အပြောင်းအလဲတွေနဲ့ ရန်ကုန်မြို့ကြီးမှာ ဂျပန် စားသောက်ဆိုင်တွေ အပြိုင်အဆိုင်ဖွင့်လာကြ
တာလည်း တစ်ချက် အပါအဝင်ဖြစ်လာတာကြောင့် ဂျပန်စာ ကြိုက်သူတွေအတွက်ကတော့
အကောင်းဆုံးဆိုင်တွေကို စိတ်ကြိုက်ရွေးပြီး သွားစားနိုင်တာမို့ ပျော်စရာကြီးပေါ့။
ဒါကြောင့် ဒီတစ်ပတ်မှာ အရည်အသွေးကောင်းတဲ့ ဂျပန်အစားအသောက်ကိုမှ ကြိုက်နှစ်သက်
ပြီးတော့ အဆင့်အတန်းမြင့်မြင့် ပတ်ဝန်းကျင်မှာ သွားစားချင်တဲ့ စာဖတ်ပရိသတ်တွေအတွက်
ချက်ထရီယမ်ဟိုတယ်က Kohaku ဆိုတဲ့ ဂျပန်စတိုင်စားသောက်ဆိုင်လေးကို ရွေးချယ်လိုက်ပါ
တယ်။
ဒီဆိုင်ကို မကြာသေးခင်ကမှ ပြန်လည် ပြင်ဆင်မွမ်းမံထားတယ်လို့ သိရပြီး ခေတ်ဆန်ပြီး
သပ်ရပ်လှပနေတဲ့ ဆိုင်တွင်း အပြင်အဆင်က ၀င်လာတဲ့ ဧည့်သည်တွေကို အထက်တန်းဆန်တဲ့
ခံစားမှုကို ပေးစွမ်းနိုင်ရုံ တင်မကဘဲ လူ ၁၁၂ ယောက်ကို တစ်ပြိုင်တည်း သက်သောင့်သက်သာ
သုံးဆောင်နိုင်အောင် ခင်းကျင်းထားတယ်ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။
၀န်ထမ်းတွေရဲ့ ဂျပန်စတိုင် ၀တ်စားဆင်ယင်မှုနဲ့ ၀န်ဆောင်မှုကလည်း ကိုယ့်ကိုယ်ကိုယ်
ဂျပန်နိုင်ငံမှာ သွားပြီး စားနေရသလားလို့တောင် ထင်မိပါသေးတယ်။
ထူးခြားတာက လူရှစ်ယောက် တစ်ပြိုင်တည်း ဂျပန်စတိုင် ထိုင်ပြီး စားသောက်နိုင်မယ့် သီးသန့်
အခန်းနှစ်ခန်း ရှိနေတာပါပဲ။
အစားအသောက်တွေကို ပြင်ဆင်ပေးသူကတော့ နိုင်ငံတကာအတွေ့အကြံုရှိပြီး လုပ်သက် ၁၀ နှစ်
ကျော်ကြာ သက်တမ်းရှိတဲ့ ဂျပန်စားဖိုမှူးကြီးလို့ သိရပါတယ်။
ဒီဆိုင်မှာ ဂျပန်အစားအစာကို ပုံစံအမျိုးမျိုးနဲ့ တည်ခင်းထားတဲ့ အစားအသောက်အမျိုးအစားပေါင်း
ရာကျော်အပြင် ဆာကေး (ဂျပန်စတိုင်အရက်) တို့ကို စားသုံးသူတွေ အဆင်ပြေအောင်လို့
ပြင်ဆင်ထားတဲ့ အစားအစာဓာတ်ပုံတွေနဲ့ ပါ၀င်တဲ့အမည်တွေအပြင် ဈေးနှုန်းတွေကိုပါ တွဲပြီး
ကြည့်ရှုနိုင်မယ့် A la carte Menu က Kohaku ဆိုင်ရဲ့ ဖန်တီးမှုအသစ်လို့ သိရပါတယ်။
