ခရမ်းသီးနှင့် မိဆောဆော့စ်ကြော်

ခရမ်းသီးနှင့် မိဆောဆော့စ်ကြော်

ဂျပန်ဟင်းလေးတွေကို ဆက်တိုက်ရေးမိတော့ တချို့က လိုက်ချက်ကြည့်ချင်ပေမယ့် လိုတာတွေ
၀ယ်ရမှာ၊ ဈေးဖိုးတွေ တက်လာမှာကို စိုးရိမ်ကြပါတယ်။

တကယ်တော့ အဲဒီလောက်ကြီး ဈေးမကြီးပါဘူး။ သူ့ဟင်းချက်ပစ္စည်းတွေက ဟင်းတိုင်းလိုလိုမှာ
ပင်တိုင်မို့ တစ်ခါ၀ယ်ထားရင် အများကြီး ချက်စားလို့ရသလို အကြာကြီးလည်း သုံးရပါတယ်။

ဖြိုး သုံးလေ့ရှိတဲ့ ဂျပန်ဟင်းချက်ပစ္စည်း စာရင်းလေးကို မျှဝေပေးလိုက်ပါတယ်။ ဆောင်ထားရင်
အများကြီးချက်စားလို့ရသလို အသုံးတည့်လှပါတယ်။ ဆိုင်မှာ သွားစာတာထက်လည်း
ဈေးသက်သာပါတယ်။

မိရင် (Mirin) ဆိုတာက ဆန်အရက်ချိုပါ။ အချိုအရသာအတွက်သုံးသလို ဂျပန်ပဲငံပြာရည်ရဲ့
အငန်အရသာကို ပျော့သွားစေပါတယ်။ သူတစ်ပုလင်းဆို သုံးပါလေ့ပဲ။

ဆန်ရှာလကာရည် (Japanese Rice vinegar) ကတော့ ဆူရှီလုပ်ရင် သုံးသလို တခြားဟင်းတွေ
မှာလည်း အချဉ်အရသာအတွက် သုံးပါတယ်။

Kikkoman soy sauce ကတော့ မပါမဖြစ်ပါပဲ။ သူ့ရဲ့အရသာက ပိုပြီး ဆိမ့်ပါတယ်။

ပဲငံပြာရည်က ကြော်ချက်ရာမှာပဲ သုံးလို့ရပေမယ့် ဒီပဲငံပြာရည်က တို့စားဖို့လည်း သုံးလို့ရပါတယ်။

နှမ်းလှော်ဆီကလည်း အရေးကြီးပါတယ်။ သကြားကိုလည်း ထည့်သုံးလေ့ရှိပါတယ်။
အချိုမှုန့်ထက်စာရင် သကြားကိုသုံးတာ ပိုကောင်းပါတယ်။ အန္တရာယ်ကင်းတာပေါ့။

နောက် မိဆော (miso) အနှစ်လိုမျိုး Soy bean paste (dashi type) ကို သုံးပါတယ်။
သူ့ကိုတော့ ကိုရီးယားကလာတဲ့ တံဆိပ်ကို သုံးလေ့ရှိပါတယ်။ ဘူးနဲ့ ဆိုတော့ ကြာကြာလေး
အထားခံလို့ပါ။ ဘူးကို ဖွင့်ပြီးရင် ရေခဲသေတ္တာထဲမှာ ထားလိုက်ရင် ပြီးပါပြီ။

ဒီပစ္စည်းတွေ ရှိလို့ကတော့ ကြိုက်တဲ့ ဂျပန်ဟင်းကို ကြိုက်တဲ့အချိန် ထချက်လို့ရအောင်ကို
ပြည့်စုံသွားပါပြီ။

ပါ၀င်ပစ္စည်း
(၄ ယောက်စာ)

  • ခရမ်းသီး (အရှည်/အလတ်) ၂ လုံး
  • ဂျပန်ပဲငန်ပြာရည် (Kikkoman soy sauce) လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
  • မိဆောအနှစ် (Soy bean paste (miso) dashi type) (ကိုရီးယားမှ လာပါတယ်)
    စားပွဲဇွန်း ၁ ဇွန်း
  • နှမ်းလှော်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၃ ဇွန်းခွဲ
  • Mirin စားပွဲဇွန်း ၁ ဇွန်းခွဲ
  • သကြားအညို စားပွဲဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ

ခရမ်းသီးများကို ရေဆေးပြီးရင် ထက်ခြမ်းခြမ်းပြီး တစ်စင်တီမီတာပတ်လည် အတုံးလေးတွေ
ဖြစ်အောင် လှီးပါ။

နောက် ဆားအနည်းငယ် ထည့်ပြီး နယ်ထားပါ။ လေသလပ်ပြီး ခရမ်းသီးများ မဲမသွားအောင်လို့ပါ။

ပြီးရင် မိဆောအနှစ်များကို ရေအနည်းငယ်နဲ့ ပန်းကန် တစ်ခုတည်းမှာ ပျစ်ပျစ်ကလေးဖြစ်အောင်
ဖျော်ထားပါ။

ပြီးပြီဆိုရင် ဒယ်အိုးထဲမှာ ဆီများကိုထည့်ပြီး ဆီပူအောင် မီးမပြင်းတပြင်းနဲ့ တည်ပါ။

ဆီကျက်ပြီဆိုရင် ခရမ်းသီးများကိုထည့်ကြော်ပါ။

၂ - ၃ မိနစ်လောက် ကြော်ပြီးရင် ကျန်ပါ၀င်ပစ္စည်းတွေကို တစ်ခုချင်းစီထည့်ကာ အားလုံး
သမသွားသည်အထိ ဖြည်းဖြည်းလေးမွှေပေးရင်း ခရမ်းသီးများ ကျက်တဲ့ အထိ ဆက်ကြော်ပါ။

အဖုံး မဖုံးပါနဲ့။

ခရမ်းသီးများ ကျက်ပြီဆိုရင် အပေ့ါအငန်အတွက် ဆားထည့်ကာ သုံးဆောင်နိုင်ပါပြီ။

အသားကြိုက်သူတွေအတွက် ၀က်သား၊ ကြက်သား ကြိတ်သားတွေနဲ့ ရောကြော်နိုင်ပါတယ်။

သူက ငန်သလိုလိုနဲ့ အချိုလေးလေး စားရတဲ့အရသာမျိုးပါ။ အကင်တွေနဲ့ လိုက်ဖက်ပါတယ်။


ဂျပန်စတိုင် အာလူးထောင်းနှမ်းကပ်
ပါ၀င်ပစ္စည်း
(၄ ယောက်စာ)

  • အာလူး ၄၀၀ - ၅၀၀ ဂရမ်နီးပါး
  • ဂျပန်ပဲငံပြာရည် (Kikkoman soy sauce) လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Mirin စားပွဲဇွန်း ၂ ဇွန်း
  • ဂျပန်ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းလှော်ဆီစားပွဲဇွန်း ၁ ဇွန်း
  • နှမ်းနက် (လှော်ပြီးသား) စားပွဲဇွန်း ၄ ဇွန်း

ပြင်ဆင်ပုံ

အာလူးများကို ရေစင်အောင် ဆေးပြီး အခွံမခွာဘဲ ပြုတ်ပါ။

အာလူးများ ကျက်မှ အအေးခံပြီး အခွံခွာပါ။

နောက်အိုးတစ်လုံး တည်းမှာ အာလူးတွေကို ထည့်ချေပါ။

ပြီးရင် နှမ်းနက်မှလွဲပြီး ကျန်ပစ္စည်းများကို ထည့်ကာ သမအောင်မွှေပါ။

အပေါ့အငန် အတွက် ဆားကို ထည့်ပါ။

နောက် ငရုတ်ကောင်း အနက်မှုန့် အနည်းငယ်ကို ထည့်ပြီး သမအောင်မွှေပါ။

ပြီးရင် မိမိစိတ်ကြိုက် ပုံဖော်နိုင်သလို အလုံးလေးများဖြစ်ဖြစ် လုံးနိုင်ပါတယ်။

ပန်းကန်ပြားတစ်ခုတည်းမှာ နှမ်းနက်လှော်များကို ဖြန့်ထည့်ပြီး နှမ်းနက်များနဲ့ အာလူးထောင်းကို
လှိမ့်ပါ။

သူ့ကိုလည်း အသားကင်နဲ့ တွဲစားရင် ပိုကောင်းပါတယ်။

 
[