ဗိုလ်ချုပ်ဈေးက နာမည်ကျော် ၀က်သားတုတ်ထိုးဆိုင်

၀က်သားတုတ်ထိုးတွေကို ဒီလို အားပါးတရ ထည့်ပေးတယ်။ သီရိ/မြန်မာတိုင်း(မ်)
၀က်သားတုတ်ထိုးတွေကို ဒီလို အားပါးတရ ထည့်ပေးတယ်။ သီရိ/မြန်မာတိုင်း(မ်)

ဗိုလ်ချုပ်ဈေးက နာမည်ကျော် ၀က်သားတုတ်ထိုးဆိုင်

ဗိုလ်ချုပ်ဈေးထဲ ရောက်လို့ နာမည်ကျော် ၀က်သားတုတ်ထိုးနဲ့ ကြာဆံကြော်ဆိုင်မှာ
သွားစားချင်တယ်ဆိုရင် ဈေးဝယ်လာသူတွေကို အပြိုင်အဆိုင် အော်ခေါ်နေတဲ့ အလယ်ရုံတွေ
ရှေ့က စားသောက်ဆိုင်တွေကို စိတ်မယိုင်ဘဲနဲ့ ကျော်ဖြတ်ပြီး ဈေးအနောက်ဘက်တန်းအထိ
ဆက်လျှောက်သွားပါ။

မီးရထားခုံးကျော်တံတားကြီးကို တွေ့ပြီဆိုရင် တန်းတန်းမတ်မတ် ရောက်ပါပြီ။ မီးရထားခုံးကျော်
တံတားရဲ့ အောက်ဘက်အစွန်းနဲ့ ကပ်လျက်မှာ ခြံစည်းရိုးကို အဖီဆွဲပြီး ဖွင့်ထားတဲ့ ဒီဆိုင်လေးက
စာဖတ်သူတို့ ဘန်ကောက်မြို့က ချပ်တူချပ်စနေ၊ တနင်္ဂနွေ ဈေးကြီးကို ရောက်ဖူးတယ်ဆိုရင်
အဲဒီက စားသောက်ဆိုင်လေးတွေနဲ့ ဆင်တူတာကို သတိထားမိပါလိမ့်မယ်။

ခပ်ကျဉ်းကျဉ်းနဲ့ ခပ်ကုပ်ကုပ်ဆိုင်လေးထဲမှာ စားပွဲအသေးလေးတွေကို နေရာချထားပြီး
တစ်ဆိုင်လုံး အပြည့် စားသုံးသူတွေနဲ့ စည်ကားနေပါတယ်။

ဆိုင်ထဲရောက်လို့ စားပွဲတစ်လုံးမှာ နေရာယူအပြီး ဆိုင်အဝမှာ မိုးရေကာဖျင်စနဲ့ ခပ်ကြီးကြီး
ရေးထားတဲ့ စားစရာနာမည်တွေကို အားစိုက် လှမ်းဖတ်ကြည့်နေတဲ့ စာရေးသူနဲ့ သူငယ်ချင်းတို့ကို
ဆိုင်ရှင်မိသားစုဝင်တစ်ဦး ဖြစ်ပုံရသူက ပလတ်စတစ်လောင်းထားတဲ့ ခပ်သေးသေး မီနူးကတ်တစ်ခု
လာပေးသွားပါတယ်။

ရွေးချယ်စရာစားဖွယ်တွေက ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ၀က်သားတုတ်ထိုး၊
၀က်သားလိပ်ကြော်၊ ကြက်သားဖက်ထုပ်နဲ့ အသီးဖျော်ရည်တွေပဲဆိုတော့ တခြားဆိုင်တွေလို
ဘာဟင်းပွဲမှာရမလဲဆိုတာ အချိန်ယူ စဉ်းစားစရာ မလိုတော့ပါဘူး။

မှာလိုက်တဲ့စားစရာတွေက အမြန်ဆုံး အချိန်အတွင်းမှာပဲ စားပွဲပေါ်ကို ရောက်လာပါတယ်။

စတီးပန်းကန်ပြားအသေးနဲ့ ထည့်ထားတဲ့ ကြာဆံကြော်က တခြားဝက်သားတုတ်ထိုးဆိုင်တွေနဲ့
အရောင်အဆင်းချင်း တူနေသလို အချဉ်ရည်ကို ကြာဆံကြော်ဘေးမှာပဲ ကပ်ပုံပေးလိုက်တာ
ကလည်း အတူတူပါပဲ။

ဒါပေမဲ့ တကယ်တမ်း စားကြည့်လိုက်တော့ နူးညံ့ပြီးအိနေတဲ့ ကြာဆံကြော်တွေက တခြားသော
ဆိုင်တွေထက် အနံ့ရော၊ အရသာပါ သာတာမို့ နောက်ထပ် တစ်ပွဲထပ်မှာရတဲ့ အထိပါပဲ။

