင်းပဲ ရောက်လာပါတယ်။
နောက်ဆက်တွဲအနေနဲ့ မှာထားတဲ့ ဟင်းတွေ ရောက်လာပါတယ်။ ငါးပိရည်အပြင် ငါးပိထောင်း
ကိုလည်း ချပေးထားပါတယ်။
လာစားနေကျသူငယ်ချင်းက ဒီဆိုင်ရဲ့နာမည်ကျော်က 'ငါးပိထောင်း' ပဲလို့ ကျွန်မကို ပြောလိုက်ရင်း
ကုလားအော်သီးလှိုင်လှိုင်နဲ့ ထောင်းထားတဲ့ ငါးပိထောင်းကို ခပ်ယူပြီး မြည်းစမ်းလိုက်ပါတယ်။
စပ်တဲ့အရှိန်ကြောင့် ခံတွင်း မြက်သွားပုံရပြီး 'ရှီး'လို့ သံရှည်တစ်ချက်ပေးလိုက်ရင်း ရေနွေးကြမ်း
တစ်ခွက်ကို ခပ်မြန်မြန်လေး ငှဲ့သောက်လိုက်ပါတယ်။
သူ့ကြည့်ရတာ ခုမှ ထမင်းစားဖို့ အရှိန်ရသွားပုံရပြီး အားပါးတရ စပြီးစားပါတော့တယ်။
တို့စရာတွေကတော့ စုံစုံလင်လင်မဟုတ်ပေမယ့် အမယ်လေးမျိုးလောက်ပါတာမို့ ထမင်းမြိန်ဖို့
အထောက်အကူဖြစ်စေပါတယ်။
အလကားပေးတဲ့ ဟင်းရည်ကတော့ သီးစုံ ကုလားဟင်းပါ။ အသီးအနှံအစုံနဲ့ ခပ်ချဉ်ချဉ်လေး
ချက်ထားတာကြောင့် မှာထားတဲ့ ဟင်းတွေနဲ့ အဆင်ပြေသွားပါတယ်။
ကျွန်မ အကြိုက်ဆုံးဟင်းကတော့ ဆိတ်သားလုံးဟင်းပါပဲ။ ကျွန်မ စားဖူးတဲ့ တခြားဆိတ်သားဟင်း
တွေနဲ့ မတူဘဲ အသားက နူးညံပြီး မဆလာန့ံမွှေးမွှေးလေးနဲ့ တကယ်ကို စားလို့ကောင်းပါတယ်။
ဟင်းအနှစ်ကလည်း အရသာရှိလှတာကြောင့် ဆိတ်သားလုံးဟင်းနဲ့တင် ထမင်းတစ်ပန်းကန်ဟာ
ပြိုက်ခနဲဆိုသလို ကုန်သွားပါတယ်။
ဆီအနည်းငယ်သာသုံးပြီး ချက်ထားတဲ့ ကြက်ပဲဟင်းကလည်း စားလို့ကောင်းပါတယ်။
ကြက်သားရော၊ ပဲရော နူးနူးအိအိလေးက ပါးစပ်ထဲမှာတင် အရည်ပျော်သွားတယ်လို့ ထင်ရပါ
တယ်။
အရသာကတော့ ဆားပေါ့ပေမယ့် ကြက်သားနဲ့ ပဲရဲ့ သဘာဝအချိုအရသာကို ခံစားရပါတယ်။
မန်ကျည်းရွက်သုပ်နဲ့ ငါးကလေးချဉ်သုပ်ကလည်း အအီပြေစေလို့ ထမင်းပိုဝင်စေပါတယ်။
ပြည်ကြီးငါးကို ခရမ်းချဉ်သီးနဲ့ ချက်ထားတဲ့ ချဉ်စပ်ဟင်းကလည်း သိပ်အဆန်းတကြယ်
မဟုတ်ပေမယ့် မြန်မာပါးစပ်နဲ့တော့ စားလို့မြိန်ပါတယ်။
ငါးမစားတာမို့ သူငယ်ချင်တွေ စားပြနေတဲ့ ငါးဘဲဖြူဟင်းကိုတော့ မြည်းမကြည့်ခဲ့ပေမယ့် ငါးက
လတ်ဆတ်လို့ ချိုနေတာပဲဆိုတဲ့ မှတ်ချက်ကို လည်းကြားရပါတယ်။
ဒီဆိုင်ရောက်တိုင်း ပုစွန်ဆီဟင်းနဲ့ စားနေကျ သူငယ်ချင်းကတော့ ကျွန်မတို့သွားတဲ့နေ့မှ အဲဒီဟင်း
မရတာမို့ မကျေမနပ်ဖြစ်နေပါတယ်။
သူ့အပြောအရ ပုစွန်ဆီဟင်းက ဆိုင်တိုင်းမှာ မရနိုင်ဘူးဆိုပဲ။
ထမင်းစားသောက်ပြီးချိန်မှာတော့ တောင်းမှ ချပေးပုံရတဲ့ ဒီဆိုင်ရဲ့ အထာကိုသိတဲ့ သူငယ်ချင်းက
"ထန်းလျက်ခဲ ချပေးပါ"လို့ တောင်းလိုက်ပြီး ရေးနွေးကြမ်းဖန်ဖန်လေးကို သောက်ရင်း အချိုတည်း
ကြပါတယ်။
ခြံုပြောရရင် ၀န်ဆောင်မှုကလည်း မြန်ဆန်သွက်လက်သလို ဟင်းတွေရဲ့အရသာကလည်း
ကောင်းပါတယ်။
ဈေးနှုန်းကတော့ လူတစ်ယောက်ကို ဟင်းတစ်ပွဲနဲ့ အဝစားမယ်ဆိုရင် ကျပ် ၁,၅၀၀၊ ၁,၆၀၀
လောက် ကျသင့်တာမို့ ဈေးချို လှတယ်လို့လည်း မဆိုနိုင်ပေမယ့် သင့်တင့်တဲ့ ဈေးနှုန်းပဲ
ဖြစ်ပါတယ်။
