ချင်းရိုးရာ စားသောက်ဆိုင် The Rih Lake

ဆာဗူသီးဟင်း။ ယုယု/မြန်မာတိုင်း(မ်)
ဆာဗူသီးဟင်း။ ယုယု/မြန်မာတိုင်း(မ်)

ချင်းရိုးရာ စားသောက်ဆိုင် The Rih Lake

ဆိုင်အဝင်ဝကို ဓနိမိုးလေးနဲ့ ဒီဇိုင်းဆင်ထားပြီး ဆိုင်ရဲ့ ဆိုင်းဘုတ် "The Rih Lake" ဆိုတာ
ကိုတော့ ထင်ထင်ရှားရှားလေး ရေးထားတာဖြစ်လို့ အဝေးကပင် လှမ်းမြင်လိုက်နိုင်ပါတယ်။

အထပ်မြင့် ကန်ထရိုက်တိုက် တစ်လုံးရဲ့ ပထမထပ်မှာ ချင်းရိုးရာအထည်နဲ့ မြေညီထပ်မှာတော့
ချင်းရိုးရာ အစားအသောက်တွေကို ရောင်းချပေးနေတဲ့ ဆိုင်လေးဖြစ်ပါတယ်။

ချင်းပြည်နယ်က နာမည်ကျော်ကြားတဲ့ ရိဒ်အသည်းပုံ ရေကန်ကို အစွဲပြုပြီးပေးထားတဲ့ 
"The Rih Lake" ဆိုင်လေးကို စမ်းချောင်း မြို့နယ်ထဲက ဓမ္မရုံလမ်းမှာ ဖွင့်လှစ်ထားတာ
ဖြစ်ပါတယ်။

စာရေးသူအတွက်ကတော့ ချင်း အစားအသောက်တွေကို ပထမဆုံးအကြိမ် မြည်းစမ်းကြည့်မှာ
ဖြစ်ပြီး ဘယ်လိုပုံစံဖြစ်မလဲ၊ အရသာ ဘယ်လိုရှိနေမယ်ဆိုတာကို တစ်ချိန်လုံး စဉ်းစားရင်း
ရင်ခုန်နေမိပါတယ်။

ဆိုင်ထဲဝင်လိုက်တာနဲ့ ရိုးစင်းတဲ့ ဆိုင်အပြင်အဆင်လေးကို မြင်ရမှာဖြစ်ပြီး စားပွဲခုံပေါင်း
ခြောက်လုံးခန့်ရှိတဲ့ ဆိုင်အတွင်းမှာ နေ့လယ်ထမင်းစားပြီးအချိန်ဖြစ်နေတာကြောင့် ထင်ပါတယ်။
ဧည့်သည်တစ်ယောက်မှ မရှိဘဲ ရှင်းလင်းနေတာမို့ အဆင်ပြေမယ့် ခုံတစ်လုံးကို ရွေးချယ်လိုက်ပါ
တော့တယ်။

၀န်ထမ်းအမျိုးသမီးလေးက မီနူးစာအုပ်ကို ယူလာပေးပြီး ဆိုင်မှာ ဘယ်ဟင်းပွဲတွေက
ထင်ရှားတယ်ဆိုတာကို ရှင်းပြနေပါတော့တယ်။

သိပ်မများလှတဲ့ မီနူးထဲက ချင်းလူမျိုးတွေ အစားဆုံးဖြစ်တဲ့ သူတို့ရဲ့ ရိုးရာအစားအစာ ဆာဗူသီး
(ကျပ် ၃,၀၀၀) တစ်ပွဲနဲ့ ချင်းကောက်ညှင်းထုပ်(ကျပ် ၂,၀၀၀)ကို မှာယူလိုက်ပါတယ်။

မှာပြီးနောက်မှာတော့ ၀န်ထမ်း အမျိုးသမီးလေးက အစားအစာတွေ စောင့်နေတဲ့အချိန်မှာ
အပေါ်ထပ်က ချင်းရိုးရာအထည်တွေကို တက်ကြည့်ဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် အပေါ်တက်ပြီး
စပ်စုဖြစ်သွားပါတယ်။

