၀က်သားနဲ့ ပုံးရည်

၀က်သားနဲ့ ပုံးရည်

ပုံးရည်ကြီးကို အမျိုးမျိုးချက်စားကြ၊ သုပ်စားကြတဲ့အထဲမှာ ၀က်ပုံးရည်ဟင်းကတော့ ၀က်သား
စားတဲ့သူတိုင်း အကြိုက်တွေ့မယ့် ဟင်းဖြစ်လိမ့်မယ် ထင်ပါတယ်။

ဖြိုးတို့အမေက ပုံးရည်ကြီးကို ပုစွန်ခြောက်နည်းနည်း၊ ကြက်သွန်ဖြူများနဲ့ ကြော်လေ့ရှိပါတယ်။

ပြီးတော့မှ ကြက်သွန်နီပါးပါးလှီး၊ ထမင်းပူပူလေးနဲ့ သုပ်ကျွေးလေ့ရှိပါတယ်။

ပုံးရည်ကြီးကို မေမေ ကြော်ပေးထားပြီးပြီဆိုရင် ညီအစ်မတွေ မီးဖိုထဲကို ၀င်တစ်လုတ်၊
ထွက်တစ်လုတ်နဲ့ ခဏခဏဝင်ချည်၊ ထွက်ချည်လုပ်ကြလွန်းလို့ အဆူခံရတာလည်း ခဏခဏပါပဲ။

ဒီတစ်ခါတော့ ဩဇီက ခေတ်သစ်မော်ဒန်ဟင်းတွေကို အတုယူပြီး ဒယ်ပြားလေးနဲ့ချက်တဲ့
၀က်သားကြော်နှပ်ကို ပုံးရည်ကြီးကြက်သွန်ဖြူဆော့စ်လေးနဲ့ သုပ်စားဖို့ပြင်ထားပါတယ်။

ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)

  • ၀က်သား ၄၀၀ - ၄၅၀ ဂရမ်
  • ပုံးရည်ကြီးအမှုန့် ၂ ထုပ် (ရွှေဇီးကွက် ပုံးရည်ကြီးအမှုန့်ကို သုံးထားပါတယ်။)
  • ကြက်သွန်ဖြူ ၈ မြွှာ
  • ကြက်သွန်နီ ၃ ဥ
  • ငရုတ်သီးစိမ်း ၄ တောင့်
  • ဟင်းသီးဟင်းရွက် ဆီ ၁/၃ ခွက်
  • ချင်း ၂ စင်တီမီတာ/၁ စင်တီမီတာခွဲပတ်လည် ၁ ခု
  • ပဲငံပြာရည် စားပွဲဇွန်း ၂ ဇွန်း

ပြင်ဆင်ပုံ

၀က်သားကို ရေဆေးကာ ၄-၅ စင်တီမီတာအမြှောင်းလိုက်လေး လှီးပြီး ရေစင်တဲ့အထိ
ရေစစ်ထားပါ။

ပြီးတော့မှ ဖန်ဇလုံ (သို့) ဖန်ပန်းကန်ထဲမှာ ချင်းကို ခြစ်နဲ့ ခပ်နုပ်နုပ်ခြစ်ထည့်ထားပါ။

နောက် ချင်း၊ ငံပြာရည်နဲ့ ၀က်သားများကိုနှပ်ပြီး ခပ်နာနာလေးနယ်ကာ အဖုံး (သို့) ပလတ်စတစ်
အကြည်ပြားလေးနဲ့အုပ်ကာ ရေခဲသေတ္တာထဲမှာ တစ်ညသိပ်နှပ်ထားပါ။

၀က်သားများကို မချက်ခင် အခန်းအပူချိန်ပြန်ရောက်အောင် ၄၅ မိနစ်လောက် ကြိုထုတ်ထားပါ။

ကြက်သွန်နီများကို ခပ်ပါးပါးလေးလှီးထားပြီး ရေစိမ်ထားပါ။ ကြက်သွန်ဖြူကိုလည်း ညှစ်ထားပါ။
ဒါမှမဟုတ် ထောင်းထားပါ။

ပုံးရည်ကြီးကို ရေနွေးစားပွဲဇွန်း ငါးဇွန်းလျှင်တစ်ထုပ်နှုန်းဖြင့်ဖျော်ပါ။

ဒယ်အိုးအသေးတစ်လုံးထဲမှာ ဆီစားပွဲဇွန်း သုံးဇွန်းကိုထည့်ကာ ဆီပူအောင်တည်ပြီး
ကြက်သွန်ဖြူများကို ဆီသတ်ပါ။

ကြက်သွန်ဖြူ အနံ့ထွက်လာပြီဆိုလျှင် ပုံးရည်ကြီးကိုထည့်ပြီး မွှေပါ။

မီးကိုလျှော့ပြီး တစ်မိနစ်လောက်နေလျှင် ချလို့ရပါပြီ။

နောက် ကြက်သွန်နီများကို ရေဆေး၊ ရေစင်အောင်ညှစ်ပြီး မီးဖိုချောင်သုံးတစ်ရှူးစက္ကူနဲ့
ခြောက်အောင်သုတ်ပါ။

