၀ါဆာဘီ ကြက်သားအိုးကပ်ကြော်

၀ါဆာဘီ ကြက်သားအိုးကပ်ကြော်

ပြီးခဲ့တဲ့လက ၀ါတွင်းကာလ သက်သတ်လွတ်စားကြတဲ့သူတွေအတွက် ဟင်းချက်နည်းတွေ
စဉ်းစားရတာ လွယ်အောင်ရယ်၊ အရသာအသစ်အဆန်းလေးတွေနဲ့ ခံတွင်းတွေ့အောင်
နိုင်ငံတကာက ဟင်းချက်နည်းလေးတွေကို မျှဝေပေးခဲ့ပါတယ်။

ဒီတစ်ပတ်တော့ ဂျပန်အစားအစာတွေမှာ သုံးလေ့ရှိတဲ့ ၀ါဆာဘီကိုသုံးပြီး
ကြက်သားအိုးကပ်ကြော်လေး ချက်ပါမယ်။

ပြီးတော့ ဆလပ်ရွက်တွေကို ဂျပန်စတိုင် dressing နဲ့ သုပ်ပါမယ်။

၀ါဆာဘီကိုတော့ ဆူရှီတို့၊ ဆရှိမိတို့နဲ့ တွဲစားလေ့ရှိတာကို သိပြီးသားဖြစ်မှာပါ။

သူက အများကြီးစားရင်တော့ အတော်လေးကိုပူရှိန်းပြီး ပွင့်ထွက်သွားနိုင်လောက်အောင်ကို
အရသာရော၊ အခိုး၊ အနံ့ပါ ပြင်းပါတယ်။

ဖြိုးကတော့ ၀ါဆာဘီကို ပဲငံပြာရည်အချိုဆိမ့်လေးထဲမှာ ထည့်မွှေပြီး စားရတာကို ကြိုက်ပါတယ်။

ဒါပေမဲ့ များသွားရင်တော့ တစ်ခါတည်းကို ထူပူသွားတာပါပဲ။

ဟိုတစ်လောက အစားအသောက်ပြပွဲတစ်ခုမှာ ၀ါဆာဘီကောင်းကောင်းလေး ရခဲ့လို့
အခုချက်မယ့် ဟင်းကို လက်တည့်စမ်းချင်နေတာ ကြာပါပြီ။

အခုမှ အကောင်အထည်ဖော်ဖြစ်သွားတာပါ။

ပါ၀င်ပစ္စည်း
(၄ ယောက်စာ)

  • ကြက်ရင်ပုံံသား ၄ ခု (အနေတော်)
  • ဂျပန်ပဲငံပြာရည် (Kikkoman soy sauce) စားပွဲဇွန်း ၂ ဇွန်း
  • ၀ါဆာဘီအနှစ် (အရည်အသွေးကောင်းကောင်း) လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
  • ပန်ကို မုန့်ကြွပ်မှုန့် ၁ ခွက်
  • နှမ်းလှော်ဆီ စားပွဲဇွန်း ၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ ၁/၃ ခွက်

ပြင်ဆင်ပုံ

ကြက်သားတွေကို ရေဆေးပြီးရင် ရေစင်အောင်စစ်ပါ။

နောက်ပြီး မီးဖိုချောင်သုံး တစ်ရှူးစက္ကူနဲ့ ခြောက်သွေ့အောင် အသာလေးစုပ်ယူပါ။

အိုးကပ်ကြော်မှာမို့ ကြက်သားထဲကရေမထွက်ဖို့ အရေးကြီးပါတယ်။

ပဲငံပြာရည်နဲ့ ၀ါဆာဘီကိုရောပြီး သမအောင်ဖျော်ပါ။

ပြီးတဲ့အခါ ကြက်အဆီတွေကို ဖြတ်ထုတ်ပြီး ဖန်ပန်ကန်ပြားတစ်ခုထဲမှာ ကြက်သားတွေနဲ့အတူ
ရောထည့်ပြီး နှံ့အောင်ပွတ်လိမ်းပေးပါ။

ပြီးရင် ရေခဲသေတ္တာထဲမှာထည့်ပြီး အနည်းဆုံး တစ်နာရီလောက် နှပ်ထားပါ။

မတူးနိုင်တဲ့ ဒယ်ပြားထဲမှာ ဆီကိုပန်းကန်လေးတစ်လုံးထဲ ရောထည့်ပြီး သမအောင် မွှေပါ။

နောက် တစ်ဝက်ကို အိုးထဲထည့်ပြီး ဆီပူအောင်တည်ပါ။

ပန်းကန်ပြားတစ်ချပ်ထဲမှာ မုန့်ကြွပ်တွေထည့်ပြီး ဖြန့်ထားပါ။

ကြက်သားတွေကို ရေခဲသေတ္တာထဲက ထုတ်ပြီး မုန့်ကြွပ်တွေနဲ့ လူးပါ။

ဆီပူရင် ကြက်သားတွေကို ထည့်ကြော်ပါ။

မီးကိုပြန်လျှော့ကာ မပြင်းတပြင်းနဲ့ ကြော်ပါ။

တစ်ဖက်ကို သုံးမိနစ်လောက် ထားပြီးမှ နောက်တစ်ဖက်ကို လှန်ပါ။

နောက် ကြက်သားတွေ ကျက်တဲ့အထိ ကြော်ပါ။
(သုံးမိနစ်နဲ့ လေးဖက် ၁၂ မိနစ် သာသာလောက်ဆို ရပါပြီ။)

ဆီကို လိုအပ်ရင် ထပ်ထည့်ပါ။

ပြီးရင်တော့ မီးဖိုချောင်သုံးတစ်ရှူးစက္ကူပေါ်မှာ ငါးမိနစ်သာသာလောက် ဆီစစ်ပြီး
စားသုံးနိုင်ပါတယ်။

သူ့ကိုတော့ mayonnaise နဲ့တွဲဖက်ပြီး စားနိုင်ပါတယ်။ နောက် salad နဲ့ပေါ့။


ဂျပန်စတိုင် salad dressing
ပါ၀င်ပစ္စည်း
(၄ ယောက်စာ)

  • ဂျပန်ပဲငံပြာရည် (Kikkoman soy sauce) စားပွဲဇွန်း ၂ ဇွန်း
  • Mirin စားပွဲဇွန်း ၂ ဇွန်း
  • ဂျပန်ဆန် vinegar စားပွဲဇွန်း ၁ ဇွန်းခွဲ
  • နှမ်းလှော်ဆီ စားပွဲဇွန်း ၁/၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (ညက်ညက်ထောင်းလျက်)
  • ချင်း (ခြစ်ပြီးသား) လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

ပြင်ဆင်ပုံ

အားလုံးကို ပုလင်းတစ်ခုထဲမှာ ရောကာ သမအောင်လှုပ်ပြီး မွှေပါ။

နောက် သူ့ကို ကြိုက်ရာ ဟင်းသီးဟင်းရွက်တွေ၊ ဆလပ်ရွက်တွေနဲ့ စားသုံးနိုင်ပါတယ်။

 
[