ကြာဆံကြော်တစ်ပွဲ ကျပ်လေးရာကတော့ ပုံမှန်ဈေးနှုန်းပါပဲ။

ဒီလိုအရသာရှိတဲ့ ကြာဆံကြော်ကို အေးအေးဆေးဆေး ဇိမ်ယူ စားရတာမျိုးတော့ မဟုတ်ပါဘူး။

ဆိုင်နဲ့အပြည့် စားသုံးသူတွေရဲ့ အပြိုင်အဆိုင် လှမ်းအော်မှာတဲ့ အသံတွေ၊ မှာထားတာတွေ
ခပ်မြန်မြန်လိုက်ချပေးတဲ့ ဦးလေးကြီးတွေ လမ်းဖြတ်အလျှောက်မှာ ကိုယ့်ကို ခလုတ်တိုက်မိမှာ
စိုးလို့ ကိုယ်ကို ကျုံ့ပြီးထိုင်ရတာတွေ၊ ခပ်ကျဉ်းကျဉ်းဆိုင်နဲ့ မဆံ့တဲ့ စားသုံးသူတွေရဲ့ အချင်းချင်း
စကားပြောသံတွေက ဒီဆိုင်လေးရဲ့ အမှတ်အသားတွေပဲ ဖြစ်ပါတယ်။

ဆိုင်ထဲမှာ ၀က်သားတုတ်ထိုးအတွက် အငွေ့ တထောင်းထောင်းထနေတဲ့ ၀က်သား ပြုတ်အိုးကြီးနဲ့
ကြာဆံကြော်၊ ၀က်သားလိပ်ကြော်၊ ဖက်ထုပ်အိုးတို့ကို တာဝန်ယူထားတဲ့ ခပ်ဝဝအဒေါ်ကြီး၊
စားသုံးသူတွေမှာသမျှ အပြေးအလွှား ဖြည့်ဆည်းပေးနေတဲ့ ဦးလေးကြီးနှစ်ယောက်နဲ့
အနောက်ဘက်မှာ အသီးဖျော်ရည်တွေအတွက် ဒိုင်ခံဖျော်ပေးနေတဲ့ ဦးလေးတစ်ယောက်၊
အားလုံးပေါင်း လေးယောက်တည်းနဲ့ ဆိုင်တစ်ခုလုံးကို အကွက်ကျကျစီမံနေတာကို တွေ့ရပါတယ်။

၀က်သားတုတ်ထိုးတစ်ပွဲ ကျပ် သုံးထောင် ကတော့ နည်းနည်းဈေးများနေသလားလို့ တွေးမိပြီး
စတီးပန်းကန်အသေးထဲက အသား၊ အူ၊ အခေါက်၊ အသည်း၊ နားရွက်စတဲ့ စုံစီပလုံစီ
၀က်သားစလေးတွေက စားသုံးသူအတွက် တကူးတက ပြင်ဆင်ပေးထားတဲ့ ပုံတော့
လုံးဝမပေါ်ပါဘူး။

တစ်ဖတ် ကောက် ၀ါးကြည့်ပါတယ်။

စားဖူးတဲ့ လမ်းဘေးက ၀က်သားတုတ်ထိုးဆိုင်တွေနဲ့ တကယ်ကို ကွာခြားတာက နူးအိနေတဲ့
အသားတွေ၊ အချိုလေးတဲ့ အရသာတွေနဲ့ဆိုတော့ နောက်ထပ် လက်မချချင်လောက်အောင်
ဆက်တိုက် စားမိပါတော့တယ်။

၀က်သားလိပ်ကြော်ကတော့ အတုံးခပ်ကြီးကြီး လှီးထားတာမို့ ကြွပ်ရွနေတဲ့ အပေါ်ယံအလွှာ
အပြင်အထဲက နုပ်နုပ်စဉ်းထားတဲ့ ၀က်သား၊ အသီးအရွက်နဲ့ ကော်ရည်တို့ကိုရောကြော်ပြီး
ဌာပနာထားတာကို လှမ်းမြင်နိုင်ပါတယ်။

၀က်သားလိပ်ကြော်တစ်ပွဲ ကျပ်တစ်ထောင်က ဈေးနှုန်းသင့်တင့်သလို အရသာလည်း ရှိပေမယ့်
သူ့ကို စားအပြီးမှာ တော်တော်လေး အီဆိမ့်သွားပါတယ်။

ဖက်ထုပ်ပြုတ်ကတော့ တခြားဆိုင်တွေကထက် နှစ်ဆလောက်ပိုကြီးပြီး ကြိတ်ထားတဲ့ ကြက်သား
ကို ကော်ပြန့်ရွက်ခပ်ထူထူနဲ့ လိပ်ပြီး ပြုတ်ထားတဲ့အတွက် ပါးစပ်ထဲ သူ တစ်ခု ထည့်လိုက်တာနဲ့
ပြည့်ဖောင်းသွားပြီး ဗိုက်လည်း တော်တော်ပြည့်စေပါတယ်။