ချင်းတိုင်းရင်းသားဝတ်စုံကို အရောင်မှိန်မှိန်တွေ မြင်ဖူးခဲ့လို့ ဒီလိုဒီဇိုင်းနဲ့ ကာလာတွေပဲ ရှိမယ်လို့
ထင်နေခဲ့ပေမယ့် အပေါ်ထပ်ရောက်သွားချိန်မှာတော့ အရောင်တောက်တောက်တွေနဲ့ ကာလာစုံ
သုံးထားတဲ့ ရိုးရာအဆင်မျိုး ရှိသလို ချစ်စရာကောင်းတဲ့ အဆင်လေးတွေကိုလည်း
မြင်လိုက်ရတာကြောင့် ဘာကွာခြားတယ်ဆိုတာကို သိချင်စိတ်က အလိုလိုပါပဲ။

အပေါ်ထပ်မှာလည်း ၀န်ထမ်းနှစ်ယောက် ရှိပြီး တစ်ယောက်ကတော့ စက်ချုပ်စက်တစ်လုံးနဲ့
အလုပ်ရှုပ်နေပြီး နောက်တစ်ယောက်ကတော့ စာရေးသူကို မြင်တာနဲ့ စတင်ရှင်းပြဖို့
ဟန်ပြင်နေပါပြီ။

ကာလာတွေ ကွာခြားတဲ့အပေါ်မှာ မေးမြန်းကြည့်တော့ ချင်းလူမျိုးပေါင်း ၅၃ မျိုးရှိပြီး ၀တ်စုံတွေက
လူမျိုးနဲ့ ကွဲပြားသွားတာဖြစ်တယ်လို့ ရှင်းပြမှ နားလည်သွားပါတယ်။

သူတို့ဆိုင်မှာတော့ လူမျိုးအကုန်လုံးရဲ့ ၀တ်စုံတွေမရှိဘဲ လေးမျိုးခန့်သာ ရောင်းပေးနိုင်သေးတယ်
လို့ ဆိုပါတယ်။

တခြား ချင်းလက်ပတ်၊ ခါးပတ်၊ ဆွဲကြိုး စတာတွေလည်း ရောင်းချပေးပြီး ဈေးနှုန်းတွေအနေနဲ့
တစ်သောင်းကျော်ကစလို့ သိန်းကျော်တန်ထိ ရှိတယ်လို့ သိရပါတယ်။

စပ်စုကောင်းနေတဲ့ ၁၅ မိနစ်လောက်အတွင်းမှာပဲ မှာထားတာတွေ ရပြီဆိုတာကြောင့်
မြည်းစမ်းကြည့်ဖို့ အောက်ဆင်းလာခဲ့ပါတယ်။

နေ့လယ်စာနောက်ကျချိန်မှာ ပူပူနွေးနွေး ဟင်းပွဲတွေကို မြင်လိုက်ရတာမို့ ဗိုက်က ပိုပြီးတော့
ဆာလောင်လာပါတယ်။

ဒါပေမဲ့လည်း ဆန်ပြုတ်မကြိုက်တဲ့ ကျွန်မ အတွက် ဆန်ပြုတ်နဲ့ သဏ္ဌာန်တူနေတဲ့ ဆာဗူသီးက
အရမ်းတော့ မဆွဲဆောင်နိုင်ခဲ့ပါဘူး။

ဆာဗူသီးက ပြောင်းဆန်နဲ့ အမဲသားကို နူးအိနေအောင် ရောပြုတ်ထားတာဖြစ်ပြီး
ချင်းငရုတ်သီးထောင်း၊ သံပရာသီး၊ ပဲငါးပိချက်နဲ့ အမဲသားမွကြော်တို့နဲ့ တွဲဖက်စားသောက်ရတဲ့
ပုံစံဖြစ်ပါတယ်။

ဒီအတိုင်း စားမယ်ဆိုရင် အရမ်းအီသွားမှာဖြစ်ပြီး ချင်း ငရုတ်သီးက အရမ်းစပ်တာကြောင့်
အစပ်ကိုလည်း စားနိုင်သလောက် ထည့်စားတာ ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။

ပထမဆုံးစားလိုက်တဲ့ တစ်ဇွန်းမှာ သတိထားမိတာက အဆီများတာပါပဲ။

အမဲသားကလည်း အရမ်းကို နူးညံ့နေပြီး ပြောင်းဆန်တွေကလည်း နူးညံ့နေပါတယ်။

အမဲသားကြော်ကလည်း အရသာရှိပြီး အားရှိမယ့် အစားအစာလို့ ပြောလို့ရပါတယ်။

ဆာဗူသီး ကို ချင်းလူမျိုးတွေက တစ်နေကုန် ကြိုက်တဲ့အချိန်မှာ သုံးဆောင်လေ့ရှိကြပြီး
သူတို့ လူမျိုးရဲ့ အကြိုက်ဆုံး အစားအစာဖြစ်တယ်လို့ သိရပါတယ်။

