ရန်ကုန်မှာ ရိုးရာစားသောက်ဆိုင်တွေက အရင်လို ရှားရှားပါးပါး မဟုတ်တော့ပါဘူး။ ဒါပေမဲ့
အရသာကောင်းကောင်းရဖို့နဲ့ တကယ့်ကို ရိုးရာအစားအစာ လက်ရာရဖို့ကတော့ တော်တော်လေး
ရွေးချယ်ရပါတယ်။
ရန်ကုန်မြို့လယ်ကောင်နဲ့ သိပ်မဝေးဘဲ ယဉ်ကြောမပိတ်ရင် မိနစ် ၃၀ အတွင်းရောက် နိုင်တဲ့
စမ်းချောင်းမြို့နယ်ထဲက 'ဂျိမ်းဖောမြေ' ဆိုတဲ့ကချင်ရိုးရာ စားသောက်ဆိုင်လေးကိုတော့
ခရီးသွားဝက်ဘ်ဆိုက်တွေမှာ နိုင်ငံခြားသားတွေ တော်တော်လေးညွှန်းဆိုကြပါတယ်။
စာရေးသူအတွက် ပထမဆုံးအကြိမ်သွားတာဖြစ်ပေမယ့် ကျွန်းတောလမ်းမပေါ်မှာ တည်ရှိပြီး
ကျွန်းတောလမ်းနဲ့ ဗားကရာလမ်း ထောင့်ဆုံရာမှာရှိတဲ့ ဆိုင်ကလေးကို လွယ်လွယ်ကူကူပဲ
ရှာလို့တွေ့ပါတယ်။
ဆိုင်အတွင်းမှာ ကချင်ရိုးရာထည်များကို ခန်းဆီးလိုက်ကာ အနေနဲ့ရော စားပွဲခင်း၊ တစ်ရှူးဘောက်
များအထိ အလှဆင်ထားပါတယ်။
လေအေးပေးစက် တပ်ဆင်ထားပေမယ့် အင်တာနက် ၀ိုင်ဖိုင် သုံးလို့မရပါဘူး။
တိုက်ခန်းမြေညီထပ်မှာ ဆိုင်ဖွင့်လှစ်ထားတာဖြစ်ပြီး သိပ်ပြီး မကျယ်ဝန်းပေမယ့်
အေးဆေးသက်သာမှုကိုတော့ ခံစားရပါတယ်။
ဖော်ရွေမှုကတော့ အမှတ်အပြည့်ပေးလို့ ရတယ်လို့တောင် ပြောရမှာပါ။
စားပွဲထိုးလေးတွေက ဟင်းပွဲတွေ ဘယ်လိုတွဲဖက်စားရမယ်ဆိုတာကို သေသေချာချာ အကြံပေး
ရှင်းပြပေးပါတယ်။
ပထမဆုံးအနေနဲ့ မှာလိုက်တာကတော့ ရှပ်ဂျန် လို့ခေါ်တဲ့ ကချင်ရိုးရာထမင်း (ကျပ် ၂,၀၀၀) ပါ။
ဆီအနည်းငယ်ပါ၀င်ပြီး နှမ်းအနည်းငယ်၊ ကြက်သားဖတ်လေးတွေ၊ ပဲသီးစိမ်းလေးတွေနဲ့
ရောနယ်ထားတဲ့ ထမင်းက စီးစီးပိုင်ပိုင်နဲ့ ချိုတဲ့အရသာရှိပါတယ်။
ထမင်းနဲ့ တွဲစားဖို့ နောက်ဟင်းပွဲတစ်မျိုး မှာလိုက်တာကတော့ ဖီတန်သုပ် (ကျပ် ၂,၅၀၀)ပါ။
ဆေးဘဲဥကို သုပ်ထားတာဖြစ်ပြီး အရသာကတော့ တခြားဆိုင်တွေမှာလည်း ရနိုင်တဲ့
အရသာမျိုးပါပဲ။
နောက်တစ်မျိုးကတော့ ကချင်ရိုးရာငါးပေါင်း (ကျပ် ၂,၅၀၀) ပါ။ ငါးကို တုံးထားပြီး တစ်တုံးကို
တစ်ပွဲနှုန်းနဲ့ ပွဲထွက်ပါတယ်။ ဖက်နဲ့ ထုပ်ထားတဲ့အထဲက ငါးပေါင်းက မွှေးနေသလို အရသာလည်း
ရှိပါတယ်။
ငရုတ်သီးအနံ့ ရပေမယ့် စပ်တဲ့အရသာတော့ မခံစားရပါဘူး။ အမွှေးအကြိုင်အတွက် တခြား
အရွက်တွေလည်း ထည့်ထားပုံရပါတယ်။
