ချင်းမိုင်မြို့နားက နိုင်ငံခြားသားတွေကို ဆွဲဆောင်ထားတဲ့ စားသောက်ဆိုင်

ချင်းမိုင်မြို့နားက နိုင်ငံခြားသားတွေကို ဆွဲဆောင်ထားတဲ့ စားသောက်ဆိုင်

ချင်းမိုင်မြို့ကလေးဟာ နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေနဲ့ အဲဒီမြို့မှာနေထိုင်တဲ့ နိုင်ငံခြားသား
တွေကို ဆွဲဆောင်ထားတဲ့ စားသောက်ဆိုင်တွေနဲ့ ပြည့်နှက်နေပါတယ်။

ဒါပေမဲ့ နည်းနည်း ပိုထူးခြားချင်တယ်ဆိုရင်တော့ 9 Moo 9 Cafe and Gallery ကို
ရောက်ဖြစ်အောင်သာ သွားပါလို့ ကျွန်မ အကြံပြုချင်ပါတယ်။

ချင်းမိုင်မြို့ထဲကနေ ၂၅ မိနစ်လောက် ကားနဲ့သွားလိုက်ရင် ဒီဆိုင်လေးကို သပ်ရပ်ပြီး
သက်သောင့်သက်သာနဲ့ စိတ်ချမ်းမြေ့ ဖွယ်ရာကောင်းတဲ့ ခြံဝင်းထဲမှာ တွေ့ရမှာပါ။

ဒီဆိုင်လေးကတော့ ကျေးလက်အလှကို ခံစားရင်း အေးအေးလူလူနဲ့ နေမြင့်မှ မနက်စာနဲ့
နေ့လယ်စာ ပေါင်းစားတာမျိုး၊ ဒါမှမဟုတ် နေ့လယ်ပိုင်း ကော်ဖီသောက်ရင်း အပန်းဖြေတာမျိုးတွေ
အတွက် အဆင်ပြေလှပါတယ်။

ဆိုင်ရဲ့အပြင်အဆင်ပိုင်းကတော့ သက်သောင့်သက်သာထိုင်ပြီး စားသောက်နိုင်တဲ့ ကူရှင်ဖုံနဲ့
စားပွဲနိမ့်လေးတွေ ခင်းကျင်းပေးထားပြီး အုပ်စုလိုက် အဖွဲ့လိုက်လာသူတွေအတွက် အပြင်ပိုင်းမှာ
စားပွဲကြီးတွေရှိသလို နှစ်ယောက်စာ စားပွဲလေးတွေလည်း ရှိပါတယ်။

ပြုပြင်ထားတဲ့ မြက်ခင်းပြင်နဲ့ အလှစိုက်ပန်းပင်တွေကို အရသာရှိတဲ့ အစားအသောက်တွေစားရင်း
ဒီစားပွဲတွေအားလုံးကနေ ကြည့်ရှုခံစားနိုင်ပါတယ်။

စားဖိုမှူး Siripan Kidd နဲ့ သူ့ရဲ့အမျိုးသား တိုနီတို့ဟာ ၀န်ထမ်းငယ်လေးတစ်ဦးရဲ့အကူ အညီနဲ့
ပျူငှာပြီးဂရုတစိုက်ရှိလှတဲ့ ၀န်ဆောင်မှုတွေကိုပေးနေပါတယ်။

ချည်ထည်ပေါ်မှာ ချုပ်ရိုးတွေနဲ့ အလှဆင်ပုံဖော်တဲ့ (လက်ပန်းထိုး) အနုပညာရှင်တစ်ဦးဖြစ်ပြီး
အရှေ့ တောင်အာရှက ချည်ထည်တွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Siripan ဟာ
အရှေ့တောင်အာရှတစ်လွှားမှာ ချည်ထည်တွေနဲ့ ပတ်သက်ပြီး ၁၉၉၈ ခုနှစ်ကတည်းက
လှည့်လည်သွားလာနေခဲ့သူ တစ်ဦးပါ။

အခုတော့ သူက စားသောက်ဆိုင်လေးတစ်ဆိုင်ကို ဦးဆောင်ဖွင့်လှစ်ထားပြီး သူ့ရဲ့လက်ရာ
လက်ပန်းထိုးထည်တွေကိုလည်း ပြခန်းတစ်ခန်းမှာ ပြသထားပါတယ်။

လက်ရာအများစုကတော့ တရုတ်နိုင်ငံအနောက်တောင်ပိုင်းက မြောင် (Miao) လူမျိုးတွေရဲ့
၀တ်စုံတွေပါ။

သူတို့နှစ်ယောက်ဟာ လန်ဒန်မှာ နှစ်ပေါင်း ၂၀ ကျော်လောက် နေခဲ့ဖူးကြတာမို့ သူတို့
စားသောက်ဆိုင်မှာ ရနိုင်တဲ့ အစားအစာတွေဟာ ဥရောပသားတွေ စားနေကျ အစားအစာတွေ
များပါတယ်။

