၀ါတွင်းကာလ သက်သတ်လွတ်စားသူတွေအတွက် အီတာလျံစတိုင် ဟင်းသီးဟင်းရွက်ဟင်းလေး
တွေကို စီစဉ်ပြီး ချက်ထားပါတယ်။
ခရမ်းသီးကြော်ချက်ကတော့ ဖြိုးတို့ မိသားစုရဲ့ အကြိုက်ပေါ့။ မိသားစုတွေ၊ မိတ်ဆွေတွေ
ဆုံပြီဆိုရင် ချက်လေ့ရှိပါတယ်။ ချက်တိုင်းလည်း ကုန်တာပါပဲ။
သူ့ကို ချက်ရတာလည်း လွယ်ပါတယ်။ ခရမ်းသီးကြော်ချိန်လေးပဲ နည်းနည်းကြာတာပါ။
သူ့ကိုကြော်ထားပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားရင် နေ့လယ်စာထမင်းဘူးထည့်လည်း
ဖြစ်ပါတယ်။
ပန်းဂေါ်ဖီကတော့ တစ်ခါတလေ ၀ုိင်အဖြူလေး ထည့်ချက်လေ့ရှိပါတယ်။
သက်သတ်လွတ်သမားတွေကတော့ ရှောင်ပေါ့နော်။
ပန်းဂေါ်ဖီကို ကြွပ်ကြွပ်လေးကြော်ရင် နူးပြီးအိုးကပ်တဲ့ နေရာလေးက ပိုချိုပါတယ်။
အီတာလျံစတိုင် ခရမ်းသီးကြော်ချက်
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
- ခရမ်းသီး ၃ လုံး
- ခရမ်းချဉ်သီးမှည့်မှည့် ၈ လုံး
- အီတာလျံ basil အရွက်ခြောက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ ၄ မြွှာ
- သံလွင်ဆီ ၁/၃ခွက်
ပြင်ဆင်ပုံ
ခရမ်းသီးများကို ရေဆေး ထိပ်ဖြတ်ပြီး ငါးစင်တီမီတာ အရှည်အပိုင်းများဖြတ်ပြီး လေးစိတ် စိတ်ပါ။
ပြီးတဲ့အခါ ခရမ်းသီးများ မည်းမသွားအောင် ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ဖြူးကာ နှံ့အောင်
နယ်ပြီး သပ်သပ်ဖယ်ထားပါ။
ခရမ်းချဉ်သီးများကို ရေဆေး၊ ထိပ်ပိုင်းကို ဓားဦးချွန်နဲ့ ကြက်ခြေခတ်ပုံ မွှန်းပြီး အိုးထဲမှာထည့်၊
ရေကို ခရမ်းချဉ်သီးတွေ မြုပ်အောင်ထည့်ပြီး မီးမပြင်းတပြင်းနဲ့ ပြုတ်ပါ။
ခရမ်းချဉ်သီးအခွံများ ကွဲပြီး လိပ်လာပြီဆိုရင် ခရမ်းချဉ်သီးများကို ဆယ်ကာ ရေအေးနဲ့ စိမ်ထားပါ။
နောက် အခွံများကိုခွာပြီး ခပ်ကြမ်းကြမ်းလေး စဉ်းပါ။
ကြက်သွန်ဖြူကိုတော့ ခပ်ညက်ညပ်လေး ထောင်းထားပါ (သို့) ညှစ်ထားပါ။
ဒယ်အိုးထဲမှာ ဆီကို ၃ ပုံ ၂ ပုံလောက် ထည့်ပြီး မီးပြင်းပြင်းလေးနဲ့ ဆီပူအောင် တည်ပါ။
ဆီပူရင် ခရမ်းသီးများကိုထည့်ကာ နူးအိလာတဲ့ အထိကြော်ပါ။
ခရမ်းသီးများကို အိုးနဲ့ဆံ့သလောက်သာ ထည့်ပြီး ကြော်ပါ။
လိုအပ်ရင် ဆီထပ်ထည့်ပါ။ တစ်ဒယ်ပြီးတစ်ဒယ် ကြော်ပြီး ခရမ်းသီးကြော်များကို ပန်းကန်