အသားများများ စားရတာကြိုက်ရင်တော့ ဒီ ဆိုင်က ဖက်ထုပ်ပြုတ်နဲ့ အံကိုက်ပါပဲ။

စားဖွယ်တွေအားလုံးနဲ့ တွဲစပ်စားရမယ့် အချဉ်ရည်က တစ်မျိုးတည်းပေမယ့် အားလုံးနဲ့လည်း
တကယ်လိုက်ဖက်သလို ခပ်ချိုချို၊ ပျဉ်းတွဲတွဲဆော့စ်တွေထက် ပိုစားမြိန်စေတာမို့ အချဉ်ရည်စပ်တဲ့
သူကို ချီးကျူးမိပါတယ်။

အဆီတွေတော်တော် ဗိုက်ထဲရောက်နေ ပြီး အီလည်း အီနေတာမို့ သံဘူးဖျော်ရည်
(ကျပ် လေးရာ)နဲ့ ဆန်းကစ်သီးဖျော်ရည် (ကျပ် တစ်ထောင်)တို့ကို အအီပြေအဖြစ် လှမ်းမှာ
လိုက်ပါတယ်။

မှာသမျှ အအေးတွေကို အားပါးတရ ဖျော်စပ်နေတဲ့ ဆိုင်အနောက်ဘက်က ဦးလေးကြီးရဲ့ ဟန်ပန်နဲ့
သူ့ရှေ့က တောင်လိုပုံနေတဲ့ ဆန်းကစ်သီးတွေနဲ့ သံပရာသီးတွေကလည်း ကြာဆံကြော်နဲ့
၀က်သားတုတ်ထိုး စားပြီးရင် သူဖျော်ပေးမယ့်အအေး မသောက်ဘဲ မနေနိုင်အောင်
ဆွဲဆောင်နေသလိုပါပဲ။

ဗိုလ်ချုပ်ဈေးထဲက ဈေးဆိုင်တွေကို ဆိုင်အထိ မှာသမျှလိုက်ပို့ပေးတဲ့ ဒီဝက်သားတုတ်ထိုးဆိုင်မှာ
သီးသန့်နာမည်မရှိပေမယ့် ဗိုလ်ချုပ်ဈေးက ၀က်သားတုတ်ထိုးဆိုင်ဆိုရင်တော့ ဈေးဝယ်တော်တော်
များများ သိထားကြပါတယ်။

ဈေးမဝယ်ပေမယ့်လည်း ဒီဆိုင်ကို ကျွန်မတို့လို အချိန်ပေး လာစားသူတွေလည်း ရှိသေးတာမို့
သူ့ပရိသတ်နဲ့ သူ့ဈေးကွက် အဆင်ပြေပုံပါပဲ။

ဗိုလ်ချုပ်ဈေးပိတ်ရက်ဖြစ်တဲ့ တနင်္လာနေ့မှာ ဆိုင်ပိတ်ပြီး ဈေးဖွင့်ချိန်၊ ပိတ်ချိန်အတိုင်း ဆိုင်ဖွင့်တဲ့
ဒီဝက်သားတုတ်ထိုးဆိုင်က လွန်ခဲ့တဲ့နှစ် ၃၀ ကတည်းက ဗိုလ်ချုပ်ဈေးမှာ ဖွင့်လာခဲ့တယ်လို့
သိရပါတယ်။

ဈေးရဲ့ တစ်ဖက်ခြမ်းမှာ ရှိခဲ့တဲ့ သံဖြူဆိုင်တန်းတွေမှာ စဖွင့်ခဲ့ပေမယ့် ဆိုင်ဖွင့်ပြီး သုံးနှစ်
အကြာလောက်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုကြောင့် သံဖြူဆိုင်တန်းတွေ
ဖျတ်သိမ်းလိုက်ရာက အခုလို ဈေးထဲကို ပြောင်းရွှေ့ဖွင့်လာခဲ့တာ ဖြစ်ပါတယ်။

အဆီအဆိမ့် အစားအစာချည်း စားထားတာဆိုတော့ စားလို့အပြီးမှာ ခေါင်းတွေမူးပြီး
ရေလည်းငတ်လာတာမို့ ဒီဆိုင်မှာ စားပြီးတာနဲ့ လက်ဖက်ရည်ဆိုင်သွားပြီး ကော်ဖီပြင်းပြင်း
တစ်ခွက်လောက်နဲ့ အချိုတည်းပါလို့ အတွေ့အကြံုအရ ဝေမျှလိုက်တယ်နော်။

 
[