မြေထဲပင်လယ်ဒေသဟင်းလျာတွေနဲ့ လိုက်ဖက်ညီတဲ့ စိမ်းစိုလန်းဆန်းတဲ့ နေရာတစ်ခု

မြေထဲပင်လယ်ဒေသဟင်းလျာတွေနဲ့ လိုက်ဖက်ညီတဲ့ စိမ်းစိုလန်းဆန်းတဲ့ နေရာတစ်ခု

The House Bar & Grill က ဘယ်နားမှာ များလဲ။ ကမ္ဘာအေးဘုရားလမ်းမှာ ဖွင့်ထားတဲ့
တိုယိုတာဆားဗစ်စင်တာကနေ လမ်းအတိုင်း တည့်တည့်ဆင်းသွားမယ်ဆိုရင် လှပတဲ့အိမ်ကြီး
တစ်လုံးမှာ ဖွင့်လှစ်ထားပါတယ်။

မျက်နှာကြက်မြင့်မြင့်နဲ့ ရိုင်းရှင်းပြီး နှစ်လိုဖွယ်ရာ အလှဆင်ထားတဲ့ ကိုလိုနီခေတ် အဆောက်အအုံ
ကြီးထဲက အခန်းတွေထဲမှာလည်း ထိုင်နိုင်သလို မိုးမရွာဘူးဆိုရင်တော့ အပြင်ဘက်ပန်းခြံအလှကို
ခံစားကြည့်ရှုပြီး အနားယူ စားသောက်နိုင်ပါတယ်။

ဒီဆိုင်က 'ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော အပူပိုင်းဒေသစတိုင်လ် စားသောက်ဆိုင်'လို့ သူ့ဟာသူ
ကြော်ငြာထားပါတယ်။

လူနှစ်ဦး (သို့) လေးဦးထိုင်နိုင်တဲ့ မြင်းခွာပုံစားပွဲခုံတွေ ကို သစ်ရွက်အုပ်အုပ်တွေနဲ့ ရွှေငါးကန်လေး
တွေကြားထဲမှာ ခင်းထားပါတယ်။

နှစ်လို ဖွယ်ရာ မီးရောင်လေးတွေက ဒီပန်းခြံလေးကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။

ညစာစားပွဲလေးတစ်ခု၊ ဒါမှမဟုတ် စုံတွဲတွေအတွက် ညနေချမ်းချိန်းဆိုမှုတစ်ခု လုပ်နိုင်တဲ့ နေရာ
ကောင်းလေး တစ်ခုပါပဲ။

ဆိုင်ဖွင့်စကတည်းက သီတင်းပတ်တချို့ အထိ ဒီဆိုင်လေးဆီ လူအနည်းငယ်သာ ရောက်ရှိ
သေးတာကတော့ ၀မ်းနည်းစရာပါပဲ။

ကျွန်မတို့အဖွဲ့ ဒီဆိုင်လေးကို ည ၈ နာရီကျော်ကျော်လေးမှာ ရောက်ရှိခဲ့ပါတယ်။

ဆိုင်ပိတ်ချိန်ရောက်တော့မယ့်အချိန်အထိ ပန်းခြံထဲမှာ ကျွန်မတို့ပဲ ရှိနေခဲ့ပါတယ်။

စားဖိုဆောင်ရဲ့ ချက်ပြုတ်မှုစွမ်းရည်အပေါ် ကျွန်မ ထင်မြင်ချက် မပေးနိုင်သေးတဲ့ အချိန်မှာပဲ
ကျွန်မတို့ကို ကြိုဆိုခဲ့တဲ့ ၀န်ထမ်းတွေက သူတို့ကို လိုအပ်ရင် ခေါင်းလောင်းတီးပြီး ခေါ်ဖို့အတွက်
ခေါင်းလောင်းလေးတစ်လုံး ပေးပါတယ်။

