ဒီတစ်ပတ်မှာတော့ ရိုးရှင်းတဲ့ တရုတ်ဟင်းလျာ သက်သတ်လွတ် ချက်နည်းလေးတွေကို
ရေးပေးသွားပါမယ်။
ပဲငါးပိကို ပဲပြားကြော်လေးနဲ့ နှပ်ပါမယ်။ အငန်ကြောက်တဲ့သူတွေကတော့ ပဲငါးပိကို
လျှော့ထည့်ပေါ့။ ဒါမှမဟုတ် အာလူးလေး ရောထည့်လိုက်ရင် အနှစ်တွေထဲမှာ အငန်ဓာတ်လျော့
သွားပါလိမ့်မယ်။
နောက်ပြီး တရုတ်မှိုလို့ သိကြတဲ့ shitake မှိုခြောက်ကို အချိုချက်လေးချက်ပြီး နှပ်ပါမယ်။
ပဲငါးပိနဲ့ ပဲပြားကြော်
ပါ၀င်ပစ္စည်း
(၆ ယောက်စာ)
- ပဲပြား ၄ ခု
- ကြက်သွန်နီကြော် ၁ ခွက် (အသင့်ကြော်ပြီးသား ကြက်သွန်ကြော်ကို သုံးထားပါတယ်)
- ကြက်သွန်ဖြူ ၂ မြွှာ
- ပဲငါးပိစားပွဲဇွန်း ၂ ဇွန်း (lee kumkee brand - spicy black bean sauce ကို
သုံးပါတယ်) - ဟင်းသီးဟင်းရွက်ဆီ ၁/၂ ခွက်
ပြင်ဆင်ပုံ
ပဲပြားများကို ရေဆေးပြီး ရေစင်အောင် စစ်ထားပါ။
နောက် ရေစင်ရင် တစ်တုံးကို ငါးချပ်ရအောင် လှီးပါ။
ကြက်သွန်ဖြူများကို ညှစ်ထားပါ။
နောက်တစ်ဆင့်မှာ ဒယ်အိုးထဲတွင် ဆီထည့်ပြီး မီးပြင်းပြင်းနဲ့ ဆီပူအောင်တည်ကာ ဆီပူရင်
ပဲပြားများကို ကြော်ပါ။
တစ်မိနစ်နီးပါးလောက်ကြာရင် မီးကိုလျှော့ပေးပြီး ပဲပြားများကို ဆက်ကြော်ပါ။
မီးမပြင်းတပြင်းဖြင့်သာ ကြော်ပါ။
အထက်အောက် လှန်ပေးပါ။
ပဲပြားများ ရွှေဝါရောင်သမ်းလာပြီ ဆိုရင်တော့ ဆယ်ပြီး ပန်းကန်းပြားတစ်ချပ်ထဲမှာ ဆီစစ်ထားပါ။
အကြာကြီး မကြော်ပါနဲ့။ ပဲပြားများ ကြွပ်ပြီး ကျစ်သွားမှာ စိုးလို့ပါ။
နောက် အိုးထဲမှာ ဆီကို စားပွဲဇွန်း သုံးဇွန်းစာလောက်သာချန်ပြီး ကြက်သွန်နီများနဲ့ ပဲငါးပိကို
ထည့်ဆီသတ်ပါ။
တစ်မိနစ်လောက် ဆီသတ်ပြီးရင် ပဲပြားများကို ပြန်ထည့်ကာ ရေတစ်ခွက် ထည့်ပါ။
မီးကို အဆုံးထိလျှော့ပြီး မီးအေးအေးနဲ့ နာရီဝက်မျှ အဖုံးအုပ်ပြီး နှပ်ပါ။
အိုးမကပ်အောင် ဒယ်အိုးကို မွှေမွှေပေးပါ။
ကြက်သွန်ကြော်များ ပျော်ပြီး ဆီပြန်လေး ဖြစ်ပြီဆိုရင်တော့ အိုးကိုချပြီး ထမင်းဖြူလေးနဲ့
သုံးဆောင်လို့ရပါပြီ။

တရုတ်မှိုအချိုနှပ်
ပါ၀င်ပစ္စည်း
(၆ ယောက်စာ)
- တရုတ်မှိုခြောက် (shitake မှိုခြောက်) ၁၂ ခု
- ကြက်သွန်နီ ၂ ဥ
- သကြား (သို့) မုန့်ဖုတ်ရာမှာ သုံးတဲ့ သကြားအညို (brown sugar)
လက်ဖက်ရည်ဇွန်း ၁ ဇွန်း - ဟင်းသီးဟင်းရွက်ဆီ ၁/၄ခွက်
ပြင်ဆင်ပုံ
တရုတ်မှိုများကို ရေစင်အောင်ဆေးပြီး ပန်းကန်တစ်ခုထဲမှာ ရေနွေးပူပူ နှစ်ခွက်စာ
(၅၀၀ မီလီလီတာ)လောက်ထည့်ကာ စိမ်ပါ။
နူးလာတဲ့အထိ စောင့်ပါ။
ရေများကို သပ်သပ်ဖယ်ထားပါ။
ကြက်သွန်နီများကို နုပ်နုပ်လှီးပါ။
မှိုများ နူးပြီဆိုရင် ပါးပါးလှီးပါ။
ပြီးတဲ့အခါ ဒယ်အိုးထဲဆီထည့်ပြီး မီးမပြင်းတပြင်းနဲ့ ကြက်သွန်နီများကို တစ်မိနစ်လောက်
ဆီသတ်ပါ။
ကြက်သွန်နီများ အရောင်ကြည်လာပြီဆိုရင် မှိုများကိုထည့်ကာ တစ်မိနစ်လောက် ကြော်ပေးပါ။
နောက် သကြားထည့်ပြီး တစ်မိနစ် ဆက်ကြော်ပါ။
ပြီးရင် မှိုစိမ်ထားတဲ့ ရေတစ်ခွက်သာသာကို ထည့်ကာ ပွက်အောင်တည်ပါ။
ရေပွက်ပြီဆိုရင်တော့ မီးကိုလျှော့ကာ အဖုံးအုပ်ပြီး နာရီဝက်မျှနှပ်ပါ။
လိုအပ်ရင်မှိုစိမ်ထားတဲ့ရေကို လိုသလောက် ထပ်ထည့်ပါ။
ဆီပြန်ပြီဆိုရင်တော့ အပေါ့အငန်မြည်းပြီး လိုအပ်ရင် ဆားကိုထည့်ကာ အိုးချလို့ရပါပြီ။