မီနူးထဲမှာတော့ သုံးဒေါ်လာကနေ ဒေါ်လာ ၈၀ ကြားရှိတဲ့ အစားအစာတွေအပြင် ၁၂ ဒေါ်လာကနေ
ဒေါ်လာ ၁၅၀ ကြားရှိတဲ့ ဆာကေး ခုနစ်မျိုးတို့ကိုပါ မြည်းစမ်းကြည့်နိုင်မှာပါ။
ဂျပန်နိုင်ငံကနေ တင်သွင်းတဲ့ ကိုဘေးအမဲသားနဲ့ ပြင်ဆင်ထားတဲ့ Sukiyaki (ဟော့ပေါ့)
တို့ကိုလည်း ဈေးနှုန်းအမျိုးမျိုးနဲ့ ရရှိနိုင်ပါသေးတယ်။ ေ
သာကြာ၊ စနေ၊ တနင်္ဂနွေနေ့တိုင်း တည်ခင်းရောင်းချတဲ့ တစ်ယောက်စာ ၃၈ ဒေါ်လာတန်
Kohaku Deluxe Buffet Dinner နဲ့ အာလာကတ်မီနူးထဲမှာပါတဲ့ ဟင်းအမည်တွေကို
စိတ်ကြိုက် မှာစားနိုင်တဲ့ တစ်ယောက်စာ ၃၅ ဒေါ်လာတန် A La Carte Buffet Dinner ဆိုတဲ့
ဘူဖေးအစီအစဉ် နှစ်ခုကလည်း ဂျပန်အစားအစာတွေကို အဝစားချင်တဲ့သူတွေအတွက်
မဟာအခွင့်အရေးကြီးလို့ ထင်မိပါတယ်။
ဒါကြောင့် အတူသွားကြတဲ့ ကျွန်မတို့ သူငယ်ချင်း သုံးယောက်လည်း Kohaku Buffet Dinner
ကို သုံးဆောင်ဖို့ ပြင်ဆင်လိုက်ပါတယ်။

ဆိုင်ရဲ့အထူးကောင်းမွန်တဲ့ အစားအစာတွေကို ၀န်ထမ်းတွေဆီမှာ မေးမြန်းစပ်စုပြီးတဲ့နောက်မှာ
ကျွန်မတို့သုံးယောက် အသား၊ ငါး၊ ပင်လယ်စာ၊ ခေါက်ဆွဲ၊ ဟင်းရည်၊ ရာသီပေါ်အချိုပွဲ အသီးအနှံ
တွေအပြင် ရေခဲမုန့်၊ ကိတ်နဲ့ သောက်စရာ အပူအအေးတွေကို တည်ခင်းထားတဲ့ စားဖိုခန်းရဲ့
မျက်နှာစာမှာ တည်ရှိတဲ့ ဘူဖေးကောင်တာဆီကို ချီတက်ခဲ့ကြပါတော့တယ်။
ကိုယ်စားချင်တဲ့ အသား၊ ငါးအစိမ်းတွေကို အသားလွှာအတိုင်း စားချင်သူတွေအတွက် အဆင်သင့်
စားနိုင်ပေမယ့် ပြည်ကြီးငါး၊ ရေဘဝဲနဲ့ တချို့ပင်လယ်စာတွေကိုတော့ ရွေးချယ်ပြီးသွားရင်
၀န်ထမ်းတွေကို ရေနွေးဖျောခိုင်းလို့ ရပါတယ်။
ဒါမှမဟုတ် ကျွန်မတို့ သုံးယောက်လို ဂျပန်စာကို အစိမ်းမစားချင်တဲ့ သူတွေအတွက်ကတော့
ဂျပန်စတိုင်တန်ပူရာ (Tempura) နဲ့ တန်ပါရာခီ (Teppan Yaki) လုပ်ပြီးတော့
လတ်လတ်ဆတ်ဆတ် သုံးဆောင်လို့ရပါတယ်။
တန်ပူရာဆိုတာကတော့ အားလုံးသိပြီးတဲ့အတိုင်း ဂျုံမှုန့်နဲ့ကြော်ထားတာပါ။
တန်ပါရာခီကတော့ အသား၊ ငါး တွေကို ဒယ်အိုးပြားပူပူပေါ်မှာ ဆီအနည်းငယ်နဲ့ လှိမ့်ပြီး
