ရှမ်းစတိုင် သက်သတ်လွတ်

ရှမ်းစတိုင် သက်သတ်လွတ်

၀ါတွင်း ၀င်လာပြီမို့ သက်သတ်လွတ် စားကြမယ့်သူတွေအတွက် ဟင်းသီးဟင်းရွက်နဲ့
ထမင်းမြိန်မယ့် အတို့အမြုပ်လေးတွေ၊ ထွေလီကာလီလေးတွေ ချက်ဖို့ စီစဉ်ထားပါတယ်။

ရှမ်းဟင်းတွေမှာ နေ့စဉ်မပါမဖြစ် မရိုးနိုင်မအီနိုင် ထည့်စားလေ့ရှိတဲ့ အဓိက ဟင်းလျာလေးတွေကို
တစ်မျိုးပြောင်း ချက်ကြည့်ထားပါတယ်။

ဂျူးမြစ်ကိုတော့ ခရမ်းချဉ်သီးရယ်၊ ပဲပုပ်ရယ်၊ ဆီပြန်ရေကျန်လေး ချက်ထားပါတယ်။

ချဉ်၊ ငန် အရသာလေးပေါ့။

ပြီးတော့ ဖရုံးသီးထမင်းလေးနဲ့ စားဖို့ စီစဉ်ထားပါတယ်။

ချဉ်ငန်စပ် ဂျူးမြစ်ဆီပြန်ရေကျန်
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)

  • ဂျူးမြစ် ၂ စည်း 
  • ကြက်သွန်နီ ၁ လုံး
  • ခရမ်းချဉ်သီးမှည့်မှည့် ၃ လုံး
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲပုပ် ၁ ချပ် (သို့) ပဲပုပ်အမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၃ ဇွန်း

ပြင်ဆင်ပုံ

ဂျူးမြစ်များကို ရေစင်အောင် သေချာဆေးပြီး အဖြူအမြစ်များ သတ်သတ်ဖြုတ်ယူပါ။

ပြီးရင် အပင်လေးများကိုလည်း ဖြုတ်ယူထားပါ။

နောက်အပင်များကို ထက်ခြမ်းခြမ်းကာ အားလုံးစုပြီး နှစ်ပိုင်းဖြတ်ပါ။

နောက် ဂျူးမြစ်များကို သုံးပိုင်း လောက်ပိုင်းပြီး ဖယ်ထားပါ။

ကြက်သွန်နီများကို နုပ်နုပ်လေး လှီးပါ။

ခရမ်းချဉ်သီးများကို ခပ်ကြမ်းကြမ်းလေး စဉ်းပါ။

ကြက်သွန်ဖြူများကို ညက်အောင် ထောင်းပါ (သို့) ညှစ်ထားပါ။

ဟင်းချက်မယ့် အိုးထဲမှာ ဆီထည့်ပြီး ဆီပူအောင်တည်ပါ။

ပြီးရင် ကြက်သွန်နီများကို ဆီသတ်ပါ။

ကြက်သွန်နီများ အရောင်ပြောင်းပြီး ရွှေဝါရောင် စသန်းပြီဆိုရင် ငရုတ်သီးမှုန့်နဲ့ ဂျူးမြစ်ကို
ထည့်ကာ ဆီသတ်ပါ။

နှစ်မိနစ်လောက် ဆီသတ်သလို လုံးပြီးရင် ခရမ်းချဉ်သီးများကို ထည့်ကာ ဆက်ပြီး ဆီသတ်ပါ။

ခရမ်းချဉ်သီးများ နွမ်းရင် ပဲပုပ်ကို ထည့်ကာ တစ်မိနစ်လောက် ချက်ပါ။

နောက် ရေနှစ်ခွက်လောက် ထည့်ကာ ပွက်အောင်တည်ပါ။

ဟင်းအရည် စပွက်ပြီဆိုရင် အဖုံးဖုံးကာ မီးလျှော့ပြီး မီးအေးအေးဖြင့် မိနစ် ၃၀ - ၄၀ နီးပါးလောက်
နှပ်ပါ။

ဆီပြန်ရေကျန်ဖြစ်ရင် အိုးကိုချပြီး သုံးဆောင် နိုင်ပါတယ်။

အရသာအတွက် ဆားကို သုံးပါ။


ဖရုံသီးထမင်း ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)

  • ဆန် ၁ ခွက်
  • ဆား အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်း
  • ဟင်းသီးဟင်းရွက်အရည် ၁ ခွက်ခွဲ
  • ကြက်သွန်ဖြူ ၂ မြွှာ ဖရုံသီးအနှစ် ၁/၂ ခွက်

    (မြန်မာတိုင်း(မ်) အမှတ်-၆၇၉ မှာ ဖော်ပြခဲ့တဲ့ ပုစွန်ကင်နဲ့ဖရုံသီးဆော့စ် ချက်နည်းအတိုင်း
    ဖရုံသီးအနှစ်ကို ပြုလုပ်နိုင်ပါတယ်)

ပြင်ဆင်ပုံ

ဆန်ကို ရေဆေးပြီး ခဏစစ်ထားပါ။

ကြက်သွန်ဖြူကို ဒယ်အိုးထဲတွင် ဆီသတ်ပါ။

နောက်တစ်ဆင့်မှာ ဖရုံသီးအနှစ်ကို ထည့်ပြီး ဆီနဲ့ရောသွားအောင် မွှေပေးပါ။

ဆန်ကိုလည်း ထည့်ပြီး ဆီသတ်ပါ။

နှစ်မိနစ် နီးပါးလောက်ဆို ရပါပြီ။

ပြီးရင် အားလုံးကို ထမင်းပေါင်းအိုးထဲမှာ ထည့်ကာ ဟင်းသီးဟင်းရွက်ရည်ကို ထည့်ပြီး ချက်ပါ။

ထမင်းကျက်ရင် ယောက်မဖြင့် အသာလေး မွှေပေးပါ။

 
[