တစ်ခုထဲမှာ ဆီစစ်ထားပါ။
တစ်ဒယ်တည်းနဲ့ ကြော်နိုင်ရင်လည်း ကောင်းပါတယ်။
နောက်တစ်ဆင့်မှာ ကျန်တဲ့ဆီကိုထည့်ကာ မီးနည်းနည်းလျှော့ပြီး အီတာလျံ basil
အရွက်ခြောက်မှုန့်ကို ထည့်ကာ မိနစ်ဝက်လောက် ဆီသတ်ပါ။
နောက် ခရမ်းချဉ်သီးများကို ကြော်ပါ။
ခရမ်းချဉ်သီးတွေ နည်းနည်းနွမ်းပြီး ညိုးလာပြီ (သို့) ၃ - ၄ မိနစ်လောက် ကြော်ပြီးပြီဆိုရင်
ကြက်သွန်ဖြူများကို ထည့်ကာ အနံ့ထွက်လာတဲ့အထိ ဆက်ကြော်ပါ။
မီးကိုပြန်တင် ရင်း ခရမ်းသီးကြော်များကို ထည့်ကာ အရသာအတွက် ဆားကိုထည့်ရင်း
အသီးအနှံများကို သမအောင် မွှေပေးပါ။
အားလုံးနှံ့ သွားပြီဆိုရင် နှစ်မိနစ်လောက် ဆက်ကြော်ပြီး အိုးကိုချနိုင်ပါပြီ။
ထမင်းအဖြူ (သို့) ပါစတာနဲ့ စားလို့ရပါတယ်။

အီတာလျံစတိုင် ပန်းဂေါ်ဖီကြွပ်ကြွပ်ကြော်
ပါ၀င်ပစ္စည်း
(၄ ယောက်စာ)
- ပန်းဂေါ်ဖီ ၄၀၀ - ၅၀၀ ဂရမ်
- စမုံစပါးစေ့ လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
- အီတာလျံ basil အရွက်ခြောက်မှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
- Thymes အရွက်ခြောက်မှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
- ငရုတ်သီးအကျက်မှုန့် လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
- သံလွင်ဆီ ၁/၄ ခွက်
ပြင်ဆင်ပုံ
ပန်းဂေါ်ဖီများကို အပိုင်းပိုင်းဖြတ်ပြီး ရေဆေးပါ။
နောက် အပွင့်လေးများကို ခပ်နုတ်နုတ်လေးလှီးပါ။
အရိုးများကိုလည်း ပါးပါးလေးလှီးပါ။
ဒယ်အိုးထဲမှာ သံလွင်ဆီထည့်ပြီး ပန်းဂေါ်ဖီများကို ထည့်ကာ အသုတ်လိုက် ကြော်ပါ။
အဖုံးဖုံးထားပါ။ ပန်းဂေါ်ဖီများ ကြွပ်ကာနီးအထိ ကြော်ပါ။
ပန်းဂေါ်ဖီများ ကြွပ်လာပြီဆိုရင် ပန်းကန်တစ်ခုတည်းမှာ ဆယ်ထည့်ပြီး ဖယ်ထားပါ။
လေးမိနစ်ဆို ရပါပြီ။
အိုးကြီးကြီးနဲ့ တစ်ခါတည်း ကြော်လည်း ရပါတယ်။
အားလုံးကြော်ပြီးပြီဆိုရင် ဒယ်အိုးထဲမှာ သံလွင်ဆီကို စားပွဲဇွန်းတစ်ဇွန်းစာသာ ထားပြီး
ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ကြော်ပါ။
ပြီးရင် ပန်းဂေါ်ဖီများကို ထည့်ပြီး ပြန်ကြော်ပါ။
နှစ်မိနစ်လောက် ကြော်ပြီးရင် ရပါပြီ။
အကင်နဲ့စားစား၊ ထမင်းနဲ့စားစား တွဲစားလို့ကောင်းပါတယ်။
