အရသာရှိတဲ့ စားစရာ သောက်စရာတွေကြောင့် ပိုမှာမိစေတဲ့ Gekko

Gekko ၀န်ထမ်းတစ်ဦး။ ဇာနည်/မြန်မာတိုင်း(မ်)
Gekko ၀န်ထမ်းတစ်ဦး။ ဇာနည်/မြန်မာတိုင်း(မ်)

အရသာရှိတဲ့ စားစရာ သောက်စရာတွေကြောင့် ပိုမှာမိစေတဲ့ Gekko

မီနူးစာရင်းမှာ "shaved octopus" (ပြောင်ချောနေအောင်လုပ်ထားတဲ့ ရေဘဝဲ) လို့
ဖော်ပြထားတာကို မြင်တဲ့အခါ ကျွန်မတို့တွေ ရယ်မိကြပါတယ်။

Gekko စားသောက်ဆိုင်က မီနူးမှာ ဖော်ပြထားတဲ့ ဟင်းပွဲအမည်တွေက ခန့်မှန်းရခက်တာကြောင့်
ဒီဟင်းပွဲက ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်မတို့ မသိနိုင်ခဲ့ပါဘူး။

ရေဘဝဲကောင်ကတော့ ကျွန်မတို့ လျှာအရသာတွေ့ဖို့အတွက် သူ့မှာရှိတဲ့ အရာတချို့တွေကို
စွန့်လွှတ်ရမှာတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လျှပ်စစ်မီးတွေနဲ့ အလှဆင်ထားတဲ့ ဘားရဲ့ အပေါ်ထပ်မှာ ယဉ်ကျေးပျူငှာတဲ့ ၀န်ထမ်းလေးတွေဟာ
သူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း ချစ်စဖွယ် ခေါင်းလေးညိတ်ပြပြီး ကျွန်မတို့ရဲ့ ပေါင်ပေါ်မှာ
လက်ကိုင်ပဝါလေးတွေ လာချပေးပါတယ်။

ကျွန်မတို့စိတ်ထဲမှာတော့ ရေဘဝဲခမျာ ထွန့်ထွန့်လူးပြီး ကျွန်မတို့ရှေ့ ရောက်လာလေမလားလို့
တွေးနေမိပါတယ်။

ကြည်လင်နေတဲ့ အသားတုံးလေးတွေနဲ့ ဆင်ယင်ထားတဲ့ မျက်စိပသာဒဖြစ်စရာ ဟင်းပွဲ
ရောက်လာတဲ့အခါမှာတော့ ကျွန်မတို့ ထင်ထားတာထက် အခြေအနေ ပိုကောင်းနေတာကို
တွေ့လိုက်ရပါတယ်။

ဒီဟင်းပွဲက တစ်ပွဲကို ကန် ခုနစ်ဒေါ်လာ ပေးရပါတယ်။

သေသေချာချာ ပြင်ဆင်မထားတဲ့ ရေဘဝဲဟင်းပွဲဆိုရင် စားသုံးသူက သူ့ကို ၀ါးနေတဲ့ အချိန်မှာ
ပြန်ပြီးတိုက်ခိုက်ကောင်း တိုက်ခိုက်မှာပါ။

အခုတော့ အရသာမြိုးမြိုးမြက်မြက်ရှိတဲ့ ပင်လယ်စာဆော့စ်နဲ့အတူ လာချပေးထားတဲ့
ဒီဟင်းပွဲကတော့ ဒီညနေခင်းမှာ ကျွန်မတို့ အကြိုက်ဆုံးအရာတွေထဲက တစ်ခုပါ။

Gekko စားသောက်ဆိုင်က ခေါက်ဆွဲ၊ ဘားနဲ့ ဘာဘီကျူးဆိုင်လို့ သူ့ကိုယ်သူ
သတ်မှတ်ထားပေမယ့် ခေါက်ဆွဲတွေကို သိပ်အသားမပေးဘဲ ဂျပန်စာအကင်တွေကို ပိုပြီး
အသားပေးရောင်းချပေးနေတာ တွေ့ရပါတယ်။

ကြက်၊ ၀က်၊ ပင်လယ်စာနဲ့ အသီးအရွက်အကင်တွေ ရပါတယ်။

ကျွန်မရဲ့ အပေါင်းအသင်းတွေကတော့ ဒီဆိုင်ဟာ ဘားတစ်ခု ဆိုတာထက် မိသားစုလိုက်
လာစားသင့်တဲ့ နေရာတစ်ခုလို ခံစားရတယ်လို့ ပြောပါတယ်။

ကြက်သွန်ဖြူနဲ့ ငရုတ်သီးနယ်ထားတဲ့ ပြည်ကြီးငါးကို သံပရာသီးစိတ်လေးတွေနဲ့ ကင်ထားတဲ့
အကင် (တစ်ခုကို ခုနစ်ဒေါ်လာ) ကတော့ ၀ါးလို့လွယ်ကူလောက်အောင် နူးတဲ့အထိ
ကင်ပေးထားပါတယ်။

