ဒီတစ်ပတ်မှာလည်းပဲ ပုစွန်ကိုပဲ ဆက်ပြီးချက်ဖြစ်သွားပါတယ်။ မိုးကောင်းကောင်းမှာ
ပုစွန်လတ်လတ်လေးတွေက ၀ယ်လို့ကောင်းသလို ဈေးကလည်း သင့်ပါတယ်။
ပုစွန်ကို ငါး/ပင်လယ်စာမဆလာလေးနဲ့ နှပ်ပြီးချက်မှာပါ။ ချက်ရတာလွယ်ကူပြီး မြန်ဆန်သလို
မဆလာနံ့သင်းသင်းလေးနဲ့မို့ အနံ့နဲ့တင် သွားရည်ယိုစရာဟင်းတစ်ခွက်ပါ။
ပင်လယ်စာမဆလာကိုတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ချမ်းမြေ့ဈေး (အိုးအိမ်ရုံုးနား)က
ကုန်ခြောက်ဆိုင်ကနေ ၀ယ်လာတာပါ။
ဆိုင်ကဆိုပေမယ့် သူတို့ကိုယ်တိုင် ကြိတ်ထားတာမို့ လတ်လတ်ဆတ်ဆတ်နဲ့ မွှေးနေတာပါပဲ။
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
- ပုစွန် ၁၃ - ၁၅ ကောင်
- ကြက်သွန်နီ ၃ လုံး
- ခရမ်းချဉ်သီး ၆ လုံး
- ကြက်သွန်ဖြူ ၃ မြွှာ
- ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
- ငါး/ပင်လယ်စာ မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- ငရုတ်သီးအနီ ၁ တောင့်နီးပါး
- နံနံပင် လက်တစ်ဆုပ်စာ
- ဆား အနည်းငယ်
- ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၃ ဇွန်း
ပြင်ဆင်ပုံ
ပုစွန်များကို ရေစင်အောင် ဆေးပါ။ ပြီးရင် အခွံသင်၊ ခေါင်းဖြုတ်ပါ။ အမြီှးကို ချန်ထားပါ။
နောက်ကျောကိုခွဲ၊ အညစ်ကြေးချောင်းကို ထုတ်ပြီး ဆားလက်နှစ်ဖြစ်လောက် ဖြူးကာ
သတ်သတ်ထားပါ။
ကြက်သွန်နီများကို နုတ်နုတ်လေး လှီးပါ။ ခရမ်းချဉ်သီးများကို ခပ်ကြမ်းကြမ်းလေးစဉ်းပါ။
ကြက်သွန်ဖြူများကို ညက်အောင်ထောင်းပါ၊ (သို့) ညှစ်ထားပါ။
ဒယ်အိုးထဲ ဆီထည့်ပြီး မီးပြင်းပြင်းနဲ့ ဆီပူအောင်တည်ပါ။ ပြီးရင် ကြက်သွန်နီများကို ဆီသတ်ပါ။
ကြက်သွန်နီများ အရောင်ပြောင်းပြီး ရွှေဝါရောင်စသန်းပြီဆိုရင် ငရုတ်သီးမှုန့်၊ မဆလာတစ်ဝက်နဲ့
ကြက်သွန်ဖြူများကိုထည့်ကာ ဆီသတ်ပါ။
တစ်မိနစ်လောက် ဆီသတ်ပြီးရင် ခရမ်းချဉ်သီးများကိုထည့်ကာ ဆီသတ်ပါ။
ခရမ်းချဉ်သီးများ နွမ်းရင် ပုစွန်ကိုထည့်ပြီး မွှေပါ။
နောက် မီးကိုလျှော့ပြီး ရေ ၁/၄ ခွက်ထည့်ကာ ပွက်ပါစေ။ ပွက်ပြီဆိုရင် မီးကို အဆုံးထိလျှော့ကာ
မီးအေးအေးနဲ့ ၁၀ မိနစ်နီးပါးလောက် အဖုံးအုပ်ပြီး နှပ်ပါ။
နံနံပင်များနဲ့ ငရုတ်သီးအနီများကို ထည့်ကာအိုးချပါ။
အရသာအတွက် ဆားကို သုံးပါ။ ငံပြာရည်ကို တမင်မထည့်တာပါ။ မဆလာအနံ့လေး
ပျက်သွားမှာစိုးလို့ပါ။
ထမင်းဖြူနဲ့တွဲပြီး သုံးဆောင်ပါ။

ငါးနီတူခြောက်နှင့် ပင်လယ်စာမဆလာနှပ်
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
- ငါးနီတူခြောက် ၁၀၀ - ၁၂၀ ဂရမ်
- ကြက်သွန်နီ ၂ လုံး
- ငါး/ပင်လယ်စာ မဆလာ လက်ဖက်ရည်ဇွန်းဝက်
- နံနံပင် လက်တစ်ဆုပ်စာ
- ဆား အနည်းငယ်
- ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၃ ဇွန်း
ပြင်ဆင်ပုံ
ငါးနီတူခြောက်ကို သဲစင်အောင်ဆေး၊ ရေစိမ်ထားပါ။ ငါးလေးများ ပွလာပြီဆိုရင် ရေစင်အောင်
ခဏစစ်ထားပါ။
ကြက်သွန်နီကို ပါးပါးလှီးပြီးထားပါ။
နောက် ဒယ်အိုးထဲမှာ ဆီထည့်ကာ ကြက်သွန်နီကို ဆီသတ်ပါ။ ကြက်သွန်များ စပြီး ရွှေဝါရောင်
သန်းရင် ငါးနီတူ များကို ထည့်ကြော်ပါ။
နောက်တစ်ဆင့်မှာ ပင်လယ်စာမဆလာကိုထည့်ကာ ၁ မိနစ်လောက် ဆီသတ်ပါ။
ငါးကို ပျော့ပျော့လေးကြိုက်ရင် ရေ ၁/၄ ခွက်သာသာလေး ထည့်ပြီး အဖုံးအုပ်ကာနှပ်ပါ။
ကြွပ်ကြွပ်လေး ကြိုက်ရင်တော့ ရေမထည့်ပါနဲ့တော့။
ငါးကို စိတ်ကြိုက်အနေထားရမှ နံနံပင်လေးအုပ်ပြီး မီးဖိုပေါ်က ချပါ။
အပေါ့အငန်အတွက် ဆားကိုသာ သုံးပါ။
