ရှာရှာဖွေဖွေ၊ အထူးအဆန်းတွေ လုပ်စားပြီး ဒီတစ်ပတ်မှာတော့ လွယ်လွယ်ကူကူ
အသားကြော်ချက်လေး တစ်ခုကို စမ်းချက်ထားပါတယ်။
ဆစ်ဒ်နီမှာတုန်းက ကိုရီးယားချဉ်ဖတ်စုံကို သွားဝယ်၊ ပြီးရင် အသားတွေနဲ့ တစ်နေ့တစ်မျိုးကြော်၊
ဒါမှမဟုတ် ငါးကြော်လေးကို ထမင်းဖြူနဲ့ တွဲစား၊ အဲဒီလိုမျိုး စားချင်နေတာကြာပြီ။
ဒါနဲ့ပဲ ဟိုတလောက ရန်ကင်းစင်တာ စီးတီးမတ်မှာ ရှမ်းချဉ်မျိုးစုံတွေ့တာနဲ့ မုန်ညင်းဖူးချဉ်၊
မုန်လာဥခြောက်ချဉ်၊ ကြက်သွန်ဖြူချဉ်၊ သီးစုံသနပ်၊ ရှမ်းမုန်ညင်းချဉ်အစုံကို ၀ယ်လာခဲ့တယ်။
အိမ်ရောက်တော့ ပုလင်းထဲထည့်ပြီး သိုလှောင်ရေးလုပ်လိုက်တယ်။
နောက်တစ်ခုက ငွေနှင်းမှိုလေးတွေကို အမျှင်လေးတွေ ဖြစ်အောင်နွှာပြီး ခြောက်အောင်ကြော်
ထားတယ်။
လက်တော့ ၀င်သား။ ဒါပေမဲ့ စားလို့ကောင်းတော့ မဆိုးပါဘူးပေါ့။ သူက ချက်ရတာလွယ်ပေမယ့်
နည်းနည်းတော့ကြိုပြီး ပြင်ဆင်ဖို့ လိုပါတယ်။
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
- ကြက်သားကြိတ်သား ၃၀၀ ဂရမ်
- ရှမ်းငရုတ်ချဉ် (သို့) ငရုတ်သီးနှင့် ကြက်သွန်ဖြူဆော့စ် စားပွဲဇွန်း ၂ ဇွန်း
- ရှမ်းကြက်သွန်ဖြူချဉ် စားပွဲဇွန်း ၁ဇွန်း
- မုန်ညင်းဖူးချဉ် စားပွဲဇွန်း ၁ ဇွန်း
- မုန်လာဥခြောက်ချဉ် စားပွဲဇွန်း ၁ ဇွန်း
- ကြက်သွန်နီ အသေး ၁ ဥ
- ဟင်းသီးဟင်းရွက်ဆီ ၁/၃ ခွက်
- ပဲငံပြာရည် စားပွဲဇွန်း ၂ ဇွန်း
- ဆားနှင့် ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ပြင်ဆင်ပုံ
ကြက်သားကြိတ်သားကို မီးဖိုချောင်သုံး တစ်ရှူးစက္ကူနဲ့ အပေါ်ကနေအုပ်ပြီး ရေများကိုစုပ်ယူပါ။
ရေမကျန်ဖို့အရေးကြီးပါတယ်။
ပြီးရင် ငရုတ်ကောင်းအဖြူ မှုန့်တစ်ဝက်ကို ဖြူးထားပါ။
ကြက်သွန်နီကို အခွံသင်ပြီး ပါးပါးလှီးပါ။
နောက် ဒယ်အိုးထဲ ဆီထည့်ကာ မီးပြင်းပြင်းနဲ့ ဆီပူအောင်တည်ပါ။
ဆီပူလာရင် ကြက်သွန်နီတွေကို ဆီသတ်ပါ။
ကြက်သွန်နီတွေ အရောင်ပြောင်းလာပြီဆိုရင် ရှမ်းငရုတ်ချဉ်ကို ထည့်ကာ မိနစ်ဝက်လောက်
ဆီသတ်ပါ။