(မြန်မာအခေါ် ကြပ်တိုက်ပြီး) သုံးဆောင်ရတာပါ။
ကျွန်မတို့သုံးယောက်ကတော့ ဆိုင်က နာမည်ကြီးအစားအစာတွေထဲမှာ ပါ၀င်တဲ့ အသားချောင်း၊
ကဏန်းသားချောင်း၊ ချိစ်၊ မရောနစ်၊ ဆလပ်ရွက်တို့ကို ရေညှိဖတ်နဲ့ လိပ်ထားတဲ့ California Roll ၊
ဗန်နီကာနဲ့ နှပ်ထားတဲ့ထမင်းကို ပင်လယ်စာအသားလွှာ တွေနဲ့အလှဆင်ထားတဲ့ ဆူရှီ၊ တန်ပါရာခီ
လုပ်ထားတဲ့ ဥတွေချည်းပါတဲ့ Shishamo ငါး၊ ပုစွန်တုပ်၊ snow fish၊ အမဲသား၊ မှိုနဲ့
အခြားအသီးအရွက်တွေအပြင် တန်ပူရာလုပ်ထားတဲ့ ပုစွန်၊ ငါးနဲ့ ဆယ်လမွန်ငါးအရေခွံကြော်တို့ကို
ရွေးချယ်ခဲ့ပါတယ်။
ဘူဖေးကောင်တာမှာ အဆင်သင့်စားလို့ ရတာတွေဖြစ်တဲ့ ဆယ်လမွန်ငါးအရေခွံကြော်၊ တန်ပါရာခီ
လုပ်ထားတဲ့ Shishamo ငါး၊ ဆူရှီတွေနဲ့ တန်ပူရာလုပ်ထားတဲ့ ပုစွန်နဲ့ ငါး တို့ကို မှာပြီးလို့ မိနစ်ပိုင်း
မှာပဲ ရခဲ့ပါတယ်။
ကောင်တာက ကြိုက်သလောက် ခပ်ထည့်လာတဲ့ မီဆုဟင်းရည်က တခြားဆိုင်တွေကလိုမျိုး
အနံ့လည်း မပြင်းသလို အရသာလည်းကောင်းတယ်လို့ ကျွန်မ သူငယ်ချင်းတစ်ယောက်က
စကားဦးသန်းပြီးတော့ တရွှတ်ရွှတ်နဲ့ အသံထွက်အောင်ကို အားရပါးရ သောက်နေပါတော့တယ်။
ဆယ်လမွန်ငါးအရေခွံကြော်ကို ပထမတော့ ငါးမကြိုက်တဲ့ ကျွန်မက ခပ်ရှောင်ရှောင်ဖြစ်နေပေမယ့်
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ သူငယ်ချင်းက ဖဲ့ပြီးတော့ တကျွတ်ကျွတ်နဲ့မြည်အောင်
၀ါးနေတာကလည်း သွားရည်ကျစရာပါ။

ကျွန်မကတော့ ဥတွေ ချည်းပဲပါတဲ့ ငါးကြပ်တိုက်လေးကို တစ်ကောင်လုံး ပါးစပ်ထဲထည့်ပြီး
၀ါးလိုက်တော့ မညှီဘဲ ဆိမ့်ပြီးတော့ ချိုနေတဲ့အရသာက အင်မတန်ကောင်းပါတယ်။
ကျွန်မတို့သုံးယောက်သား လူနှစ်ဆယ် နီးပါးဆံ့တဲ့ မိသားစုအခန်းထဲမှာ အေးအေးဆေးဆေး
စားသောက်နေတုန်းမှာ အပြင်က စားပွဲခုံတော်တော်များများမှာ စားသုံးသူတွေကို လှမ်းမြင်နေရတဲ့
အပြင် ကျွန်မတို့စားပွဲ ဘေးက စားသုံးသူ ဂျပန်လူမျိုးအုပ်စုကတော့ အာလာကတ်မီနူးထဲက
