ပုစွန်ကင်လေးနဲ့ ရွှေဖရုံသီးဆော့စ်

ယုယု/မြန်မာတိုင်း(မ်)
ယုယု/မြန်မာတိုင်း(မ်)

ပုစွန်ကင်လေးနဲ့ ရွှေဖရုံသီးဆော့စ်

မိုးလေးအေးလာတော့ soup နွေးနွေးလေးတွေ သောက်ချင်မိတယ်။ မိုးအေးအေးမှာ ရွှေဖရုံသီး
soup နွေးနွေးလေး သောက်ပြီး တီဗီရှေ့မှာ ကွေးချင်ပေမယ့် အလုပ်တွေရယ်၊ သမီးလေး
ကျောင်းပိတ်ရက်နဲ့မို့ အခွင့်အရေးကို မရပါဘူး။

ရွှေဖရုံသီး soup ချက်နည်းမျိုးစုံအကြောင်းကို ဖြိုးရဲ့ သူငယ်ချင်းနဲ့စကားစပ်မိပြီး သူစားချင်တာ၊
ကိုယ်စားချင်တာ ပြောကြရင်းကပုစွန်နဲ့ ရွှေဖရုံသီး လိုက်ဖက်တာမို့ နောက်ထပ် fusion ဟင်း
တစ်ခွက်လောက်ချက်ဖို့ ကြိုးစားဖြစ်သွားပါတယ်။

ဒါနဲ့ပဲ ပုစွန်လေးတွေကိုကင်ပြီး သူနဲ့တို့စားဖို့ ရွှေဖရုံသီးဆော့စ်ကို ချက်ထားလိုက်တယ်။

နောက်ပြီး smoked paprika လည်း ၀ယ်လို့ရထားတာမို့ သူ့ကိုလည်း ဟင်းတွေထဲထည့်ပြီး
လက်တည့်စမ်းချင်နေတာနဲ့ပဲ ပုစွန်ကို ရိုးရိုးလေးကင်၊ ဟင်းခတ်အမွှေးအကြိုင်လေးတွေကို
ကင်နေတုန်းမှာဖြူးပေးပြီး အနံ့အရသာသွင်း၊ လွယ်လွယ်ကူကူပဲ ချက်လိုက်တယ်။

ပုစွန် လတ်လတ်ဆတ်ဆတ် ရရင် အကောင်းဆုံးပါပဲ။

ရွှေဖရုံသီးကိုလည်း မထူမပါးလေး လှီးပြီး ကင်ပါတယ်။ ပိုချိုသွားအောင်လို့ပါ။

ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)

  • ပုစွန် ၁၃ - ၁၅ ကောင်
  • ကြက်သွန်ဖြူ ၂ မြွှာ
  • ဆား အနည်းငယ်
  • Smoked paprika လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရွှေဖရုံသီး ဂရမ် ၅၀၀
  • သံလွင်ဆီ စားပွဲဇွန်း ၁ ဇွန်းလောက်
  • ဟင်းသီးဟင်းရွက် အရည် ၂ ခွက် (၅၀၀ မီလီမီတာ) (Massel ဟင်းသီးဟင်းရွက်အမှုန့်
    လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို ရေ ၂ ခွက်တွင် ဖျော်သည်။)

ပြင်ဆင်ပုံ

ပုစွန်များကို ရေဆေးပြီး ရေစင်အောင် စစ်ပါ။ ပြီးရင် အခွံသင်၊ ခေါင်းဖြုတ်ပါ။ အမြီးကို ချန်ထားပါ။
နောက်ကျောကိုခွဲ၊ အညစ်ကြေးချောင်းကို ထုတ်ပြီးရင် ဓားပါးလေးနဲ့ ပုစွန်ကို အသားလေး
ကျောတစ်လျှောက် ခွဲပါ။ လိပ်ပြာပုံစံ နှစ်ခြမ်းကွဲသွားအောင်ခွဲပြီး အလယ်က ပြတ်မသွားအောင်
ဂရုစိုက်ပါ။ အားလုံးပြီးသွားပြီဆိုရင်တော့ ပန်းကန်ပြားထဲမှာ စီထားပါ။

နောက် ရွှေဖရုံသီးကို ရေဆေး၊ အထဲက အစေ့တွေကိုထုတ်ပြီး (ပုံပါအတိုင်း) မထူမပါးလှီးပါ။
အခွံမသင်ပါနဲ့။ လေးစင်တီမီတာ အကျယ်လောက်ဆို ကင်ရတာ လွယ်ပါတယ်။

ပြီးရင် သူ့ကို သံလွင်ဆီနဲ့ ရွှဲနေအောင် နယ်ပါ။

Grilled pan လို့ခေါ်တဲ့ အကင်ကင်မယ့်ဒယ်ပြားအိုးကို အရင် မီးပြင်းပြင်းလေးနဲ့ အပူညီလာတဲ့
အထိ အပူပေးပါ။

ဒါမှမဟုတ် အကင်ကင်လို့ရမယ့် oven ထဲ ထည့်ကင်လည်းဖြစ်ပါတယ်။

ဒယ်ပြား ပူပြီဆိုရင်တော့ ရွှေဖရုံသီး တွေကို ထည့်ကင်ပါ။

ကင်နေစဉ်အတွင်း အကျက်ညီစေရန် ရွှေဖရုံသီးတွေကို ဟိုဘက်ဒီဘက်လှန်ပေးပါ။

ရွှေဖရုံသီးတွေ နူးပြီဆိုရင်တော့ အအေးခံပြီး အခွံများကို ဆွဲခွာပါ။

အခွံသင်ပြီးသား ရွှေဖရုံသီးတွေကို အိုးတစ်လုံးထဲထည့်ကာ ဟင်းသီးဟင်းရွက်အရည်ထည့်ပြီး
ပွက်လာသည်အထိ မီးမပြင်းတပြင်းနဲ့ တည်ပါ။