အမဲသားနဲ့ ၀က်သား ရွေးချယ်စရာရှိပြီး ကြိုက်ရာကို သုံးဆောင်နိုင်ပါတယ်။

စာရေးသူအနေနဲ့ကတော့ အရမ်း မကြိုက်မိပါဘူး။ အရသာက သူ့ဟာနဲ့သူ ပြောစရာမရှိပေမယ့်
အရမ်းပျစ်လွန်းပြီး အီတယ်လို့ ခံစားရတာကြောင့်ပါပဲ။

ဟင်းပွဲရဲ့ သုံးပုံ၊ တစ်ပုံနဲ့တင် ဗိုက်ကို တင်းသွားတာကြောင့်လည်း ပါမှာပါ။

ချင်းကောက်ညှင်းထုပ်ကတော့ ငှက်ပျောသီးနဲ့လည်း ရနိုင်သလို့ ၀က်သားနဲ့လည်း ရနိုင်ပြီး
စာရေးသူကတော့ ၀က်သားနဲ့ မှာလိုက်တာ ဖြစ်ပါတယ်။

ကောက်ညှင်းထုပ်ကို အုန်းသီး တို့၊ နှမ်းထောင်း တို့နဲ့သာ စားဖူးပေမယ့် သူတို့ဆိုင်မှာတော့
ငရုတ်သီးစိမ်း ပါးပါးလှီးထားတာနဲ့ တွဲဖက်စားသုံးရမှာ ဖြစ်ပါတယ်။

ကောက်ညှင်းထုပ်ရဲ့ အတွင်းထဲမှာ ၀က်သားကို အချပ်လေးတွေဖြစ်အောင် လှီးထည့်ထားတာ
ဖြစ်ပြီး ငရုတ်သီးစိမ်းကို အပေါ်မှာ လှီးပြီး တင်ပေးထားတာဖြစ်လို့ မကြိုက်ရင်လည်း ဖယ်ပြီး
သုံးဆောင်နိုင်မှာပါ။

၀က်သား ပါတယ်ဆိုပေမယ့် ဆီမပါဘဲ နူးညံ့နေတာမျိုးပါပဲ။

နှမ်းထောင်းကတော့ ချင်းပြည်ကလာတဲ့ နှမ်းကိုသာ ထောင်းထားတာဖြစ်တယ်လို့ ဆိုင်ဝန်ထမ်းရဲ့
ရှင်းပြချက်အရ သိရပြီး အရသာကတော့ ကောက်ညှင်းဆိုတော့ စေးနေပြီး ဆိမ့်တဲ့ အရသာက
ပိုပါတယ်။

စားနေရင်း သတိထားမိတာက ဆိုင်ရဲ့ အပြင်အဆင်လေးက မိန်းမဆန်တဲ့ အရောင်လေးတွေ
ဖြစ်တဲ့ ခရမ်းပြာရောင်ကို နံရံကာလာအဖြစ် သုံးထားပြီး စားပွဲတွေ အကုန်လုံးကတော့
အဖြူရောင်လေးတွေ အသုံးပြုထားတာဖြစ်ပါတယ်။

အသင့်သောက် အအေးတွေနဲ့ ရာသီပေါ် အသီးဖျော်ရည်များလည်း မှာယူရရှိနိုင်ပြီး
တခြားဟင်းလျာတွေ အကုန်လုံးကလည်း ချင်းရိုးရာပုံစံနဲ့ ပြင်ဆင်ထားတဲ့ ဟင်းပွဲများသာ
ရနိုင်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ရှမ်းနဲ့ ရခိုင်လိုမျိုး တိုင်းရင်းသား အစားအစာဆိုင်တွေကို နေရာအနှံ့မှာ မြင်တွေ့ရမှာ
ဆိုပေမယ့် အခုလို ချင်းအစားအစာ သီးသန့်အရောင်းဆိုင်မျိုးကတော့ ရှားပါတယ်။

ချင်းအစားအစာတွေ စားကြည့်ချင်တယ်၊ ချင်းတွေရဲ့ ရိုးရာအထည်တွေကို စိတ်ဝင်စားတယ်
ဆိုရင်တော့ "The Rih Lake" ဆိုင်လေးဆီသွားဖို့ စာဖတ်သူတွေကို လမ်းညွှန်ပေးချင်ပါတယ်။

 
[