ထမင်း၊ အသား၊ ငါး၊ ဟင်းရည်တို့နဲ့တွဲဖက်စားနိုင်တဲ့ ဂျပန်အစားအသောက်တွေကို မှာယူလို့
နေပါတယ်။
California Roll ကို ဂျပန်စတိုင် ၀တ်စားထားတဲ့ ၀န်ထမ်းအမျိုးသမီးတစ်ယောက်က လာချပေးချိန်
မှာတော့ ချက်ချင်းစားဖို့ကိုလည်း ပါးစပ်က တစ်တွတ်တွတ်တိုက်တွန်း နေပါသေးတယ်။
ကျွန်မသူငယ်ချင်း နှစ်ယောက်ကတော့ စားလက်စတွေကို ရပ်ပြီး ချက်ချင်းစားလိုက်တာကြောင့်
အရသာ ကောင်းတွေ့မယ်လို့ ထင်မိပေမယ့် ကျွန်မကတော့ နည်းနည်းကြာမှ စားတာကြောင့်
ကျွန်မ စားတဲ့အချိန်မှာ ရေညှိက အနည်းငယ်မာနေပါပြီ။
ဒါကြောင့် နောင်တရစွာနဲ့ အားသုံးပြီး ၀ါးရပါတော့တယ်။
ကျွန်မတို့ စားနေလို့ နောက်ထပ် ဆယ်ငါးမိနစ်လောက်အကြာမှာ တန်ပါရခီလုပ်ထားတဲ့
ပင်လယ်စာဟင်းပွဲရပါပြီ။
ဟင်းပွဲထဲမှာ ပုစွန်တုပ်၊ snow fish နဲ့ ဟင်းသီးဟင်းရွက်တွေကို အရောင်အစပ်အဟပ်
တည့်တည့်နဲ့ စားချင့်စဖွယ် ပြင်ဆင်ထားပါတယ်။
ပုစွန်တုပ်အသားက ချိုပေမယ့် snow fish အသားရဲ့ နူးအိအိနဲ့ အချိုကိုတော့ မမီပါဘူး။
နောက်ဆုံးကျန်တဲ့ တန်ပါရာခီလုပ်ထားတဲ့ ရွှေညိုရောင်သန်းနေတဲ့ အမဲသားကိုတော့ မရောနိစ်
အနည်းငယ်နဲ့ တွဲဖက်သုံးဆောင်ရတာကြောင့် နူးအိချိုမြပြီး ညှီတယ်လို့ တစိလေးတောင်မှ
မခံစားမိပါဘူး။
ကျွန်မ သူငယ်ချင်း နှစ်ယောက်ကတော့ ဘူဖေးဖြစ်တာကြောင့် အချိုပွဲအတွက် ရာသီပေါ်
အသီးအနှံတွေ၊ ကိတ်၊ ကော်ဖီကိုယူပြီး သောကြာနေ့ညအချိန် ကျွန်မတို့ရဲ့ နောက်ဆုံးပိတ်သိမ်း
ညစာကို အဆုံးသတ်ခဲ့ပါတယ်။
အားလုံးခြံုငုံပြီး ပြောရမယ်ဆိုရင်တော့ Kohaku ဂျပန်စတိုင်စားသောက်ဆိုင်က ဂျပန်
အစားအသောက်ကောင်းတွေကို မိသားစုလိုက်ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ပဲဖြစ်ဖြစ် သွားရောက်မြည်းစမ်းဖို့
သင့်တော်တဲ့အပြင် တစ်ဦးတည်းလည်း သွားပြီးတော့ selfie ပုံတွေရိုက်လို့ အခမဲ့ရတဲ့ ၀ိုင်ဖိုင်နဲ့
ဖေ့စ်ဘွတ်မှာတင်ပြီး တခြားသူငယ်ချင်းတွေကို သွားရည်ကျအောင် လုပ်နိုင်ပါသေးတယ်။