ပွက်ရင် မီးကိုလျှော့ပြီး မီးအေးအေးလေးနဲ့ မိနစ် ၄၀ လောက် တည်ပါ။

အောက်ခြေမကပ်အောင် မွှေပေးပါ။ နောက်တစ်ဆင့်မှာ လက်ကိုင်မွှေစက် (blender) (သို့)
မွှေစက်ထဲထည့်ကာ အရည်ပျစ်ပျစ်ဖြစ်လာတဲ့အထိ မွှေ့ပါ။

မွှေ့နေစဉ်အတွင်း အပူမလောင်အောင်တော့ ဂရုစိုက်ပါ။

နောက် မီးအေးအေးလေးနဲ့ ရွှေဖရုံသီး soup ကို တည်ထားပါ။ နွေးနေအောင်လို့ပါ။ မပွက်ပါစေနဲ့။

ယုယု/မြန်မာတိုင်း(မ်)

ပြီးရင် ပုစွန်ကင်ပါမယ်။ ကြက်သွန်ဖြူတွေကို မထူမပါးလေး လှီးပါ။

ပုစွန်ကိုလည်း grilled pan (သို့) အကင်ဒယ်ပြားနဲ့ ကင်ပါမယ်။ မကင်ခင်မှာ ဒယ်ပြားကို
အပူညီအောင် အရင် အပူပေးပါ။ ပြီးမှ ပုစွန်တွေကို စီထည့်ပြီး ကင်ပါမယ်။

ပုစွန်တွေကို ခပ်မြန်မြန်လေး စီထည့်ပြီး ဆားလေး လိုက်ဖြူး၊ နောက် smoked paprika ကိုပါ
ဖြူးလိုက်ပြီး ကြက်သွန်ဖြူချပ်လေးတွေကို ပုစွန်တွေပေါ် မျှတင်ပြီး ပုစွန်တွေ ကွေးလာတဲ့အထိ
ကင်ပါ။

ကင်တဲ့အခါ ဘေးတစ်ဖက်တစ်ချက်ကို အကျက်ညီအောင် လှည့်ပြီးကင်ပေးပါ။

လေးမိနစ်နီးပါးလောက်ကင်ရင် ပုစွန်က ကျက်ပါပြီ။ ပုစွန်လေးတွေ ကျက်ပြီဆိုရင် ပန်းကန်ထဲကို
စီထည့်၊ ရွှေဖရုံသီး soup ကိုထည့်၊ smoked paprika ကိုဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

*** Tip - Smoked paprika က McCormick တံဆိပ်ကို သုံးထားပါတယ်။


ယုယု/မြန်မာတိုင်း(မ်)

ရွှေဖရုံသီးကင်နဲ့ ကြက်သွန်ဖြူ dressing
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)

  • ကြက်သွန်ဖြူ ၃ မြွှာ
  • ဆား အနည်းငယ်
  • ရွှေဖရုံသီး ဂရမ် ၅၀၀
  • သံလွင်ဆီ စားပွဲဇွန်း ၂ ဇွန်းလောက်

ပြင်ဆင်ပုံ

ရွှေဖရုံသီးကို ရေဆေး၊ အထဲက အစေ့တွေကို ထုတ်ပြီး (ပုံပါအတိုင်း) မထူမပါး လှီးပါ။
အခွံမသင်ပါနဲ့။ လေးစင်တီမီတာ အကျယ်လောက်ဆို ကင်ရတာလွယ်ပါတယ်။

ပြီးရင် သူ့ကို သံလွင်ဆီ စားပွဲဇွန်းတစ်ဇွန်း သာသာလောက်နဲ့ ရွှဲနေအောင် နယ်ပါ။

Grilled pan လို့ခေါ်တဲ့ အကင်ကင်မယ့် ဒယ်ပြားအိုးကို အရင် မီးပြင်းပြင်းလေးနဲ့ အပူညီလာတဲ့
အထိ အပူပေးပါ။

ဒါမှမဟုတ် အကင်ကင်လို့ရမယ့် oven ထဲ ထည့်ကင်လည်း ဖြစ်ပါတယ်။

ဒယ်ပြားပူပြီဆိုရင်တော့ ရွှေဖရုံသီးများကို ထည့်ကင်ပါ။

ကင်နေစဉ်မှာ အကျက်ညီစေရန် ရွှေဖရုံသီးများကို ဟိုဘက်ဒီဘက် လှန်ပေးပါ။

ရွှေဖရုံသီးများ နူးပြီဆိုရင်တော့ ပန်းကန်ပြားထဲကို ဆီထည့်၊ နောက် ကြက်သွန်ဖြူ ညက်ညက်
ထောင်းထားတာလေးကို အပေါ်က ဖြူးပြီး ကျန်သံလွင်ဆီများကို ထည့်ကာ ဆီစိမ်ထားပါ။

နူးအိနေပြီး ချိုလွန်းတာမို့ သူ့ကို ထမင်းလေးနဲ့ နယ်စားလို့ ကောင်းသလို အကင်လေးတွေနဲ့လည်း
တွဲပြီးစားလို့ ကောင်းပါတယ်။

 
[