သိမ်ဖြူတင်းနစ်ကွင်းရှေ့က အိန္ဒိယတောင်ပိုင်း မနက်စာနဲ့ သရေစာဆိုင်လေး

သိမ်ဖြူတင်းနစ်ကွင်းရှေ့က အိန္ဒိယတောင်ပိုင်း မနက်စာနဲ့ သရေစာဆိုင်လေး

လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဒီဆိုင်လေးကောင်းကြောင်း သတင်းတွေကို ကြားရပြီးတဲ့
နောက် သိမ်ဖြူလမ်းက တင်းနစ်ကွင်းတွေရဲ့ လမ်းတစ်ဖက်ခြမ်းမှာ တည်ရှိတဲ့ အိန္ဒိယတောင်ပိုင်း
မနက်စာနဲ့ သရေစာဆိုင်လေး AV's ကို ကျွန်မ ရှာဖွေခဲ့ပါတယ်။

ဒီဆိုင်လေးက အစားအသောက်တွေဟာ မွမ်ဘိုင်းမြို့ လမ်းကြားလေးတွေထဲက သရေစာ
မုန့်ဆိုင်လေးတွေကို သွားအမှတ်ရစေနိုင်တဲ့ အရသာမျိုး ပေးစွမ်းနိုင်တယ်လို့ နိုင်ငံခြားသားတစ်ဦး
အခိုင်အမာ ဆိုလိုက်တဲ့ စကားကလည်း စိတ်ပျက်မသွားစေပါဘူး။

ပြည်တွင်းက အိန္ဒိယလူမျိုးတွေရော၊ ပြည်ပက ရောက်ရှိလာတဲ့ အိန္ဒိယလူမျိုးနိုင်ငံခြားသားတွေရဲ့
အကြိုက်တွေသာ ပါ၀င်တဲ့ အစားအသောက်စာရင်းဟာ tikia chola နဲ့ dahi puchka လိုမျိုး
အိန္ဒိယအစားအစာတွေကို ချက်ချင်းမသိနိုင်တဲ့ သူတွေအတွက် ဘာမှာလို့မှာရမှန်း မသိသလို
ဖြစ်စေပါတယ်။

အစားအသောက်စာရင်းကို ဘာသာပြန်ထားတာမျိုး ဒါမှမဟုတ် ပုံတွေနဲ့ တွဲပြထားတာမျိုးလည်း
မရှိပါဘူး။ ဆိုင်ဝန်ထမ်းကလည်း ဖော်ရွေမှုရှိပေမယ့် အင်္ဂလိပ်လို သိပ်ပြီးရှင်းပြမပေးနိုင်ပါဘူး။

ဒါပေမဲ့ ဒါဟာလည်း တစ်မျိုးတော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အစားအသောက်တွေ
အားလုံးက အရသာရှိလို့ပါပဲ။ ဈေးလည်းမကြီး၊ သင်ကြိုက်နိုင်မယ့် ဟင်းပွဲအသေးလေးတွေ
လေး၊ငါးမျိုးကို အရင်စမ်းပြီး မှာစားကြည့်လိုက်ပါ။

ကျွန်မ သိသလောက် ပြောရမယ်ဆိုရင်တော့ ဒီဆိုင်မှာ ရရှိနိုင်တဲ့ အစားအသောက်တွေကတော့
အဓိကအားဖြင့် သုံးမျိုးရှိပါတယ်။

စမူဆာလိုမျိုး မုန့်အကြွပ်ကြော်တွေ၊ မန်ကျည်းသီး နှစ်အချဉ်နဲ့ ဒိန်ချဉ်တို့ကို အချိုးအစားတကျနဲ့
အပေါ်က ဆမ်းထားတဲ့ အာလူးနဲ့ ပဲဟင်းပွဲ အသေးလေးတွေနဲ့ ထမင်းဟင်းလိုစားရပြီး
ဟင်းပွဲအနည်းငယ်ပိုများတဲ့ idly sambar (ကျပ် ၁,၀၀၀)နဲ့ တိုရှည်တို့ ဖြစ်ပါတယ်။