ပြီးလျှင် ပန်းကန်ပြားထဲမှာ ဖြန့်ပြီးခင်းပါ။ နောက်တစ်ဆင့်ကတော့ မတူးနိုင်တဲ့ဒယ်အိုးထဲမှာ
ဆီစားပွဲဇွန်း နှစ်ဇွန်းထည့်ပြီး ဆီပူအောင်တည်ပါ။

နောက် ၀က်သားများကိုထည့်ကာ မီးမပြင်းတပြင်းနဲ့ ကြော်ပါ။

အသားများ အပေါ်ယံကျက်သွားအောင်၊ အထဲကို အပူများဝင်နိုင်အောင် နှစ်မိနစ်မျှ ထားပါ။
အဖုံးအုပ်ထားပါ။

ပြီးလျှင် တစ်ဖက်ကိုလှန်ပြီး နှစ်မိနစ်မျှ ဆက်ကြော်ပါ။ ပြီးလျှင် နောက်တစ်ဖက်ကိုလှန်ပြီး နှစ်မိနစ်
ဆက်ကြော်ပါ။ ပြီးလျှင် တစ်ဖက်သို့လှန်ကာ မီးပိတ်ပြီး အဖုံးအုပ်ပြီးထားပါ။ ကြော်နေစဉ်အတွင်း
အဖုံးကို အမြဲအုပ်ထားပါ။

သုံးမိနစ်ပြည့်လျှင် ၀က်သားများကို ပါးပါးလေးလှီးပါ။

ကြက်သွန်နီထည့်ထားတဲ့ပန်းကန်ထဲမှာ ၀က်သားများကို အပေါ်ကနေဖြန့်ခင်းပါ။

နောက် ငရုတ်သီးစိမ်းများကို ပါးပါးလေး လှီးကာ ဖြူးပါ။

ပုံးရည်ကြီး ကြော်ထားတဲ့ ဒယ်အိုးကို မီးဖိုပေါ်ပြန်တင်ပြီး မီးအေးအေးနဲ့ ပြန်နွှေးကာ ကျန်တဲ့ဆီများ
အားလုံးကို လောင်းထည့်ပါ။

နောက် ၀က်သားထဲမှ ထွက်လာသောအသားရည်များကိုလည်း လောင်းထည့်ပါ။

ပြီးမှ ပုံးရည်ကြီးနဲ့ နှံ့အောင် မွှေပါ။

နောက် ပုံးရည်ဆော့စ် အနည်းငယ်ကို ၀က်သားများပေါ်လောင်းချပြီး ကျန်ဆော့စ်များကို
ပန်းကန်တစ်လုံး ထဲတွင်ထည့်ကာ ၀က်သားပန်းကန်နဲ့တွဲချပြီး စားသုံးနိုင်ပါတယ်။

ထမင်းဖြူနဲ့ တွဲစားလို့ ရသလို starter/ entrée ဟင်းပွဲအဖြစ်နဲ့လည်း စားလို့ရပါတယ်။

ဆားမထည့်ထားပါဘူး။ သူငယ်ချင်းတစ်ယောက်က ဆားထည့်လိုက်ရင် ပုံးရည်ကြီးရဲ့
အဆိမ့်အရသာ ပျော့သွားလို့တဲ့။


ဖြိုးမေမေရဲ့ ပုံးရည်ကြီးကြော်
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)

  • ပုံးရည်ကြီး အမှုန့် ၂ ထုပ် (ရွှေဇီးကွက် ပုံးရည်ကြီးအမှုန့်ကို သုံးထားပါတယ်။)
  • ကြက်သွန်ဖြူ ၈ မြွှာ
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဟင်းသီးဟင်းရွက် ဆီ ၁/၃ ခွက်
  • ပုစွန်ခြောက်မှုန့် စားပွဲဇွန်း ၃ ဇွန်း

ပြင်ဆင်ပုံ

ပုံးရည်ကြီးကို ရေနွေးစားပွဲဇွန်း ငါးဇွန်းလျှင် တစ်ထုပ်နှုန်းဖြင့် ဖျော်ပါ။

ဒယ်အိုးအသေးတစ်လုံးထဲမှာ ဆီတစ်ဝက်ကိုထည့်ကာ ဆီပူအောင် တည်ပြီး ကြက်သွန်ဖြူများကို
ဆီသတ်ပါ။

ကြက်သွန်ဖြူအနံ့ထွက်လာလျှင် ရပါပြီ။

အနံ့ထွက်လာပြီဆိုလျှင် ပုစွန်ခြောက်ကို ထည့်ကာကြော်ပါ။

ပုစွန်ခြောက်များ ရွှေရောင်သန်းပြီဆိုမှ ကျန်ဆီများကိုထည့်ကာ ပုံးရည်ကြီးကိုထည့်ပြီး မွှေပါ။

မီးကိုလျှော့ပြီး နှစ်မိနစ်လောက်နေလျှင် ချလို့ရပါပြီ။

သူ့ကို ကြာကြာလေး သိမ်းချင်ရင်တော့ ဆီလေးထပ်ထည့်ပြီး ပုံးရည်ကြီးမြုပ်အောင်ထားပါ။

တစ်ပတ်လောက် ခံပါတယ်။

 
[