ဟီချီဘာချီဆာမွန်နဲ့ အီတာလျံထမင်းပွဲ (rissoto) (တစ်ပွဲ ၁၂ ဒေါ်လာ)က အလယ်အလတ်ပွဲလို့
မီနူးမှာ ဖော်ပြထားပါတယ်။

ငါးကလည်း ထိုက်သင့်တဲ့ အချိုးအစားပါပြီး အရသာလည်း ကောင်းပါတယ်။

ဒါပေမဲ့ rissoto တစ်ပွဲစာက နည်းနည်းလေးပဲ ပါတာမို့ ဒီအချက်ကတော့ ဒီညနေခင်းမှာ
ကြံုခဲ့ရတဲ့ တစ်ခုတည်းသော မကျေနပ်ချက်ဖြစ်စရာလေးပါ။

အများကြီးပါတဲ့ ဟင်းပွဲမျိုးကို ရှာနေတယ် ဆိုရင်တော့ bibimbap ဆိုတဲ့ ကိုရီးယားထမင်းသုပ်ကို
မှာစားသင့်ပါတယ်။

သူကတော့ ထမင်း၊ အသားနဲ့ ကြက်ဥအားလုံးကို ဇလုံ တစ်ခုထဲမှာ ရောနယ်ပေးထားတာပါ။

တစ်ပွဲကို ၁၀ ဒေါ်လာ ပေးရပြီး ဒီဆိုင်က မီနူးမှာ တွေ့ရတဲ့ အတန်ဆုံးဟင်းပွဲလို့ ပြောရမှာပါ။

အသောက်အစား ရှောင်တယ်ဆိုတဲ့ စကားလုံးကတော့ ဒီညနေခင်းမှာ မရှိဘူးလို့ ပြောရမှာပါ။

စင်ကာပူကော့တေးစပ်ဆရာ ဖန်တီးပေးထားတဲ့ ဂျပန်အရက်တွေ အများဆုံးပါတဲ့
သောက်စရာမီနူးက ရွေးစရာတွေ အများကြီးပါ၀င်ပြီး သောက်ချင်စရာတွေချည်းပါပဲ။

ခပ်ပြင်းပြင်း ကြိုက်သူတွေအတွက် ညွှန်းထားတာကတော့ ဂျပန်ဝီစကီ၊ ဟနမိ လက်ဖက်အချိုရည်၊
ဘီယာခါးတို့နဲ့ ရောစပ်ထားတဲ့ Hanami Old Fashioned (တစ်ခွက်ကို ခုနစ်ဒေါ်လာ) ပါ။

အနံ့အရသာကောင်းပြီး မွတ်ညက်တဲ့ ကော့တေးမျိုး သောက်ချင်တဲ့သူတွေကတော့ တစ်ခွက်ကို
ရှစ်ဒေါ်လာ သတ်မှတ်ထားတဲ့ Yellow Bird ကို ပိုကြိုက်ကြမယ်ထင်ပါတယ်။

သူ့ကိုတော့ shochu၊ umeshu၊ yuzu နဲ့ shiso၊ သံပရာရည်၊ အဂါဗီအချိုရည်နဲ့ အင်္ဂလန်လုပ်
ပိရမစ်ပုံ ဆားပွင့်လေးတွေနဲ့ စပ်ထားတာပါ။

စားသောက်ပြီးလို့ ကျသင့်ငွေတောင်းခံလွှာ ကျွန်မတို့ရှေ့ ရောက်လာတဲ့အခါမှာတော့ ကျွန်မတို့
လန့်သွားကြပါတယ်။

သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တော့လည်း ဟင်းပွဲတစ်ပွဲစီ၊ သောက်စရာတစ်မျိုးစီရဲ့
တစ်မယ်(တစ်မည်)ချင်း ဈေးနှုန်းက ဈေးမကြီးပါဘူး။

ကျွန်မတို့တွေ မှာစားကြတာ များသွားတာကြောင့်ပါ။

ပွဲသေးသေးလေးတွေက ဟင်းပွဲတွေကို အများကြီး မှာစားဖြစ်စေပြီး (ဆာနေကြတာကြောင့်လည်း
ဖြစ်မှာပါ) ကော့တေးတွေကလည်း ကောင်းတာကြောင့် ပိုပြီးမှာသောက်ဖြစ်သွားကြပါတယ်။

အသုံးစရိတ်ကို များသွားစေတာကလွဲရင် ကျန်တာ ဘာမှအပြစ်ပြောစရာမရှိတဲ့ ဆိုင်လေးပါပဲရှင်။ 

Gekko
အမှတ်(၅၃၅)၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်။
ဖုန်း  - ၀၁ ၃၈၆ ၉၈၆။

သီရိမင်းထွန်း ဘာသာပြန်သည်။

 
[