ပြီးလျှင် ကြက်သွန်ဖြူချဉ်ကို ထည့်ကာ မိနစ်ဝက်လောက် ထပ်ကြော်ပါ။
နောက်တစ်ဆင့်မှာ မုန်လာဥခြောက်ချဉ်ကို ထည့်ကာ နှံ့အောင်မွှေပြီး ကြက်သားတွေကို
ထည့်ကြော်ပါ။
ကြက်သားတွေကို သစ်သားယောင်းမနဲ့ ထိုးချေပြီးမွှေပါ။
ကြက်သားထဲမှ အရည်များထွက်လာရင် ခမ်းအောင်ကြော်ပါ။
အရည်ခမ်းပြီဆိုရင်တော့ မုန်လာဖူးချဉ်ကို ထည့်ကာမွှေပြီး ပဲငံပြာရည်ကိုလည်းထည့်ကာ
တစ်မိနစ်လောက် ကြော်ပါ။
အားလုံးနှံ့သွားပြီး ဆီပြန်လျှင် အိုးကိုချပြီး ပူပူလေး သုံးဆောင်နိုင်ပါတယ်။
အရသာအတွက် ဆားကိုထည့်ပြီး ကျန်ငရုတ်ကောင်း အဖြူမှုန့်ကို အိုးမချခင်လေးကျမှ ထည့်ပြီး
မွှေကာချပါ။
*** Tip - ရှမ်းငရုတ်ချဉ်အစား lee kumkee တံဆိပ် chili garlic ဆော့စ်ကို သုံးထားပါတယ်။
စူပါမားကက် တချို့မှာ ၀ယ်လို့ ရပါတယ်။
ရှမ်းစတိုင် ငွေနှင်းမှိုမျှင်ကြော်
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
- ငွေနှင်းမှို ၆၀၀ - ရ၀၀ ဂရမ်
- ကြက်သွန်ဖြူ ၂ မြွှာ
- ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဟင်းသီးဟင်းရွက်ဆီ ၁/၂ ခွက်ခန့်
ပြင်ဆင်ပုံ
ငွေနှင်းမှိုတွေကို ရေဆေး၊ ပြီးရင် ရေစင်အောင် သေချာစစ်ထားပါ။
နောက် အမျှင်လေးတွေဖြစ်အောင် မှိုတစ်ပွင့်ချင်းစီကို မျှင်ပါ။
ပြီးတဲ့အခါ သူ့ကို နေ့တစ်ဝက်ကျော်လောက် ရေစစ်ထားပါ။
ဆီကို သုံးပုံနှစ်ပုံလောက် ဒယ်အိုးထဲကိုထည့်၊ မီးပြင်းပြင်းနဲ့ ဆီပူ အောင်တည်၊ ဆီပူတဲ့အခါမှ
ငွေနှင်းမှို တွေကိုအသားလေးထည့်၊ နှံ့အောင် မွှေပြီး ကြော်ပါ။
ရေများထွက်လာရင် မီးကိုလျှော့ပြီး မီးမပြင်းတပြင်းနဲ့ ရေကုန်တဲ့အထိ ကြော်ပါ။
ရေခမ်းပြီး ဆီပြန်ပြီဆိုမှ (လိုအပ်ရင် ကျန်တဲ့ဆီကိုထည့်ပြီး) ကြက်သွန်ဖြူကိုညက်ညက်ထောင်းပြီး
ထည့်ပါ။
ကြက်သွန်ဖြူအနံ့လေး သင်းပြီဆိုရင် ငရုတ်သီးမှုန့်လေး ထည့်ပြီး အနံ့ထွက်လာအောင် ကြော်ပါ။
နောက် မီးကို ပြန်တင်ပြီး မီးပြင်းပြင်းနဲ့ နှစ်မိနစ်လောက် ကြော်ပြီးမှချပါ။
ရေတော့ ကုန်အောင်ကြော်ဖို့ အရေးကြီးပါတယ်။ ဒါမှစားလို့ကောင်းမှာပါ။