တိုရှည်ရဲ့ အရသာတစ်ခုတည်းကပဲ AV's ဆိုင်ရဲ့ အစားသောက်တွေ ဘယ်လောက်ကောင်း
ကြောင်း ညွှန်းဆိုမှုတွေကို ခိုင်မာသွားစေတာက တိုရှည်ကို အလွတ်၊ ဒါမှမဟုတ် မဆလာ
အာလူးနဲ့ ဒိန်ခဲအပျော့၊ ချိစ် ဒါမှမဟုတ် ကြက်သွန်နီ အစာသွတ် (ကျပ် ၂,၂၀၀)တို့နဲ့
ရရှိနိုင်တာပါပဲ။

တိုရှည်ကို ရန်ကုန်မြို့ထဲက တခြားအိန္ဒိယ စားသောက်ဆိုင်တွေမှာလည်း ရနိုင်တယ်ဆိုပေမယ့်
ဒီဆိုင်က တိုရှည်အရသာကတော့ တော်တော်လေး ပေါ့ပြီး အဆီမပါတာကို တွေ့ရပါတယ်။

တွဲဖက်စားရတဲ့ ဟင်းအနှစ်တွေနဲ့ အုန်းနို့တွေကလည်း ဒီအတိုင်းပါပဲ။

နောက်တစ်ခုကတော့ နာမည်ကျော် ပန်ချာပီ ဟင်းတစ်မျိုးဖြစ်တဲ့ chola bhatura အာလူးပူရီ
ဖြစ်ပါတယ်။

ပါးလွှာလွှာ ဂျုံပြားတွေကို ပူဖောင်းလိုဖောင်းပြီး ကြွပ်ရွနေအောင် ကြော်ထားပြီး ပဲကုလားဟင်း
အစပ်နဲ့ တွဲစားရတာပါ။

ဒီမုန့်တွေထဲမှာ ကျွန်မ အကြိုက်တွေ့မိတာကတော့ အာလူးအပြားလေးတွေ အပေါ်မှာ
စာကလေးခွေကြော်လေးတွေကို ဖြူးပြီး ဒိန်ချဉ်နဲ့ ဟင်းအနှစ်တွေ အုပ်ထားတာနဲ့ ပဲကုလားဟင်းတို့
ပါ၀င်တဲ့ tikia chola ဖြစ်ပါတယ်။

ဆမူဆာအပိုင်းတွေနဲ့ အာလူးကို နူးညံ့ပြီး ကြွပ်အောင်ကြော်ထားတဲ့ ဂျုံပြားထဲကိုထည့်ပြီး
အပေါ်က ဟင်းအနှစ်နဲ့ဒိန်ချဉ် အုပ်ထားတဲ့ dahi puchka (ကျပ် ၁,၀၀၀)ပါ၀င်တဲ့ samosa chaat
ကတော့ အရမ်းကို ရိုးစင်းပါတယ်။

အပြီးသတ်အနေနဲ့ ပြည်တွင်းက လက်ဖက်ရည်အရသာထက် အချိုပိုပေါ့ပြီး အနေတော်ရုံ အမွှေးနံ့
ပါ၀င်ပြီး အရမ်းမပျစ်လွန်းတဲ့ အိန္ဒိယမဆလာ လက်ဖက်ရည် (ကျပ် ၄၀၀) သောက်ပြီး စားပြီးသမျှ
အစာတွေကို မျှောချလိုက်ပါတယ်။

ဆိုင်ပတ်ဝန်းကျင် အနေအထားနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ပန်းရောင် နံရံတွေရှိပြီး
မီးချောင်းအလင်းရောင်အောက်မှာ လေးယောက်စာ စားပွဲတချို့သာ ရှိပါတယ်။

ပြီးတော့ ရောင်စုံအချိုမုန့်တွေ ပါ၀င်တဲ့ အိန္ဒိယအချိုပွဲ မုန့်တွေကို လှလှပပ ခင်းကျင်းထားတာ
ကိုလည်း တွေ့ရပါတယ်။

ဘူးလေးတွေနဲ့ ထုပ်ပိုးထားတဲ့ သရေစာမုန့် အခြောက်တွေကို မြည်းစမ်းကြည့်ချင်မိပါလိမ့်မယ်။

ကုလားပဲအကြွပ်ကြော် channa masala ဟာ စပ်ပေမယ့် ဘီယာနဲ့ တွဲဖက်စားမယ်ဆိုရင်
ကောင်းမွန်ပြီး စားပြီးရင်း ထပ်စားချင်နေပါလိမ့်မယ်။

ဇာဇာစိုး ဘာသာပြန်သည်။

 
[