ဆန်းဆန်းပြားပြား စားချင်ရင်တော့ ဆီပါ ဆိုတဲ့ဟင်း (ကျပ် ၂,၅၀၀)က နာမည်နဲ့တင် ဆွဲဆောင်မှု
ရှိနေပါပြီ။
အသီးအရွက်တော်တော်များများကို ရောပြီးကြော်ထားတာပါ။ နာမည်က ဆီပါ ဆိုပေမယ့်
ဆီလုံးဝ မပါပါဘူး။ ငရုတ်သီးစိမ်း အနည်းငယ်ထည့်ထားပေမယ့် အရမ်းမစပ်ဘဲ စားကောင်းရုံမို့
အဆင်ပြေပါတယ်။
ဘူးညွန့်၊ ဖရုံညွန့်၊ ရွှေဖရုံသီး၊ ရုံပတီသီး၊ မှိုခြောက်တို့ ပါ၀င်ပြီး စိမ်းစိမ်းလေးဖြစ်နေတဲ့အတွက်
စားကောင်းပါတယ်။
နိုင်ငံခြားသားတွေတော်တော်များများ လာတာလည်း တွေ့ရပါတယ်။
ဒီဆိုင်ရဲ့ အဓိကဟင်းလျာလို့တောင် ပြောလို့ရတဲ့ ကြက်ကချင်ချက် (ကျပ် ၃,၈၀၀) ကိုလည်း
မြည်းစမ်းခဲ့ပါတယ်။
ဆီမပါဘဲ ခပ်ခြောက်ခြောက်လေး ချက်ထားတာဖြစ်ပါတယ်။
ထည့်ထားတဲ့ ဟင်းခတ်အရွက်တွေကြောင့် အနည်းငယ်ပူစပ်တဲ့ အရသာရှိပေမယ့် အနံ့ကတော့
တော်တော်လေးကို မွှေးပါတယ်။
မြန်မာကြက်နဲ့ ချက်ထားတာကြောင့် အရိုးများပေမယ့် ချိုတဲ့အရသာကိုလည်း ခံစားရပါတယ်။
ဒီဟင်းလျာနဲ့ အလိုက်ဖက်ဆုံးကတော့ ကချင်ရိုးရာ ဆန်အရက်ပဲဖြစ်ပါတယ်။
ဆေးစိမ်ထားတဲ့ အရက်ဖြစ်လို့ အနံ့ကတော့ တော်တော်လေး ပြင်းပါတယ်။
ဒဏ်ကြေလိမ်းဆေးအနံ့နဲ့ ခပ်ဆင်ဆင်တူပါတယ်။ အနံ့ပြင်းပေမယ့် အရသာကတော့ မပြင်းပါဘူး။
ပူရှိန်းရှိန်း အရသာလောက်ပဲ ခံစားရပါတယ်။
စားပွဲထိုးလေးကတော့ ကချင်ဒေသက ထွက်တဲ့ ဆေးမြစ်တွေနဲ့ စိမ်ထားတာကြောင့် ကျန်းမာရေး
အတွက် အလွန်ကောင်းတယ်လို့ ဆိုပါတယ်။
တစ်ပက်လို့ခေါ်တဲ့ ခွက်အရွယ်အစား ခပ်သေးသေးတစ်ခွက်ကို ကျပ် ၁,၀၀၀ ပေးရပါတယ်။
နောက်တစ်ခုကတော့ အာလူးထောင်းကြော်ပါပဲ။
ဟင်းပွဲတွေတော်တော်များများ ဆီမပါပေမယ့် အာလူးထောင်းကြော် (ကျပ် ၂,၅၀၀) ကတော့
ဆီအနည်းငယ် ပါပါတယ်။
အပေါ်မှာ ကြက်သွန်ကြော်အနည်းငယ် ဖြူးထားပြီး ခပ်ချိုချိုအရသာနဲ့အတူ ညက်နေအောင်
ထောင်းထားတာကြောင့် စေးကပ်ကပ်အရသာကိုလည်း ခံစားရပါတယ်။
ကချင် ဆန်အရက်နဲ့ပဲဖြစ်ဖြစ် ရေနွေးကြမ်းနဲ့ပဲဖြစ်ဖြစ် တွဲဖက်စားလို့ကောင်းပါတယ်။
ဒီကချင်ဆိုင်လေးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ အစားအသောက်ကလည်း လက်ရာကောင်းတာမို့
မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ အေးအေးဆေးဆေး အချိန်ကုန်ချင်ရင်တော့ သွားဖို့သင့်တော်တဲ့
ဆိုင်တစ်ဆိုင်ပါပဲ။