ကျွန်မတို့ အစားအစာတွေမှာပြီး သိပ်မကြာခင်မှာပဲ ဟင်းပွဲတွေ ချက်ချင်းရောက် လာပါတယ်။

စားဖိုမှူးခေါင်းဆောင်က ဆီရီးယားဇာတိ ဖြစ်ပါတယ်။

ဒါကြောင့် မြေထဲပင်လယ်ဒေသ အစားအစာတွေက အားလုံးထဲမှာ အကောင်းဆုံးဖြစ်နေတာက
သိပ်တော့ အံ့ဩစရာမဟုတ်ပါဘူး။

ဒါပေမဲ့ အစားအသောက်စာရင်းမှာတော့ မက္ကဆီကို၊ တောင်အာရှ၊ အီတလီနဲ့ အမေရိကန်
ဟင်းလျာတွေ တော်တော်များများ ပါ၀င်နေတာကိုလည်း တွေ့ရပါတယ်။

အရှေ့အလယ်ပိုင်းဟင်းလျာတစ်မျိုး ဖြစ်တဲ့ falafel (ကျပ် ၄,၀၀၀) ကတော့ ကျွန်မ ဧည်သည်
ပြောပြချက်အရတော့ ရန်ကုန်မြို့ မှာ အကောင်းဆုံးပါပဲတဲ့။

အပြင်ဘက်မှာ နူးည့ံကြွပ်ရွပြီး အထဲမှာ အမွေးနံ့ကြိုင်ကြိုင်နဲ့ စပ်ပါတယ်။

ဒီဟင်းလျာဟာလည်း ကျွန်မတို့မှာတဲ့ တခြားဟင်းလျာတွေလိုပဲ မျှဝေစားနိုင်လောက်တဲ့ ပမာဏနဲ့
ရောက်ရှိလာပါတယ်။

လတ်ဆတ်တဲ့ ခရမ်းချဉ်းသီးဆော့စ်၊ သိုးနို့နဲ့ပြုလုပ်ထားတဲ့ ဂရိချိစ်တစ်မျိုးဖြစ်တဲ့ feta cheese
တို့နဲ့ တွဲစားရတဲ့ အမဲသားခပတ်ကို ခပ်ကြာကြာနှပ်ပြီး ကျက်အောင် လုပ်ထားတာကြောင့်
နူးညံ့ပြီး အရသာရှိပါတယ်။

အရှေ့အလယ်ပိုင်း mutabel (သို့) ဟင်း အရည်နှစ်ပွဲဖြစ်တဲ့ ခရမ်းသီးကင်နဲ့ tahini (ကျပ် ၅,၀၀၀
နဲ့ ရ,၀၀၀)ကို နူးည့ံတဲ့ ပေါင်မုန့်ပြားနဲ့ တွဲစားရတာဖြစ်ပြီး ရိုးရိုးရှင်းရှင်းလေးပဲ ပြင်ဆင်ထားပါတယ်။

နောက်ဟင်းပွဲကတော့ ခရမ်းချဉ်သီးနဲ့ တရုတ်နံနံတွေကို နုတ်နုတ်စဉ်းထားတဲ့ tabouli အသုပ်
(ကျပ် ၈,၀၀၀)ကတော့ သူ့ရဲ့ ဆားပေါ့ပေါ့ အရသာက ကျွန်မကို တော်တော်ဆွဲဆောင်နိုင်ခဲ့ပါ
တယ်။