အထူးသဖြင့် ဗြိတိန်စာတွေပါ။

ကျောက်သင်ပုန်းမှာ ရေးထားတဲ့ အစားအစာစာရင်းမှာ အိမ်လုပ်ဝက်အူချောင်း၊ egg pie၊
တူနာငါးကင်သုပ် နဲ့ spaghetti၊ bolog-naise တို့ကိုလည်း တွေ့ရမှာပါ။

အဓိကဟင်းပွဲအများစုကတော့ ဘတ် ၁၆၀ (ကန်ဒေါ်လာ ငါးဒေါ်လာ) ကနေ ဘတ် ၂၈၀
(၉ ဒေါ်လာ)အထိ အမျိုးမျိုး ရှိပါတယ်။

ကျွန်မတို့မှာစားတဲ့ အစားအစာတွေ အားလုံး အရသာရှိပြီး ပွဲကလည်း ကြီးပါတယ်။

စားသုံးသူအကြိုက် အနေတော် ကင်ပေးထားတဲ့ ဘဲရင်အုံကင်ကတော့ ရွှေညိုရောင်ဖြစ်တဲ့အထိ
ကင်ထားတဲ့ အားလူးတုံးလေးတွေနဲ့ အရွက်သုပ်တွေနဲ့အတူ ကျွန်မရှေ့ ရောက်လာပါတယ်။

ကျွန်မတို့ တူနာငါးကင်သုပ်ကိုလည်း မြည်းစမ်းကြည့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမဲ့ နေ့လယ် ၂ နာရီလောက်မှ ရောက်တာမို့ ငါးကင်သုပ်က မရတော့ပါဘူး။

ကျွန်မတို့ နည်းနည်းတော့ စိတ်ပျက်သွားပေမယ့် ဒါက အစားအစာတွေရဲ့ လတ်ဆတ်မှုကို
အနည်းဆုံး သက်သေပြတာပဲလို့ ကိုယ့်စိတ်ကို ဖြေသိမ့်လိုက်ကြပါတယ်။

၀က်နံရိုးကင်ပွဲ ကတော့ မှာချင်တာမရတော့လို့ စိတ်ပျက်သွားမိတဲ့ ကျွန်မတို့ကို စိတ်ကျေနပ်မှု
ရစေခဲ့ပါတယ်။

အရသာခပ်စူးစူး အိမ်လုပ်ဆော့စ် ဆမ်းထားတဲ့ နံရိုးကင်တွေက အသားများပြီး အဆီနည်းသလို
ခပ်ဆိမ့်ဆိမ့်အာလူးသုပ်နဲ့ အရွက်သုပ်အပုံတွေကိုလည်း ပန်းကန်ပြားမှာ ဖြည့်စွက်ထည့်ပေးထား
ပါတယ်။

အချိုပွဲအနေနဲ့ ကိတ်နဲ့ pastry တွေကလည်း အလားတူ အရသာရှိမယ့်ပုံပေါ်ပါတယ်။

မုန်လာဥနီကိတ်နဲ့ မြေပဲ၊ ချောကလက်တွေနဲ့ လုပ်ထားတဲ့ brownie ကိတ်ကနေ မလိုင်၊ ကြက်ဥ
အကာတွေနဲ့ လုပ်ထားတဲ့ mousse နဲ့ အမွှေးအကြိုင်၊ ထောပတ်၊ သကြားတွေနဲ့ လုပ်ထားတဲ့
သစ်သီးအချိုပွဲမုန့် crumble တွေအထိ ရွေးစရာတွေက အများကြီးပါ။

ကော်ဖီကောင်တာလည်း ရှိသလို ၀ိုင်နဲ့ ဘီယာတွေကိုလည်း ရွေးချယ်နိုင်ပါ သေးတယ်။

ကျွန်မတို့ မြင်ခဲ့ရတာကတော့ ဒီဆိုင်လေးဟာ စားပွဲထိုး ၀န်ထမ်းလေးကို မီးဖိုခန်းနဲ့
စားသောက်ခန်းကြား အကြိမ်ကြိမ်သွားလာစေတဲ့ ချင်းမိုင်ရောက် နိုင်ငံခြားသားတွေကြား
ရေပန်းစားနေတဲ့ နေရာလေးပါ။

ဒါပေမဲ့ ၀န်ဆောင်မှုနဲ့ ပတ်သက်ပြီး အစားအသောက်တွေ ခပ်မြန်မြန်ရောက်လာဖို့တော့
မမျှော်လင့်လိုက်ပါနဲ့။

ဒါကတော့ အစားအစာတစ်ပွဲချင်းစီကို အသေအချာ စီစဉ်ပေးနေတာကတော့ သေချာပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။

 
[