ဂျပန်စတိုင် ဟင်းလျာများ

ဂျပန်စတိုင် ဟင်းလျာများ

ဂျပန်ဆန်ဆန် ဟင်းလေးတွေ စဉ်းစားရင်းက ကြာစွယ်တွေကို အားလူးကြော်လို ကြော်စားတဲ့
ဟင်းချက်နည်းလေးကို သတိရသွားလို့ ကိုယ်တိုင်လည်း ကြော်စားရင်းနဲ့ ဒီတစ်ပတ်ကော်လံ
အတွက်လည်း ရေးစရာရသွားပါတယ်။

တရုတ်တန်းကို ဟိုတစ်နေ့က တစ်ပတ်ပတ်လိုက်တာ ကြာစွယ်တွေက လှမှလှပဲ။ နောက်ပြီး
ကြီးလည်းကြီးပေါ့။

ဒါနဲ့ပဲ ၀ယ်ခဲ့တယ်ဆိုပါတော့။ သူ့ကို အဆာပြေစားစား၊ တခြားအစာတွေနဲ့ပဲ တွဲစားစားပေါ့။

နောက်တစ်ခုကတော့ အီတလီစတိုင် omelette လို့ခေါ်တဲ့ ကြက်ဥကြော်ကို ဂျပန်ဟင်းချက်
ပစ္စည်းလေးတွေနဲ့ ချက်ထားပါတယ်။

တရုတ်မှိုကို အရသာအရင်သွင်းပြီး ကြော်ထားပါတယ်။

ပြီးမှ ကြက်ဥလေးနဲ့တွဲပြီး ကြော်ထားပါတယ်။

တရုတ်မှိုကိုတော့ သေးသေးလေး ကြော်ထားပါတယ်။

ဂျပန်ဟင်းခတ်ပစ္စည်းများနှင့် အီတာလျံစတိုင် ကြက်ဥကြော်
ပါ၀င်ပစ္စည်း
(၄ ယောက်စာ)

  • ကြက်ဥ ၄ လုံး
  • Shitake မှိုအသေး (တရုတ်မှို) ၅၀ ဂရမ်
  • ဂျပန်ပဲငံပြာရည် (Kikkoman soy sauce) လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • Mirin လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • နှမ်းလှော်ဆီ လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်းခွဲ

ပြင်ဆင်ပုံ

တရုတ်မှိုများကို ရေဆေးပြီး ရေစင်အောင် စစ်ထားပါ။

ကြက်ဥများကို ခေါက်ပါ။

ပဲငံပြာရည်နဲ့ mirin ကို တစ်ဝက်သာသာထည့်ပြီး ခေါက်ပါ။

ဆီများကို ပန်းကန်တစ်ခုထဲမှာ ရောစပ်ပါ။

နောက် မှိုများကို တဘက် (သို့) အဝတ်ခြောက်နဲ့ ရေများစင်အောင် စုပ်ယူပါ။

မတူးနိုင်တဲ့ ဒယ်အိုးထဲမှာ ရောထားတဲ့ဆီကို စားပွဲဇွန်းတစ်ဇွန်းစာခန့် ထည့်ကာ ဆီပူအောင်
တည်ပါ။

နောက် မှိုများကို ကြော်ပါ။

ကျန် ပဲငံပြာရည်နဲ့ mirin ကိုလည်း ထည့်ပြီးကြော်ပါ။ အဖုံးလေး အုပ်ထားပါ။

၂ - ၃ မိနစ်လောက်ကြာရင် မှိုများ နူးအိလာပါလိမ့်မယ်။

မှိုများ အဆင်သင့်ဖြစ်ပြီဆိုရင် ပန်းကန်တစ်ခုထဲသို့ ပြောင်းပါ။

ပြီးရင် အိုးထဲသို့ လက်ကျန်ဆီများကို ထည့်ပြီး ဆီပူအောင် ပြန်တည်ပါ။

ဆီပူရင် မှိုများကို အိုးအနှံ့ဖြူးပြီး ပြန်ထည့်ပါ။

ပြီးတဲ့အခါ ကြက်ဥကို နာနာလေးခေါက်ပြီး လောင်းထည့်ပါ။

မီးကို နည်းနည်းလေးလျှော့ပြီး ကြက်ဥကို အိုးအပြည့်နှံ့သွားအောင် အသာလေးမွှေ့ပါ။

နောက် အဖုံးအုပ်ပြီး ကြော်ပါ။

၂ - ၃ မိနစ်လောက်ကြာရင် ကြက်ဥကို ယောက်မလေးနဲ့ အသာလေးမကာ အောက်ခြေ
ကျက်မကျက်စစ်ပါ။

ကျက်ပြီဆိုရင် ကြက်ဥကို တစ်ဖက်ကို အသာလေးလှန်ပါ။ ပြီးရင် ဆက်ကြော်ပါ။

ကြက်ဥအထဲထိ ကျက်ပြီဆိုရင် အိုးကို ချလို့ရပါပြီ။

မုန်လာဥဖြူချဉ်ဖတ်နဲ့ တွဲစားနိုင်ပါတယ်။

ကင်ချီလေးနဲ့ဆိုလည်း လိုက်ပါတယ်။

ထမင်းဖြူလေး ပါရင်တော့ ပိုကောင်းတာပေါ့။


ကြာစွယ်ကြွပ်ကြော်
ပါ၀င်ပစ္စည်း
(၄ ယောက်စာ)

  • ကြာစွယ် ၆၅၀ - ရ၀၀ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ ၁/၂ ခွက်
  • ဆား အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ ၁/၃ ခွက်

ပြင်ဆင်ပုံ

ကြာစွယ်များကို ရေဆေးပြီးရင် ရေစင်အောင် စစ်ပါ။

နောက်ပြီး ထိပ်များကိုဖြတ်ကာ အခွံသင်ပြီး ပါးပါးလှီးပါ။ နောက် ဖြန့်ပြီးခင်းထားပါ။

ပြီးရင် ဆားလေးလက်နှစ်ဖြစ်လောက် ဖြူးပြီး နှပ်ထားပါ။

နောက် အိုးသေးလေးထဲမှာ ဆီကိုထည့်ကာ ဆီပူအောင် တည်ပါ။

အရမ်းကြီးလည်း မပူပါစေနဲ့။

ကြာစွယ်ချပ်လေးများကို တစ်ချပ်စီ အိုးထဲထည့်ပြီး ကြော်ပါ။

ဆီနည်းနည်းနဲ့ အကြွပ်ကြော်ချင်ရင် လက်ကိုင်နဲ့ ဟင်းချက်တဲ့အိုးမျိုးကို သုံးပြီးကြော်ရင်
ပိုကောင်းပါတယ်။

ကြာစွယ်များကို တူလေး တစ်ချောင်းနဲ့ မွှေပေးပါ။

နောက် ရွှေဝါရောင်သန်းစပြုရင် ဆယ်ပြီး မီးဖိုချောင်သုံး တစ်ရှူးစက္ကူပေါ်မှာ တင်ပြီး ဆီစစ်ထားပါ။

အကြွပ်ကြော်ဆိုပေမယ့် ဂျွမ်းဂျွမ်းမြည်တဲ့အထိတော့ မဟုတ်ပါဘူး။

အရသာက ချိုပြီ ၀ါးလို့ ကောင်းတဲ့ ကြွပ်ဆတ်ဆတ်လေး ကြော်ထားပါ။

 
[