ဒါဟာ စားကောင်းတဲ့ အိမ်ချက်ဟင်းတစ်ခွက်လို ရိုးရိုးစင်းစင်းလေးပါပဲ။

စမ်းသပ်မှုတစ်ခုအနေနဲ့ ဆီဆာအသုပ် (ကျပ် ၆,၀၀၀)ကိုလည်း နောက်ထပ်မှာလိုက်ပါတယ်။

ဒီဟင်းပွဲကတော့ မျှော်လင့်ချက်တွေကို ပျက်ယွင်းစေခဲ့ပါတယ်။ Romaine ဆလပ်ရွက်အစား
စဉ်းထားတဲ့ တရုတ်မုန်ညင်းတွေနဲ့ အစားထိုးထားပြီး ကြက်သားတုံးတွေနဲ့ ပြောင်းဖူးတွေကို
ဆော့အနည်းငယ်နဲ့ အီတလီချိစ် တစ်မျိုးဖြစ်တဲ့ mozzarella cheese အစိတ်လေးတွေကို
အပေါ်က အုပ်ထားပါတယ်။ စားလို့တော့ ရပါတယ်။ ဒါပေမဲ့ ဒါက ဆီဆာအသုပ်တော့
မဟုတ်ဘူးလေ။

အစားအသောက်စာရင်းမှာ steak အသား ကင်တွေလည်း ပါ၀င်ပါတယ်။

ဒီမှာတော့ အသားကင်တွေကို ကြက်သား၊ ၀က်သား (သို့) အမဲသားဆိုပြီး မှာယူစားသောက်
တတ်ကြပါတယ်။

ကျွန်မတို့ကတော့ wine fresh အမဲသားကင် (ကျပ် ၁၂,၀၀၀)ကို မှာလိုက်ပါတယ်။

အကျက်ကင်ထားတဲ့ အသားကင်ပေါ် မှာ ခပ်စူးစူးဝိုင်အနီဆော့၊ ချိစ်အနှစ်အနည်းငယ်နဲ့
လတ်ဆတ်တဲ့ မှိုတို့ကို အပေါ်က အုပ်ပေးထားပါတယ်။

အရသာအရမ်းအကောင်းကြီးမဟုတ်ပေမယ့် စားကောင်းတဲ့အဆင့်ထက်တော့ ပိုပါတယ်။

တွဲဖက်စာတွေအဖြစ် အရသာရှိတဲ့ အာလူးထောင်း အနည်းငယ်နဲ့ ပေါင်းထားတဲ့ ဟင်းသီးဟင်းရွက်
အချောင်းလေးတွေ၊ နောက်ပြီး ပေါ့ရွှတ်ရွှတ် မုန်လာဥနီ ချောင်းတွေ ပါ၀င်ပါတယ်။

အတိုချုံးပြောရမယ်ဆိုရင်တော့ ဟင်းလျာတွေရဲ့ အရသာက အရမ်းအကောင်းကြီး မဟုတ်ပေမယ်
လို့ အစားအစာတွေက လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

ဒါပေမဲ့ အရှေ့အလယ်ပိုင်း အစားအစာတွေကတော့ အထူးကောင်းမွန်ပါတယ်။

ကော့တေး၊ ဘီယာနဲ့ ၀ုိင်ပုလင်းတွေလည်း ရနိုင်တဲ့ ဒီစားသောက်ဆိုင်အတွက်
အဆင့်သတ်မှတ်ပေးရမယ်ဆိုရင်တော့ လှပပြီး စိတ်ချမ်းမြေ့ဖွယ် ပတ်ဝန်းကျင်မျိုးဖြစ်ပြီး
မိတ်ဆွေ အပေါင်းအသင်း၊ ချစ်သူစုံတွဲတို့ အေးအေးလူလူနဲ့ စကားစမြည်ပြောနိုင်တဲ့
နေရာကောင်းလေးတစ်ခုပါ။

ဒီနေရာကို လာခဲ့မယ်ဆိုရင်တော့ အမှတ်ရစရာ ညနေခင်းတစ်ခု ဖြစ်လာမှာတော့
အသေအချာပါပဲ။

The House Bar & Grill
၆၊ ကမ္ဘောဇလမ်း၊ ရွှေတောင်ကြား။
ဆိုင်ဖွင့်ချိန် - မနက် ၁၁ နာရီမှ ည ၁၂ နာရီအထိ

ဇာဇာစိုး ဘာသာပြန်သည်။

 
[